ရန်ကုန်မှာ လျှပ်စစ်မီး လေးနာရီပေး ရှစ်နာရီ ဖြတ်စနစ် ပြောင်းလဲပေမဲ့ လာချိန် အပြည့်အဝမရတဲ့ ဒုက္ခကြုံနေရ

Author ကိုထက်
Categories
Published on Jan 06, 2025

ရန်ကုန်တိုင်းအတွင်း ဒီနှစ် ၂၀၂၅၊ ဇန်နဝါရီလ ၅ ရက်နေ့ကစတင်ပြီး လျှပ်စစ်မီးကို လေးနာရီပေး၊ ရှစ်နာရီဖြတ်စနစ်ကို ပြောင်းလဲပေးနေတယ်လို့ထုတ်ပြန်ထားပေမဲ့ လာချိန်လည်း အပြည့်အဝမရတဲ့ဒုက္ခကို ဆင့်ကဲကြုံတွေ့နေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

 

ရန်ကုန်မှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နှစ်ကုန်ရက် ဒီဇင်ဘာလ ၃၁ ရက်ကစပြီး လျှပ်စစ်မီးပြတ်တောက်မှု ဆိုးဆိုးရွားရွားပြန်ဖြစ်လာအပြီး အခုလို မီးပေးချိန် အချိန်ဇယားအသစ် ထွက်ပေါ်လာတာပါ။

 

ဒီလို မီးပြတ်တောက်ချိန် ကြာမြင့်တဲ့အတွက် ရပ်ကွက်တွင်းနေအိမ်တွေမှာ ထမင်းဟင်းချက်ပြုတ်တာအပါအဝင် ရေတင်မရတာတွေနဲ့ အသေးစားလုပ်ငန်းတွေ ပိတ်သိမ်းရတာတွေအထိ ထိခိုက်နစ်နာမှုတွေ ဖြစ်ပေါ်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

“အစက လေးနာရီပေး၊ လေးနာရီပြတ်တာလေ။ အဲဒီအချိန်ကိုတောင် မှန်အောင်မပေးနိုင်တာ။ မီတာခကျ နှစ်ဆကနေ သုံးဆ။ ငါးသောင်းလောက်ဆောင်နေရာကနေ တစ်သိန်းခွဲ၊ နှစ်သိန်းတွေဖြစ်လို့ဖြစ်နဲ့။ အခုလည်း တစ်နေ့လုံးနေမှ ရှစ်နာရီပဲမီးရမှာ” လို့ ကမာရွတ်မြို့နယ်၊ (၈)ရပ်ကွက်နေ အိမ်ရှင်မတစ်ဦးက ပြောပါတယ်။

 

ဇန်နဝါရီလ ၄ ရက်နေ့အထိ ရန်ကုန်မြို့တွင်း လူနေရပ်ကွက်တွေကို အုပ်စုနှစ်စုခွဲပြီး လျှပ်စစ်မီးပေးနေရာကနေ အခုအခါ အုပ်စုသုံးစုခွဲပြီး တစ်အုပ်စုကို လေးနာရီပေး ရှစ်နာရီဖြတ်စနစ်ပြောင်းလဲလိုက်တာဖြစ်ပါတယ်။

 

“သဘာဝဓာတ်ငွေ့ပိုက်လိုင်းတွေ ပြင်ဆင်နေတာတွေရှိတော့ ရန်ကုန်ရဲ့ဓာတ်အားလိုအပ်ချက်အောက် အများကြီးလျော့ပြီး ရနေတော့ အခုလိုပုံစံအသစ်နဲ့ပြောင်းပေးတာပါ။ ဒီတစ်လလုံးတော့ အခုလိုပဲဖြစ်ဖို့ရှိပါတယ်။ ပိုက်လိုင်းတွေပြင်တာပြီးရင်တော့ မီးပိုရရင်ရသလို ပေးဖို့ရှိပါတယ်” လို့ ရန်ကုန်မြို့ရဲ့ ဓာတ်အားခွဲရုံတစ်ခုက တာဝန်ကျ လျှပ်စစ်ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

 

အခုလို လျှပ်စစ်မီးပြတ်တောက်ချိန် ကြာမြင့်တာတွေကြောင့် ရန်ကုန်မြို့က လျှပ်စစ်မီးအသုံးပြုလုပ်ကိုင်ရတဲ့ တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ငန်းတချို့ ထိခိုက်လာပြီး ပိတ်သိမ်း၊ ရပ်နားရတဲ့အခြေ‌အနေတွေ ရှိလာနေတယ်လို့လည်း စုံစမ်းသိရှိရပါတယ်။

 

“မနေ့ကစပြီး အလုပ်ချိန်တစ်နေကုန်နီးပါး မီးစက်နဲ့ နှိုးလုပ်နေရတာ။ ကုန်ကြမ်းဈေးကလည်းကြီး၊ အလုပ်သမားစရိတ်နဲ့ဆိုတော့ ဈေးတက်မှပဲရမယ်။ ဈေးမတက်ဘူးဆို ကျွန်မတို့လည်း ရေရှည်မကိုက်ဘူး။ ကိုယ့်အသိတွေဆို လုံးဝကို ရပ်ပစ်လိုက်ကြပြီ။ မလုပ်ကြတော့ဘူး” လို့ အသေးစားစားသောက်ကုန်ထုတ်လုပ်ရောင်းချတဲ့ ပိုင်ရှင်အမျိုးသမီးက ပြောပါတယ်။

 

ဒါ့အပြင် ရန်ကုန်မြို့ရှိ စာအုပ်တိုက်ပိုင်ရှင်တစ်ဦးကလည်း “စောစောစီးစီး မင်္ဂလာသတင်းလေး စကြားရတယ်။ ပုံနှိပ်တိုက်က တကူးတကလှမ်းအကြောင်းကြားရှာတယ်။ အစ်ကိုရေ မီးတွေတအားမှန်လာလို့ ပုံနှိပ်စရိတ်တွေတက်မလား။ ပုံနှိပ်တဲ့ရက် ပိုကြာမလား တစ်ခုခုပဲတဲ့” လို့ ပြောပါတယ်။

 

ဒါ့အပြင် မီးလာချိန် တပြိုင်နက်သုံးစွဲမှုကြောင့် မီးအားလျော့တာ၊ မပြည့်ဝတာတွေအပြင် ပြတ်တောက်သွားတာမျိုးတွေလည်း ဖြစ်ပေါ်နေတဲ့အတွက် လေးနာရီအပြည့်အဝမရဘဲဖြစ်နေတယ်လို့ ရန်ကုန်မြို့ခံတွေဆီကနေ သိရပါတယ်။

 

“၉ နာရီ မီးပျက်သွားတယ်။ ၈ နာရီခြားဆိုတော့ ညနေ ၅ နာရီလာတယ်။ တစ်နေကုန်ပျက်နေတော့ မီးလာတာနဲ့ ဝိုင်းဆွဲလိုက်ကြတာ မီးအားက ၁၃၀/၁၄၀ ပဲ ရှိတယ်။ ခဏနေတော့ ဖုတ်ကနဲ ဘရေကာ ပြုတ်ကျသွားတယ်။ ခဏ ၁၀ မိနစ်နေတော့ ပြန်တက်လာတယ်။ ၅ မိနစ်နေတော့ ဖုတ်ကနဲ ပြုတ်ကျသွားတယ်။ ဒီလိုနဲ့ သံသရာလည်နေတာ ည ၉ နာရီကျရင် ပြန်ပျက်မယ်။ ကောင်းကောင်း မသုံးလိုက်ရဘူး။ ကံကောင်းရင် ည ၁ နာရီ ပြန်လာမယ်။ မကောင်းရင်တော့ မနက် ၅ နာရီမှ လာတော့မယ်” လို့ ရန်ကုန်မြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

 

ရန်ကုန်မြို့မှာ နိုဝင်ဘာလကစလို့ လျှပ်စစ်မီးပြတ်တောက်မှု ဆိုးရွာလာလို့ သုံးရေပြတ်တောက်တာတွေပါ အခုရက်ပိုင်းတွေအတွင်း ကြုံနေရကြရတာပါ။

 

ဒါ့အပြင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဓာတ်အားထုတ်လုပ်နိုင်မှု များစွာလျော့ကြနေတဲ့အတွက် လာမယ့်လတွေမှာလည်း မီးပြတ်ချိန်ပိုများလာမယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)က ထုတ်ပြန်ထားပါတယ်။

 

ပြီးခဲ့တဲ့ စက်တင်ဘာလကစလို့ မီတာခတွေကို နှစ်ဆကျော်တိုးမြှင့်ကောက်ခံနေပြီး ရန်ကုန်မြို့ခံလူထုအနေနဲ့ မီတာခတိုးဆောင်နေရပေမဲ့ မီးလာချိန်က နည်းလို့ နေ့စဉ်လူနေမှုဘဝအခက်အခဲတွေ ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။

 

ဓာတ်ပုံ – ကိုထက်/လူမှုကွန်ရက်