မြန်မာ့အရေးအတွက် အာဆီယံဝန်ကြီးတွေ ထိုင်းမှာ‌ တွေ့ဆုံးဆွေးနွေးမယ်

Author CJ Platform
Categories
Published on Dec 06, 2024

လေးနှစ်နီးပါး ကြာမြင့်လာပြီဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကို ဖြေလျှော့နိုင်မဲ့ နည်းလမ်းတွေကို ရှာဖွေနိုင်ဖို့အတွက် အာဆီယံနိုင်ငံရဲ့ ဝန်ကြီးတွေဟာ အခုလနှောင်းပိုင်းမှာပဲ ထိုင်းနိုင်ငံမှာ တွေ့ဆုံဆွေးနွေး သွားမှာဖြစ်တယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူရဲ့ ပြောဆိုချက်ကို ကိုးကားပြီး နိုင်ငံတကာ သတင်းဌာနတွေက ဖော်ပြပါတယ်။

 

အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ရဲ့ လက်ရှိဥက္ကဋ္ဌဖြစ်တဲ့ လာအိုနိုင်ငံဟာ လာမယ့် ဒီဇင်ဘာ ၂၀ ရက်နေ့မှာ ထိုင်းနိုင်ငံမှာ ကျင်းပမဲ့ မြန်မာ့အရေးအတွက် အစည်းအဝေးကို တက်ရောက်ဖို့ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေကို ဖိတ်ကြားခဲ့တယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ရွိုင်ဆိုမီရတ် (Roy Soemirat) က ပြောပါတယ်။

 

အစည်းအဝေးမစခင်မှာ အာဆီယံထဲက အင်ဒိုနီးရှား၊ လာအိုနဲ့ မလေးရှားတို့ပါဝင်တဲ့ သုံးနိုင်ငံအဖွဲ့ဟာ အလွတ်သဘော အရင်တွေ့ဆုံကြမှာဖြစ်ပြီး “ဘုံသဘောတူညီချက်ငါးချက်” ထဲက ကတိကဝတ်တွေ အကောင်အထည်ဖော်မှုအပါအဝင် မြန်မာနိုင်ငံရဲ့ နောက်ဆုံး ဖြစ်ပေါ်တိုးတက်မှု အခြေအနေတွေကို အကဲဖြတ်ပြီး အဖြေရှာဖို့ နည်းလမ်းတွေကို ရှာဖွေသွားမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

 

သုံးနိုင်ငံအဖွဲ့ဟာ မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် အာဆီယံနိုင်ငံတွေထဲက အာဆီယံရဲ့ ဥက္ကဋ္ဌအဖြ စ်တာဝန်ယူခဲ့တဲ့ နိုင်ငံ၊ တာဝန်ယူဆဲ နိုင်ငံနဲ့ တာဝန်ယူမဲ့ နိုင်ငံ စတဲ့ သုံးနိုင်ငံကို စုစည်းပြီး အလွတ်သဘော ဖွဲ့စည်းထားတဲ့  အစုအဖွဲ့တစ်ခုဖြစ်ပါတယ်။

“မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး သုံးနိုင်ငံအဖွဲ့ဝင် အချင်းချင်း တွေ့ဆုံကြမယ်။ ပြီးတဲ့နောက်မှာတော့ အခြားအာဆီယံအဖွဲ့ဝင်တွေနဲ့ အတူ ဆွေးနွေးသွားမှာပါ” လို့ ရွိုင်က  ထိုင်းမှာ မကြာခင် ပြုလုပ်မယ့် ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး သတင်းထောက်တွေကို မှတ်ချက်ပေး ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။

 

ဒါပေမဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ဆူဂျီအိုနို (Sugiono) ဟာ အင်ဒိုနီးရှားကို ကိုယ်စားပြု တက်ရောက်ဖို့ အတည်အပြုနိုင်သေးဘဲ အချိန်ဇယား အဆင်ပြေခဲ့ရင်တော့ ထိုင်းနိုင်ငံကို သွားရောက်မှာ ဖြစ်တယ်လို့လည်း ရွိုင်က ဆိုပါတယ်။

 

“ဒါပေမဲ့ (နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးကို မတက်ရောက်နိုင်ခဲ့ရင်လည်း)  မြန်မာနိုင်ငံအပေါ် အင်ဒိုနီးရှားရဲ့ ရပ်တည်ချက်က မပြောင်းလဲပါဘူး။ မြန်မာနိုင်ငံကို ပုံမှန်အတိုင်း ပြန်ဖြစ်အောင် ကူညီပေးချင်ပါတယ်” လို့လည်း ရွိုင်က ဖြည့်စွက်ပြောပါတယ်။

လက်ရှိမှာတော့ အစည်းအဝေးနဲ့ ပတ်သက်ပြီး အသေးစိတ်အစီအစဉ်တွေ မသိရှိရသေးဘူးလို့ ရွိုင်က အခိုင်အမာပြောဆိုပါတယ်။ အာဆီယံဝန်ကြီးများအစည်းအဝေးမှာ လာမယ့် ၂၀၂၅ ခုနှစ်မှာ စစ်အစိုးအရက ကျင်းပမဲ့ ရွေးကောက်ပွဲ အစီအစဉ်တွေကို တိုးမြှင့်လုပ်ဆောင်ဖို့ ဆွေးနွေးနိုင်သလို မဲဆန္ဒရှင်စာရင်း ပြုစုတဲ့ နေရာမှာ အသုံးပြုဖို့အတွက် စစ်ကောင်စီက ကောက်ယူနေတဲ့ သန်းခေါင်စာရင်းအပေါ် ထိုင်းနိုင်ငံရဲ့ အားပေးထောက်ခံမှုကိုလည်း ဆွေးနွေးနိုင်တယ်လို့လည်း သိရပါတယ်။

 

“ထိုင်းအစည်းအဝေးမှာ ဘာတွေ ဆွေးနွေးမယ်ဆိုတာတော့ မသိရသေးပါဘူး။ ဒါပေမဲ့ သူတို့တွေ (ရွေးကောက်ပွဲကို) ထည့်သွင်းစဉ်းစားခဲ့ရင်လည်း ကျွန်တော် အံ့ဩမှာ မဟုတ်ပါဘူး”လို့ ရွိုင်က ဆိုပါတယ်။

 

အာဆီယံဟာ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး နှစ်လကျော်အကြာမှာပဲ မြန်မာ့အရေးကို ဖြေရှင်းဖို့အတွက် “ဘုံသဘောတူညီချက်ငါးချက်” ကို ချမှတ်အတည်ပြုနိုင်ခဲ့ပေမဲ့ စစ်ကောင်စီဘက်က လိုက်နာမှု အားနည်နေသလို အာဆီယံအဖွဲ့အနေနဲ့လည်း လေးနှစ်နီးပါးကာလ ကြာမြင့်ခဲ့ပေမဲ့ မြန်မာ့အရေးကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ ရုန်းကန် ကြိုးပမ်းနေရဆဲလည်း ဖြစ်ပါတယ်။

 

ဓာတ်ပုံ- Antara Photo/ /Aditya Pradana Putra

 

ပုံစာ- ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ၅ ရက်နေ့ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ  ကျင်းပခဲ့တဲ့ အာဆီယံဝန်ကြီးများ အစည်းအဝေးမှာ မြန်မာနိုင်ငံကိုယ်စားလှယ်ရဲ့ နေရာလစ်လပ်နေတာကို တွေ့မြင်ရစဉ်

 

ကိုးကား- Jakarta Globe

 

Related News

Depend on news