ပုလဲမြို့နယ်မှာ စစ်ကောင်စီက လေကြောင်းနဲ့ တိုက်ခိုက်လို့  ဒေသခံ လေးယောက် သေဆုံ

Author မင်းထက်
Categories
Published on Nov 06, 2024

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ အိုင်းမရွာကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၅ ရက်နေ့မှာ တိုက်ပွဲမရှိဘဲ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားလေးယောက် သေဆုံးခဲ့ပြီး ကလေးတစ်ယောက် အပါအ၀င် ဒေသခံခြောက်ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။

 

နိုဝင်ဘာလ ၅ ရက်နေ့ မွန်းလွဲ ၃ နာရီ ၁၅ မိနစ်ခန့်မှာ အိုင်းမကျေးရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ​လူသေဆုံးမှုတွေနဲ့ နေအိမ်ဆုံးရှုံးမှုတွေ ရှိခဲ့တယ်လို့  ပုလဲမြို့နယ် လူသားစာနာတာ၀န်ခံက CJ Platform ကို ပြောပါတယ်။

 

“ကနဦးကတော့ တခါတည်းဆုံးတာက နှစ်ယောက်ပေါ့နော်။ ပြီးတော့ ဆေးရုံမှာရောက်တော့ တစ်ယောက် ထပ်ဆုံးသွားတာ၊ သုံးယောက် ဖြစ်သွားတာပေါ့” လို့ ပြောပါတယ်။

 

စစ်ကောင်ပစ်ခတ်မှုကြောင့် တစ်နှစ်ခွဲအရွယ် ကလေးတစ်ယောက်အပါအ၀င်  ခြောက်ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

 

စစ်ကောင်စီ ဗုံးကြဲပစ်ခတ်သံတွေကြောင့် နာမကျန်းဖြစ်နေသော အဘွားတစ်ယောက်လည်း သေဆုံးခဲ့တယ်လို့ တာ၀န်ခံက ဆက်ပြောပါတယ်။

 

နို၀င်ဘာလ ၅ က စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုမှာ အသက် ၇၀ ဝန်းကျင် နှစ်ယောက်၊ အသက် ၂၅ ဝန်းကျင်တစ်ယောက်နဲ့ အသက် ၄၀  ဝန်းကျင်ရှိ ဒေသခံတွေ သေဆုံးခဲ့ရပါတယ်။

 

“ရွာထဲကို ဘာလှုပ်ရှားမှုမှ မရှိဘူး။ PDF တည်းခိုတာလည်း မရှိဘဲ အရပ်သားပြည်သူတွေအပေါ် ချသွားတဲ့ အနေအထားပါဗျ”လို့ ပုလဲမြို့နယ် လူသားစာနာတာ၀န်ခံက ပြောပါတယ်။

 

ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးခဲ့ရုံသာမက အရပ်သားတွေရဲ့ နေအိမ် ခြောက်လုံးလည်း ပျက်စီး ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

 

နိုဝင်ဘာလ ၄ ရက်နေ့ကလည်း ပုလဲမြို့ပေါ်ရှိ စစ်ကောင်စီ တပ်သားတွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အလယ်ဘုံကျေးရွာ ဘုန်းကြီးကျောင်းဝင်း အတွင်းကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့လို့ အသက် ၄၀ အရွယ် အမျိုးသား တစ်ယောက် သေဆုံးပြီး ဘုန်းကြီးကျောင်းလည်း ထိခိုက်ပျက်စီးခဲ့ရပါတယ်။

 

ဓာတ်ပုံ – ပုလဲမြို့နယ် ပအဖ

 

ပုံစာ – ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် အပျက်အစီးတွေကို တွေ့ရစဉ်။