၀က်လက်မှာ အင်အား ၈၀ နီးပါးပါ စစ်ကောင်စီစစ်ကြောင်းတစ်ခုလုံးပြိုပျက်တဲ့အထိ တိုက်ခိုက်နိုင်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် အားလုံးနီးပါးသေဆုံးလို့ဆို
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ ရွှေဘိုမြို့ဘက်ကထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက စစ်ကြောင်းတစ်ကြောင်းလုံးပြိုပျက်တဲ့အထိ တိုက်ခိုက်နိုင်ခဲ့တယ်လို့ ဒေသတော်လှန်ရေးရဲဘော်နဲ့ ဒေသခံတွေက CJ Platform ကို ပြောပါတယ်။
ရွှေဘိုမြို့အခြေစိုက် အမှတ် ၈ အခြေခံလေ့ကျင့်ရေးတပ်ကနေ အင်အား ၇၇ ဦးခန့်နဲ့ထွက်လာတဲ့စစ်ကောင်စီစစ်ကြောင်းကို ယမန်နေ့ ဇန်နဝါရီ ၅ ရက် မနက် ၇ နာရီခန့်ကနေ ညနေ ၄ နာရီခန့်အထိ ဝက်လက်မြို့နယ်အရှေ့ခြမ်း မှတ်ထိရွာနဲ့ မင်းကုန်းရွာကြားမှာ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“စစ်ကြောင်းတစ်ကြောင်းလုံးကတော့ အပြီးသတ်တိုက်ခိုက်နိုင်ခဲ့ပါတယ်။ ဝက်လက်နယ်မှာ ၂၀၂၄ ခုနှစ်အတွင်းက ခုလိုမျိုး အပြတ်မဖြုတ်နိုင်ခဲ့ပါဘူး။ ၂၀၂၅ ခုနှစ်မှာမှ အခုလိုမျိုး ထိထိရောက်ရောက် လုပ်နိုင်ခဲ့တာပါ” လို့ ရွှေဘိုခရိုင် အမှတ် ၁၅ တပ်ရင်းက တပ်ရင်းမှူး ကိုကောက်ရိုးက CJ Platform ကို ပြောပါတယ်။
အဲဒီစစ်ကြောင်းဟာ ဇန်နဝါရီလ ၃ ရက်နေ့က ချောင်းဆုံရွာနဲ့ ဇန်နဝါရီလ ၄ ရက်နေ့မှာ အလည်ကိုင်းရွာတို့မှာ တစ်ညတာစီ ယာယီတပ်စွဲနေခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အဲဒီနောက် ယမန်နေ့က အလည်ကိုင်းရွာကနေ စစ်ကြောင်းထွက်ခွာလာချိန် ဝက်လက်မြို့နယ်အရှေ့ခြမ်း မှတ်ထိရွာနဲ့ မင်းကုန်းရွာကြားမှာ တော်လှန်ရေးပူးပေါင်းတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်တယ်လို့ မြေပြင်ရဲဘော်တွေက ပြောပါတယ်။
အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့၀င် ၇၂ ဦးထက်မနည်းသေဆုံးတဲ့အပြင် ကျန် ၅ ဦးခန့်ကို တော်လှန်ရေးတပ်တွေက ဖမ်းဆီးရမိခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတယ်လို့ ဒီအကြောင်းသိရှိထားတဲ့ ၀က်လက်မြို့နယ်က အသက် ၅၀ ခန့်အရွယ် အမျိုးသားက CJ Platform ကို ပြောပါတယ်။
ရွှေဘိုခရိုင် အမှတ် ၁၅ တပ်ရင်းအနေနဲ့ တိုက်ခိုက်ရေးမှာ ပူးပေါင်းပါဝင်ခဲ့ပေမဲ့ နယ်မြေရှင်းလင်းရေးမှာမပါဝင်ခဲ့ရတဲ့အပြင် ဝက်လက်မြို့က စစ်ကောင်စီတပ်ကူ အင်အား ၃၀ ခန့်ကို ဖြတ်တောက်ရေး ဆက်လက်လုပ်ဆောင်နေရတဲ့အတွက် သေဆုံးနဲ့ လက်နက်ခဲယမ်းရရှိမှုတွေကို လတ်တလော မသိရှိရသေးဘူးလို့ ကိုကောက်ရိုးက ပြောပါတယ်။
“အလက်(လက်နက်)ခွဲဝေမှုကတော့ မသိရသေးပါဘူး။ အမှတ် (၂) ကွပ်ကဲရေးဘက်ကို အပ်လိုက်ပြီး ကွပ်ကဲရေးဘက်က ပြန်လည်ခွဲဝေပေးမယ်လို့တော့သိရပါတယ်” လို့ သူက ဆက်ပြောပါတယ်။
ရွှေဘိုခရိုင် အမှတ် ၁၅ တပ်ရင်းအနေနဲ့ ၁၀၂၇ ဒုတိယလှိုင်းမှာ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီးနောက် လက်နက်ခဲယမ်းတွေ ရရှိလာတာကြောင့် အခုလို တိုက်ပွဲဖော်ဆောင်ရာမှာ ထိထိရောက်ရောက်ပါ၀င်လုပ်ဆောင်နိုင်ခဲ့တာဖြစ်ပြီး ယမန်နေ့တိုက်ပွဲအတွင်း အမှတ် ၁၅ တပ်ရင်းက MA-3 တစ်လက်ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ကိုကောက်ရိုးက ပြောပါတယ်။
အဲဒီတိုက်ပွဲအတွင်း ယမန်နေ့ မွန်းလွဲ ၁၂ နာရီ ၂၅ မိနစ်ခန့်ကစလို့ စစ်ကောင်စီဘက်က လေကြောင်းကနေ ငါးကြိမ်တိုက်ခိုက်ခဲ့ပြီး တော်လှန်ရေးရဲဘော် နှစ်ဦးခန့် ဒဏ်ရာရရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ဝက်လက်တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုတွေကို အတည်ပြုနိုင်ဖို့ CJ Platform က ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။
အဲဒီစစ်ကြောင်းကို ရွှေဘိုခရိုင် အမှတ် ၁၅ တပ်ရင်း၊ ၂၃ တပ်ရင်း၊ အမှတ် (၂) ခရိုင်ကွပ်ကဲရေး ရွှေဘိုခရိုင် တပ်ရင်း ၁၊ ၂ နဲ့ မြို့နယ် ပကဖ၊ ဝက်လက်တိုက်နယ်တပ်ဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့ကြတယ်လို့ ရွှေဘိုခရိုင် အမှတ် ၁၅ တပ်ရင်းဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့မှာ ဘုတင်မြို့နယ်၊ ကူတော်ရွာကထွက်လာတဲ့အင်အား ၈၅ ဦးခန့်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကြောင်းတစ်ခုလုံးပြိုပျက်ခဲ့ပြီး စစ်ကြောင်းမှူး ဗိုလ်မှူးအပါအ၀င် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၅ ဦးသေဆုံးပြီး ၄၃ ဦးအရှင်ဖမ်းမိခဲ့ပါတယ်။
ဓာတ်ပုံ – ရွှေဘိုခရိုင် အမှတ် ၁၅ တပ်ရင်း