အမ်းကနေ စစ်ရှုံးပြီးထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၁၁ ဦးကို ငဖဲမှာ ဖမ်းဆီးရမိ
ရခိုင်ပြည်၊ အမ်းမြို့နယ်အတွင်းကနေ စစ်ရှုံးပြီးထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦးကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၃ ရက်နဲ့ ၄ ရက်နေ့တွေမှာ လက်နက်ခဲယမ်းတွေနဲ့အတူ မကွေးတိုင်း၊ ငဖဲမြို့နယ်အတွင်း ဖမ်းဆီးရမိခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ်-အရှို(CDF-Asho)ရဲ့ ယမန်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
သူတို့ဟာ အာရက္ခတပ်တော်(AA)သိမ်းထားတဲ့ အမ်းမြို့နယ်၊ ဆင်ခုံတိုင်နဲ့ တောင်ဇောက်ကျေးရွာတွေအနီးက စစ်ကောင်စီစခန်းတွေကနေ ထွက်ပြေးလာကြတာဖြစ်ပြီး စစ်သုံ့ပန်းတွေဆီက လက်နက်ငယ် ကိုးလက်အပြင် ခဲယမ်းနဲ့ စစ်အသုံးအဆောင်တွေလည်း သိမ်းဆည်းရမိတယ်လို့ CDF-Asho က ဆိုထားပါတယ်။
ရခိုင်စစ်ပွဲတွေအတွင်း ထွက်ပြေးလာကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို CDF-Asho နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ပိတ်ဆို့ဖမ်းဆီးနေတာကြောင့် စစ်သုံ့ပန်းတွေအပြင် အလင်းဝင်ရောက်သူတွေလည်း ရှိနေတယ်လို့ CDF-Asho မှ တာဝန်ရှိသူ ဆလိုင်းရိုးချင်းက CJ Platform ကို ပြောပါတယ်။
“သူတို့အနေနဲ့ ခြေဦးတည့်ရာကို လျှောက်ပြေးနေမယ့်အစား တော်လှန်ရေးတပ်ဖွဲ့တွေကို ယုံယုံကြည်ကြည်နဲ့ အလင်းဝင်လက်နက်ချတာမျိုး လုပ်စေချင်ပါတယ်” လို့ သူက ပြောပါတယ်။
ဒါ့အပြင် ဇန်နဝါရီလ ၃ ရက်နေ့မှာပဲ မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမှတ် ၁၄ ကာကွယ်ရေးစက်ရုံကနေ စေတုတ္တရာမြို့နယ်ဘက်ကို ပဒါန်း-ငဖဲ-စေတုတ္တရာကားလမ်းအတိုင်း ထွက်ခွာလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၅၀ ခန့်ပါ စစ်ကားနှစ်စီးကို ညောင်ကိုင်းကျေးရွာအနီး မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ CDF-Asho ဆီက သိရပါတယ်။
အဲဒီနောက် မိနစ် ၂၀ ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ တစ်ဦး သေဆုံးတဲ့အပြင် ခြောက်ဦးဒဏ်ရာရရှိခဲ့တယ်လို့ CDF-Asho ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
“နှစ်စီးစလုံး ထိခိုက်တာမရှိပါဘူး။ တစ်စီးပဲ ထိခိုက်ခဲ့တာပါ။ အဲဒီမှာပဲ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ခဲ့တာပါ” လို့ ကိုဆလိုင်းရိုးချင်းက ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေသယ်ဆောင်လာတဲ့ ရိက္ခာတွေကို ငဖဲ-စေတ္တုတရာ ကားလမ်းဘေးက ရွာတွေမှာထားခဲ့ပြီးနောက် အဲဒီရိက္ခာတွေကို ရွာသားတွေက ငဖြူကျေးရွာအထိ ပို့ပေးခဲ့ရတယ်လို့ သူက ဆက်ပြောပါတယ်။
ဒီတိုက်ခိုက်မှုကို CDF Asho နဲ့အတူ မင်းဘူးခရိုင် အမှတ် ၈ တပ်ရင်း၊ ငဖဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)တို့ ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၅ ရက်နေ့က အမ်း-ပဒါန်းလမ်းပေါ်မှာ စစ်ကောင်စီစစ်ကူစစ်ကြောင်းကို ကြားဖြတ်တိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးသေဆုံးခဲ့တယ်လို့ CDF-Asho က ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – CDF Asho
ပုံစာ – ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေနဲ့ သိမ်းဆည်းရမိ လက်နက်ခဲယမ်းတွေကို တွေ့ရစဉ်