အမေရိကန်ရွေးကောက်ပွဲမှာ ထရမ့်ဦးဆောင်နေ

Author CJ Platform
Categories
Published on Nov 06, 2024

အမေရိကန်ရွေးကောက်ပွဲရဲ့ အကြိုမဲရေတွက်မှုတွေထဲ ရီပတ်ဘလီကန်ပါတီရဲ့ သမ္မတလောင်း ဒေါ်နယ်ထရမ့်က ဦးဆောင်နေတယ်လို့ မဲရေတွက်မှု အချက်အလက်တွေအရ သိရပါတယ်။

 

ဒီကနေ့ မနက် ၁၁ နာရီခွဲအထိ ထရမ့်ဟာ သမ္မတဖြစ်ဖို့ လိုအပ်တဲ့ မဲ ၂၇၀ မှာ ၂၃၀ မဲအထိ ရရှိထားပြီး ဟဲရစ်ကတော့ ၁၉၂ မဲပဲ ရရှိထားပါသေးတယ်။ ဒါပေမဲ့ အမေရိကန်ပြည်ထောင်စုက ပြည်နယ်တစ်ခုချင်းစီရဲ့ မဲအရေအတွက်သတ်မှတ်မှု မတူညီတာကြောင့် ထရမ့်နိုင်မယ်လို့ ကံသေကံမ ပြောလို့မရသေးပါဘူး။

 

လက်ရှိအချိန်ထိ ထရမ့်ဟာ ပြည်နယ် ၂၃ ခုမှာ အနိုင်ရရှိထားပြီး သူအနိုင်ရရှိထားတဲ့ ပြည်နယ်တွေထဲမှာ မဲ သတ်မှတ်မှု အများအပြားရထားတဲ့ တက္ကဆက် (၄၀) နဲ့ ဖလော်ရီဒါ (၃၀) တို့ ပါဝင်တာကလည်း အခုလိုမျိုး ဦးဆောင်သွားနိုင်တဲ့ အနေအထား ဖြစ်ပါတယ်။

 

ဟဲရစ်ကတော့ ပြည်နယ် ၁၄ ခုမှာ အနိုင်ရရှိထားပြီး အဲဒီပြည်နယ်တွေထဲ မဲအရေအတွက် ၅၄ ခုထိ သတ်မှတ်ပေးထားတဲ့ ကယ်လီဖိုးနီးယားပြည်နယ်လည်း ပါဝင်ပါတယ်။

 

သမ္မတလောင်းတွေ အကြိတ်အနယ်ယှဉ်ပြိုင်ရမယ့် ပြည်နယ်တွေဖြစ်တဲ့ အရီဇိုးနား၊ ဂျော်ဂျီယာ၊ မီချီဂန်၊ နီဗားဒါး၊ မြောက်ကယ်ရိုလိုင်းနား၊ ပန်ဆယ်ဗေးနီးယားနဲ့ ဝစ်စ်ကွန်ဆင် ပြည်နယ်တွေကတော့ မဲတွေရေတွက်နေဆဲဖြစ်ပြီး အဲဒီပြည်နယ်တွေမှာ အနိုင်ရရှိသူကတော့ သမ္မတဖြစ်ဖို့ အခွင့်အလမ်းပိုများပါတယ်။

 

ထရမ့်ဟာ မဲရေတွက်နေဆဲဖြစ်တဲ့ ပန်ဆယ်ဗေးနီးယားပြည်နယ်က ဖီလာဒဲလ်ဖီးယားမြို့နဲ့ မီချီဂန်ပြည်နယ်က ဒက်စ်ထရွိုက်မြို့တို့မှာ မဲလိမ်လည်မှုတွေရှိနေတယ်လို့ အထောက်အထား တစ်စုံတစ်ရာမပြဘဲ စွပ်စွဲပြောဆိုခဲ့ပါတယ်။

 

မဲဆန္ဒရှင် လေးပုံသုံးပုံလောက်ကတော့ လက်ရှိအချိန်ထိ ရရှိထားတဲ့ ရွေးကောက်ပွဲ အချက်အလက်တွေကို ကြည့်ပြီး ဒီမိုကရေစီဟာ ခြိမ်းခြောက်ခံနေရပြီလို့ မှတ်ချက်ပေးကြပါတယ်။

 

လက်ရှိအချိန်ထိ ရွေးကောက်ပွဲဟာ အကြိတ်အနယ်အနေအထားမျိုးမှာရှိနေဆဲဖြစ်ပြီး ဟဲရစ်အနိုင်ရခဲ့မယ်ဆိုရင် အမေရိကန်ပြည်ထောင်စုရဲ့ ပထမဦးဆုံး အမျိုးသမီး သမ္မတ၊ လူမည်းအမျိုးသမီးနဲ့ တောင်အာရှနွယ်ဖွား အမေရိကန်နိုင်ငံသား ဖြစ်လာမှာလည်း ဖြစ်ပါတယ်။

 

တကယ်လို့ ထရမ့်အနိုင်ရခဲ့ရင်တော့ နှစ်ကြိမ်တိုင်တိုင်စွပ်စွဲခံရပြီး ရုံးတင်စစ်ဆေးခံရတဲ့ တစ်ဦးတည်းသော သမ္မတ၊ ရာဇဝတ်မှုပြစ်ဒဏ်ကျခံရတဲ့ ပထမဦးဆုံး သမ္မတဟောင်းနဲ့ ရာစုနှစ်တစ်ခုအတွင်း မတူညီတဲ့ သက်တမ်းနှစ်ကြိမ်ထမ်းဆောင်ခွင့်ရတဲ့ ပထမဦးဆုံးသမ္မဆိုတဲ့ ဂုဏ်ပုဒ်တွေရရှိမှာလည်း ဖြစ်ပါတယ်။

 

“ကျွန်တော်တို့ အခြေအနေကောင်းနေပါတယ်။ မဲပေးဖို့ တန်းစီနေရင် တန်းကနေ မထွက်ကြပါနဲ့။ သူတို့က တန်းကနေ ထွက်သွားအောင် လုပ်တာကို မခံကြပါနဲ့။ မဲပေးကြပါ၊ တန်းထဲမှာ ဆက်နေကြပါ။ သူတို့က ဘာမှလုပ်လို့မရပါဘူး၊ မဲပေးကြပါ။ ကျွန်တော်တို့ အကြီးအကျယ် အောင်နိုင်မှာပါ။ ကျေးဇူးတင်ပါတယ်” လို့ ထရမ့်က ရီပတ်ဘလီကန်တွေကို သူ့ရဲ့ လူမှုကွန်ရက် X ကနေ တိုက်တွန်းပြောဆိုထားပါတယ်။

 

ဓာတ်ပုံ – AP News

 

ကိုးကား – AP, Reuters