မမှန်မကန်လုပ်တဲ့ ဂိတ်တွေနဲ့ ကြားပွဲစားတွေကြောင့် မူဆယ်မှာ ခရီးသွားတွေနဲ့ ယာဉ်မောင်းတွေ အခက်အခဲဖြစ်

Author လဂွန်းအိမ်
Categories
Published on Dec 06, 2024

ရှမ်းပြည်မြောက်ပိုင်းနဲ့ တောင်ပိုင်းကို ဆက်သွယ်ထားတဲ့ မူဆယ်-တောင်ကြီးလမ်းမှာ မမှန်မကန်လုပ်ဆောင်နေတဲ့ ကားဂိတ်တချို့နဲ့ ကြားပွဲစားတွေကြောင့် ခရီးသွားတွေနဲ့ မော်တော်ယာဉ်ပြေးဆွဲနေတဲ့ ယာဉ်မောင်းတွေ ဒီကနေ့အထိ အခက်ကြုံနေရဆဲဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။

 

အဲဒီက ကြားခံပွဲစားတွေနဲ့ မော်တော်ယာဉ်ဂိတ်တချို့ဟာ ခရီးသွားတွေဆီကနေ ယာဉ်စီးခ အပြည့်အဝကောက်ခံပေမဲ့ ကားပြေးဆွဲနေတဲ့ ယာဉ်မောင်းတွေကို ထက်ဝက်နီးပါးသာ ပေးတာကြောင့် ခရီးသွားတွေ ကျပ်ကျပ်တည်းတည်း စီးနင်းရတဲ့အပြင် ယာဉ်မောင်းတွေမှာလည်း လမ်းစရိတ် မကာမိတာတွေ ဖြစ်နေရပါတယ်။

 

“ခေါင်းပုံဖြတ်ထားပြီးတော့မှ ကားဆရာတွေကို နင်းတာပေါ့နော်။ မူဆယ်မှာ အဲဒီလိုမျိုးသူတွေက အများကြီးဖြစ်နေတယ်။ တော်တော်လေးကိုမှ များတာ” လို့ မူဆယ်မြို့က ဂိတ်မှူးတစ်ဦးက CJ Platform ကို ပြောပါတယ်။

မိုင် တစ်ရာကျော်ကွာဝေးတဲ့ အဲဒီကားလမ်းပေါ်မှာ မောင်းနှင်ပြေးဆွဲနေတဲ့ ကားတွေဟာ အိမ်စီးကားအမျိုးအစားတွေဖြစ်ပြီး မူဆယ်-တောင်ကြီး ခရီးစဉ်အတွက် လူတစ်ဦးကို သုံးသိန်းခွဲကျပ် ဈေးရှိတယ်လို့ စုံစမ်းသိရှိရပါတယ်။

 

အဲဒီခရီးစဉ်အတွက် မမှန်မကန်လုပ်ကြတဲ့ ဂိတ်တွေနဲ့ ပွဲစားတွေဟာ ကားလိုင်းပြေးဆွဲသူတွေကို နှစ်သိန်းကျပ်သာ ပေးပြီး တင်ဆောင် စေတာကြောင့် ဆီဖိုး၊ စစ်ဆေးရေးဂိတ် စတဲ့ ကုန်ကျစရိတ် ကာမိအောင်နဲ့ အမြတ်ငွေရရှိဖို့အတွက် ထိုင်ခုံတွေခေါက်ကာ လူနှစ်ဆ တင်ဆောင် မောင်းနှင်နေကြတာ ဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

 

“မူဆယ်ကနေ ရန်ကုန်ကို ခုနစ်သိန်းရှစ်သောင်းနဲ့ ရောင်းတယ်။ ဒါ ပုံမှန်စျေးမှမဟုတ်တာ။ နားမလည်တဲ့ ခရီးသည်ကို မဟားတရားစျေးတောင်းထားတာ။ ကားဆရာကိုကျတော့ ထက်ဝက်စျေးနဲ့ ရှင်းပေးလိုက်တယ်။ ခရီးသည်ကတော့ ပြဿနာဖြစ်မှာစိုးလို့ မတိုင်တော့ဘူးပြောတယ်။ မူဆယ်ကနေ ရန်ကုန်ကို အချိန်အတိုဆုံးနဲ့ စျေးအသက်သာဆုံး ပို့လို့ရတာကို ရက်တွေအကြာကြီးလုပ်တယ်။ ကားခကိုလည်း မတန်တဆတောင်းတယ်”လို့ ခရီးစဉ်နဲ့ ပတ်သက်လို့ စျေးကွက်အတွင်းဖြစ်ပျက်နေတဲ့ အခြေအနေတွေကို ခရီးသွားလာရေး ဝန်ဆောင်မှုပေးနေသူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ဒါ့အပြင် ယာဉ်စီးခ ဈေးနှိမ်ပြီး ရှင်းပေးတဲ့အတွက် လူမပြည့်တဲ့အခါမှာ ခရီးသည်တွေကို ကားလိုင်းပြေးဆွဲသူ အချင်းချင်း ညှိနှိုင်းကာ ကားပြောင်းပေးနေတာတွေကြောင့် ခရီးသွားတွေမှာ ကားတွေပေါ် တက်လိုက်ဆင်းလိုက် ဖြစ်ရတဲ့အတွက် အဆင်မပြေတာတွေ ကြုံနေရတာပါ။

 

“မူဆယ်ကနေ တောင်ကြီးပြန်မဲ့ ကားဆို သူတို့က ဈေးနှိမ်ပြီးပေးတယ်။ တချို့သူတွေကလည်း ဝမ်းစာအတွက် မဖြစ်မနေ ပြန်ရမှာဆိုတော့ လက်ခံပြီးမှ တင်ကြတယ်”လို့ မော်တော်ယာဉ် ပြေးဆွဲသူတစ်ဦးက ပြောပါတယ်။

 

လူတစ်ဦးကို နှစ်သိန်းကျပ်နှုန်းနဲ့ တင်ဆောင်ရတဲ့အတွက် လမ်းမှာ မော်တော်ယာဉ် ချွတ်ယွင်းချက်ဖြစ်ပေါ်ပါက မော်တော်ယာဉ်ပြောင်းပေးဖို့ အခက်အခဲများစွာ ဖြစ်ရတယ်လို့ သူက ဆက်ပြောပါတယ်။

 

မူဆယ်-တောင်ကြီး ခရီးစဉ်မှာ အရင်က တစ်ရက်ခရီးစဉ်ဖြစ်ပေမဲ့ အခုအခါ ရှမ်းပြည်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ စစ်ရေးပဋိပက္ခတွေကြောင့် တစ်ရက်တည်း မရောက်တဲ့အပြင် ငွေကြေးမတတ်နိုင်တဲ့ ခရီးသွားတွေကိုလည်း မော်တော်ယာဉ်ပြေးဆွဲသူတွေက ရသလောက်နဲ့ တင်ဆောင် ကူညီပေးနေတယ်လို့ စုံစမ်းသိရှိရပါတယ်။

“မထသရုံးဆိုတာရှိတယ်။ အခုလို လူတစ်ဦး ယာဉ်စီးခနှုန်း သတ်မှတ်ထားတာမရှိသလို ဖြစ်ပျက်နေတာကိုလည်း ကိုင်တွယ်ဖြေရှင်းပေးတာမျိုးမရှိဘူး”လို့ ခရီးသွားလာရေးအတွက် ဝန်ဆောင်မှုပေးနေသူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

မူဆယ်-တောင်ကြီး ကားဂိတ်ရှိ တချို့ဂိတ်တွေကတော့ ငွေကြေးအပြည့်ပေးနိုင်သူ၊ ငွေကြေးအဆင်မပြေသူဆိုပြီး မော်တော်ယာဉ်ပြေးဆွဲသူတွေကို ပွင့်ပွင့်လင်းလင်းပြောကာ အပ်ပေးတဲ့အတွက် အဆင်ပြေပြေ သွားလာနိုင်သူတွေရှိတယ်လို့လည်း ဆိုပါတယ်။

 

လက်ရှိ မူဆယ်-တောင်ကြီး ယာဉ်စီးခတွေဟာ ကြိုက်ရောင်းကြိုက်ဝယ် ပုံစံမျိုးဖြစ်နေပြီး လုံခြုံရေးအပြင် မော်တော်ယာဉ်ပြေးဆွဲသူ ယာဉ်မောင်းတွေနဲ့ ခရီးသွားတွေအတွက် စိစစ်ကြပ်မတ်ပေးနိုင်ဖို့ ဒေသခံတွေနဲ့ ယာဉ်မောင်းတွေက မျှော်လင့်နေကြပါတယ်။

 

ဓာတ်ပုံ – Ko Thar Nge အမြန်ယာဉ်ငယ်အသင်း (လူမှုကွန်ရက်)

 

ပုံစာ – မူဆယ်မှ ပြေးဆွဲနေတဲ့ ယာဉ်တွေကိုတွေ့ရစဉ်

 

Related News

Depend on news