“လာဘ်တစ်ပါးလည်း မရှိတော့ပါ”
ဒီတစ်ပတ်အတွက် CJ Platform ရဲ့ “တီးတိုးသံ” ကဏ္ဍမှာ စစ်ကိုင်းက အမျိုးသမီးတွေရဲ့ စစ်ရှောင်ရင်း ကြုံတွေ့နေရတဲ့ အခက်အခဲ၊ ကျန်းမာရေးနဲ့ လမ်းခရီးခက်ခဲမှု၊ ငွေကြေး မပြည့်စုံမှုဆိုင်ရာ အသံတွေကို ဖော်ထုတ်ထားပါတယ်။ သူတို့ ဘယ်လိုအခက်အခဲ အကျပ်အတည်းတွေ ရင်ဆိုင်နေရပါသလဲ။ ဘယ်လို မျှော်လင့်ချက်တွေ ရှိနေပါသလဲ။ စစ်ရှောင်ရင်း ဘယ်လို ရုန်းကန်နေရပါသလဲ။
****************************************
“ဆေးမြီးတိုလေး ကောင်းနိုးရာရာ သောက်နေတာပဲ။ ဆေးရွက်တွေ၊ ဆေးခေါက်တွေလည်း စုံနေပါပြီ”
စစ်ကိုင်းမြို့နယ် အသက် ၅၀ ခန့် စစ်ရှောင်အမျိုးသမီးတစ်ဦး
“ကျွန်မက ဆီးချို၊ သွေးချိုသမား ဆိုတော့ ဆေးကလည်း မပြတ်ဘူး ၀ယ်နေရ၊ သောက်နေရတာ။ ဒီဘက်မှာ နယ်မြေအခြေနေအရ မြို့ကို သွားရလာရခက်တာတွေနဲ့ လူကြုံရယ်လို့ မရှိဘူး။ တစ်ခါတလေ မြို့ကြုံလို့ မှာရင် ဆိုင်တွေမှာ ဆေးပြတ်လို့မရတာနဲ့ ဒီဘက်မှာက ဆေးဆရာတွေဆီမှာ ၀ယ်ဖို့လည်း သူတို့လည်းမြို့က ဆိုင်တွေမှာ ဆေးပြတ်ရင် မရနိုင်ဘူး။ အခုကတော့ ဆေး၀ယ်လို့ရရင် ဆေးသောက်၊ မရရင် ဆေးမြီးတိုလေးကောင်းနိုးရာရာ သောက်နေတာပဲ ဆေးရွက်တွေ ဆေးခေါက်တွေလည်း စုံနေပါပြီ”
****************************************
“ရင်သားအကြိတ် ဖြစ်တာတို့၊ သားအိမ်နဲ့ ဆိုင်တာတွေ ဖြစ်နေတာတွေလည်း ရှိနေတယ်”
ဆားလင်းကြီးမြို့နယ်က အသက် ၃၃ နှစ်အရွယ် စစ်ရှောင်အမျိုးသမီး
“အမျိုးသမီးတွေအတွက် အခက်ခဲကတော့ လက်ရှိ ကိုယ်၀န်ဆောင်သည် ရှိမယ်။ ကလေး လတ်တလော မီးဖွားထားတာတွေ အတွက်ကတော့ အခက်ခဲတွေ ရှိပါတယ်။ ဆေးဝါးကုသမှုကတော့ ထိထိရောက်ရောက် မကုသဖြစ်ဘူးပေါ့။ ငွေကြေးပိုင်းဆိုင်ရာ တစ်ကြောင်းအပြင် သွားရလာရတာတွေလည်း ခက်ခဲတာကြောင့်ပေါ့နော်။ ရင်သားအကြိတ် ဖြစ်တာတို့၊ သားအိမ်နဲ့ ဆိုင်တာတွေ ဖြစ်နေတာတွေလည်း ရှိနေတယ်။ ကြီးကြီးမားမား ခွဲစိတ်ရတာ၊ လုပ်တာနဲ့ မလုပ်ရတာပဲ ကွာတယ်။ မီးယပ်နဲ့ ဆိုင်တာ ဖြစ်တာတွေလည်းရှိတယ်။ သွားပြရတဲ့ ဆေးခန်းကလည်း ဆိုင်ကယ်နဲ့ဆို နာရီ၀က်လောက်သွားရတယ်။ ပြောရရင် စစ်ရှောင်စခန်းလည်းဖြစ် သွားရတာလည်း လှမ်းတဲ့အတွက်ကြောင့် ဆေးမြီးတိုနဲ့ ပြီးသွားရတာတွေ ရှိတယ်။ ကလေးဆိုလည်း ကလေး၊ သွေးဆုံးကိုင်တဲ့ အမျိုးသမီးကြီးတွေဆိုလည်း သူများက ဒီဆေးကောင်းတယ်ဆို ဒီဆေး၊ အဲဒီလို ဆေးမြီးတိုနဲ့ ကုနေတာလည်း ရှိတယ်။ ဆေး၀ါး လုံလုံလောက်လောက်နဲ့ ကုသမှုတွေ မရှိဘူး”
****************************************
“ဖြစ်ချင်ရာဖြစ် မကုဘဲ နေလိုက်ချင်တယ်”
ရွှေဘိုမြို့နယ်က အသက် ၄၅ ခန့် စစ်ရှောင်အမျိုးသမီးတစ်ဦး
“ဒီလိုနိုင်ငံရေးတွေ မဖြစ်ခင်က သားအိမ်ကင်ဆာ တစ်ခါဖြစ်ဖူးတယ်။ အဲဒီတုန်းကတော့ ခွဲစိတ်တာရော ဆေးသွင်းတာ အပြီးစီးကို သိန်း ၂၀ ကျော် လောက်ကုန်တယ်။ တော်တော်ကြာပါပြီ။ လေးငါးနှစ်လောက်တော့ ရှိမယ်ထင်တယ်။ အခုလို စစ်ရှောင်နေကြရပြီး ပြီးခဲ့တဲ့ တန်ခူးလထဲက ဗိုက်အောင့်လို့ ဓာတ်မှန်ရိုက်တော့ သားအိမ်မှာ အကြိတ်ထပ်တွေ့တယ်။ မန္တလေးက ဆေးခန်းမှာပဲ ကုရတာ။ ကိုယ့်မှာ ကံဆိုးမသွားလေရာ မိုးလိုက်လို့ရွာပဲ။ စစ်ကြောင့် ပြေးနေရတဲ့ကြား အခုလိုဝေဒနာဖြစ်တော့ တခါတလေကြလည်း ဖြစ်ချင်ရာဖြစ် မကုဘဲနေလိုက်ချင်တယ်။ လက်ရှိလည်း ပြီးခဲ့တဲ့ နှစ်လလောက်ကမှ အကြိတ်ထပ်ပေါ်တယ်။ အရင်က ကုတာတွေကလည်း ကိုယ့်မှာရှိလို့မဟုတ်ဘူး။ ဆွေမျိုး၊ မိတ်ဆွေတွေဆီက ချေးငှားပြီး အသက်ဆက်ရေး လုပ်ရတာ။ ဒီတစ်ခေါက်ဖြစ်တာတော့ မကုနိုင်တော့ဘူး။ ခွဲစိတ်ထားတာကလည်း မကြာသေးဘူး။ ထပ်ခွဲရမှာကြောက်လို့၊ ဆေးတစ်ခါတစ်ခါ သွင်းရရင်လည်း တစ်သိန်းကျော်ပြီလေ မတတ်နိုင်တော့ဘူး”