“ပဲခူးရေဘေး ထရော်မာနဲ့ မြို့ခံတွေရဲ့ စိုးရိမ်ချက်”

Author ကိုထက်၊ Gold
Categories
Published on Oct 06, 2024

ပဲခူးမြစ်ဘေးက ပဲခူးတိုင်း၊ ပဲခူးမြို့မှာ နှစ်စဉ် ရေကြီးနစ်မြုပ်မှုတွေ ကြုံတွေ့နေပါတယ်။ ဒါပေမဲ့ ယမန်နှစ် အောက်တိုဘာ ပထမပတ်နဲ့ ဒုတိယပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ရေဘေးကတော့ နှစ် ၆၀ အတွင်းအဆိုးဆုံးဖြစ်ခဲ့ရပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့နှစ်တုန်းက ရေဘေးကြုံခဲ့ရတဲ့ ပဲခူးမြို့သူ/သားတွေရဲ့ စိတ်ခံစားချက်တွေနဲ့ ဒီလို ထပ်ကြုံလာမယ်ဆိုရင် ဘယ်လိုကြိုတင်ပြင်ဆင်ထားတာတွေရှိသလဲဆိုတာတွေနဲ့ပတ်သက်လို့ သူတို့ရဲ့ အသံတွေကို ဒီတစ်ပတ် CJ Platform ရဲ့ “ဒုက္ခအတိတွေ့နေသူတွေရဲ့ တီးတိုးသံ” ကဏ္ဍကနေ ထုတ်ဖော်ပေးလိုက်ပါတယ်။

****************************************

 

“မနှစ်ကလို မကြုံရအောင်တော့ ပြင်ဆင်ထားပါတယ်။”

 

ပဲခူးမြို့၊ ဇိုင်းတောင်ရပ်ကွက်က အမျိုးသမီးတစ်ဦး

 

ပဲခူးပါတယ်လို့ မကြားမိဘူးရှင့်။ မနှစ်ကလို မကြုံရအောင်တော့ ပြင်ဆင်ထားပါတယ်။ စိုးရိမ်စရာကတော့ စီးပွား‌ရေးပဲပေါ့ရှင်။ ပစ္စည်းတွေ ရွှေ့ထားရတာ၊ သိမ်းထားရတာမျိုးတော့ ပြင်ဆင်ထားတယ်။ ကလေးတွေရှိတော့ သောက်ရေသန့်၊ ဆန်၊ ဆီ၊ မီးသွေး၊ မုန့်၊ ကလေးဆေး ဗာဟီရ အကုန်ဆောင်ထားရတာပေါ့။ မနှစ်ကတော့ ဆုံးရှုံးမှု အများဆုံးပေါ့။ ရေခဲသေတ္တာ၊ မှန်တင်ခုံတွေ၊ TV စင်၊ ဖိနပ်စင် အိမ်ပေါ်ရှိသမျှပေါ့။ တစ်ခါမှ မတက်ဖူးတော့ လွတ်မယ်ပဲထင်တာ။ နောက်တော့ ရွှေ့နေရင်းက မမီတော့တာ။ ပြန်တောင်မဝယ်နိုင်ဘူး ခုထိ။ လူတွေ ဘာမှမဖြစ်ဘဲ အသက်ရှင်ခဲ့တာကိုပဲ ကျေးဇူးတင်နေရတာပါပဲ။

****************************************

“အဓိက က မိုးလေဝသ သတင်းတွေ နားထောင်ကြတာပေါ့။ ခဏခဏ ရေမြုပ်တော့လေ။”

 

ပဲခူး၊ အဝေးပြေးဟောင်းရပ်ကွက်နေ အမျိုးသမီးတစ်ဦး

ခုထိတော့ ရေကျနေတာဆိုပြီးတော့ အဆင်ပြေကြပါတယ်။ ရေမတက်ဘူးဆိုတဲ အသိနဲ့ဆိုတော့ စိုးရိမ်တာမျိုး မဖြစ်ကြဘူးပေါ့။ အဓိက က မိုးလေဝသ သတင်းတွေ နားထောင်ကြတာပေါ့။ ခဏခဏ ရေမြုပ်တော့လေ။ စိတ်တွေက အဆင်တွေ မပြေကြပါဘူး။ မိုးရာသီ အပြီးကုန်မှပဲ စိတ်ချနိုင်မှာပါ။ အခုက ဒီလိုပဲ သတိထားနေရတာပေါ့။ ကျွန်မတို့ဘက်က ရေက အမြဲ တက်နေတာမလို့လေ။ ပစ္စည်းသိမ်းထားတာမျိုးရှိပါတယ်။ ဘေးဆောင်အထိ ရေတင်တာမလို့ ရေစက်တွေ ရေထိတာမျိုး၊ အိမ်ရဲ့ အောက်ခြေတွေ ပြုပြင်တာမျိုးတွေ လုပ်ရတာပေါ့။ ပြင်စည်ဈေးသစ်ဘက် ရေက အမြဲတက်နေတာ။ အကုန်လုံးခက်ခဲနေကြတာမလို့ ဒီလိုပဲ အရာရာ သတိထားနေရတာပါ။

****************************************

“ပဲခူးရေကြီးတာကတော့ နှစ်စဉ်လိုလိုဖြစ်နေတာဆိုတော့ မိုးရောက်လာတာနဲ့ အသင့်အနေထားပြင်ထားကြဖို့တော့လိုမယ်လေ။”

 

ပဲခူးမြို့ကနေ လှိုင်သာယာမြို့ကို တိမ်းရှောင်နေတဲ့ အသက် ၇၀ အရွယ်အမျိုးသားရဲ့ သား

 

အဲဒီတုန်းကတော့ အဖေ့ကိုအမြန်သွားခေါ်လိုက်လို့ တော်သေးတယ်။ ရေက ပထမက တက်နေတယ်လို့တော့သိတယ်။ အဆိုးဆုံးဖြစ်လာမယ်လို့မထင်ဘူး။ အခုလည်း မိုးကုန်မှပဲ ပြန်ပို့မယ်စိတ်ကူးတယ်။ ဘာလို့လဲဆို စိတ်မချရဘူးလေ။ ရေကတက်လာရင် အရမ်းဗြုန်းစားကြီးတက်တာ။ ပဲခူးရေကြီးတာကတော့ နှစ်စဉ်လိုလိုဖြစ်နေတာဆိုတော့ မိုးရောက်လာတာနဲ့ အသင့်အနေထားပြင်ထားကြဖို့တော့လိုမယ်လေ။ တပ်ကုန်းတို့ဘာတို့ဘက် ရေဘေးတွေမတရားဖြစ်တုန်းကလည်း ပဲခူးလည်းဖြစ်မယ်ထင်တာ။ တော်သေးတယ်ကံကောင်းတယ်ပြောရမယ်။