အမျိုးသမီးနဲ့ ဆီးလမ်းကြောင်း ပိုးဝင်ခြင်း
Urine tract infection (UTI) ဆိုတာက ဆီးလမ်းကြောင်းမှာ ပိုးဝင်တဲ့ရောဂါကို ဆိုလိုတာပါ။ ဒီရောဂါက အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုမိုအဖြစ်များတတ်ပြီး အမျိုးသမီးတိုင်းဟာ တစ်သက်မှာတစ်ခါတော့ ဆီးလမ်းကြောင်း ပိုးဝင်ဖူးကြတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ တချို့အမျိုးသမီးတွေအနေနဲ့ ဆီးလမ်းကြောင်းပိုးဝင်လို့ ဝင်မှန်းမသိဘဲ ပုံမှန်ဖျားနာရောဂါလက္ခဏာတွေလို့သာ ထင်မိပြီး ပေါ့ပေါ့ဆဆနေတာတွေ ရှိတတ်ပါတယ်။ ဒါကြောင့် ဒီအပတ်ရဲ့ “သိစေချင်လို့” အစီအစဉ်မှာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းနဲ့ ပတ်သတ်တဲ့ ရောဂါလက္ခဏာတွေနဲ့ ဘာကြောင့်ဖြစ်ပွားရသလဲ ဆိုတာတွေကို ရှင်းပြပေးသွားပါ့မယ်။
ဆီးလမ်းကြောင်းပိုးဝင်ခြင်းက ဘာလဲ..?
ဆီးလမ်းကြောင်းပိုးဝင်ရတာက အညစ်အကြေးတွေ စွန့်ထုတ်တဲ့ စအိုဝနဲ့ ဆီးစွန့်ပြွန်နဲ့က နီးကပ်နေလို့ပါ။ အဲဒီအခါ စအိုကနေ စွန့်ထုတ်လိုက်တဲ့ အညစ်အကြေးတွေကနေ ပါလာတဲ့ ဘက်တီးရီးယားတွေက ဆီးစွန့်ပြွန်ဆီ အလွယ်တကူပဲ ရောက်သွားတတ်ပါတယ်။ အထူးသဖြင့် E. coli (Escherichia coli) လို့ ခေါ်ဝေါ်တဲ့ ဘက်တီးရီးယားတွေပါ။ ဆီးလမ်းကြောင်းတစ်လျှောက်မှာ ရောဂါပိုးကူးစက်တာတွေကို ကာကွယ်ဖို့အတွက် ဆဲလ်တချို့ရှိနေပေမဲ့လည်း အကြောင်းအမျိုးမျိုးကြောင့် မကာကွယ်လိုက်နိုင်တဲ့အခါ ဆီးလမ်းကြောင်းပိုးဝင်ခြင်းက အစပြုလာရတော့တာပါပဲ။ ဆီးလမ်းကြောင်းပိုးဝင်ခြင်းမှာ ဘက်တီးရီးယားက ဆီးလမ်းကြောင်းအဖွဲ့အစည်းကြီးရဲ့ ဘယ်နေရာကို ကူးစက်နေတာလဲ ဆိုတဲ့အပေါ် အခြေခံပြီး အမျိုးအစား ထပ်ကွဲပါသေးတယ်။ အဲဒါတွေကတော့
– စစ်စတိုက်တစ်စ် (Cystitis) လို့ခေါ်တဲ့ ဆီးအိမ်မှာ ဘက်တီးရီးယား ကူးစက်ခံရခြင်း
– ယူရီသရိုက်တစ်စ် (Urethritis) ဆိုတဲ့ ဆီးစွန့်ပြွန်မှာ ကူးစက်ခံရခြင်းနဲ့
– ပိုင်လိုနီဖရိုက်တစ်စ် (Pyelonephritis) ကျောက်ကပ်မှာ ဘက်တီးရီးယား ကူးစက်ခံရခြင်းတို့ပဲ ဖြစ်ပါတယ်။
ဘယ်အချက်တွေက ဆီးလမ်းကြောင်းပိုးဝင်စေတာလဲ..?
ဆီးလမ်းကြောင်းပိုးဝင်တာက တချို့အမျိုးသမီးတွေမှာတော့ မျိုးရိုးဗီဇကြောင့် ဖြစ်နိုင်သလို တစ်ခြားအကြောင်းတွေကြောင့်လည်း ဖြစ်ပွားနိုင်ပါတယ်။ ဥပမာ အမျိုးသမီးတွေအနေနဲ့ လိင် ခဏခဏ ဆက်ဆံတာမျိုး၊ လိင်ဆက်ဆံဖော်အသစ်နဲ့ ပထမဆုံးဆက်ဆံတဲ့ အချိန်မျိုးတွေမှာ ဆီးလမ်းကြောင်း ပိုးဝင်တတ်ပါတယ်။ ဒါတွေအပြင် Diaphragm လို့ခေါ်တဲ့ အမျိုးသမီး ကွန်ဒုံးကို အသုံးပြုတဲ့အခါလည်း နည်းလမ်းမှန် မဟုတ်တာ၊ သန့်ရှင်းမှုမရှိတဲ့ လက်နဲ့ အသုံးပြုတာတွေကြောင့်လည်း ဆီးလမ်းကြောင်းပိုးဝင်နိုင်ချေ မြင့်မားတတ်ပါတယ်။ နောက်ဆုံးအနေနဲ့ ဆီးချိုရောဂါကို ခံစားနေရတဲ့ လူတွေအနေနဲ့ သူတို့ရဲ့ ဆီးထဲမှာ ဂလူးကို့စ်ပါဝင်မှုနှုန်း မြင့်နေပြီး ခုခံအားစနစ်လည်း ကျဆင်းနေတဲ့အတွက် ဆီးလမ်းကြောင်းပိုးဝင်နိုင်ခြေ ပိုမြင့်ပါတယ်။
အမျိုးသမီးတွေမှာ ဘာလို့အဖြစ်များရတာလဲ..?
အမျိုးသမီးတွေမှာ ဒီရောဂါအဖြစ်များရတာက သူတို့က အမျိုးသားတွေနဲ့ ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံ မတူညီလို့ပါ။ အမျိုးသမီးတွေရဲ့ ဆီးလမ်းကြောင်းက တိုတဲ့ အထဲမှာ ပါဝင်နေပြီး စအိုဝနဲ့ ဆီးစွန့်ပြွန်ကလည်း နီးကပ်နေတဲ့အတွက် ဘက်တီးရီးယားတွေအနေနဲ့ ကူးစက်ဖို့ ပိုမိုလွယ်ကူသွားစေပါတယ်။ အထူးသဖြင့် အက်စထရိုဂျင်ဟော်မုန်း နည်းနေတဲ့ သွေးဆုံးပြီးသွားတဲ့ အမျိုးသမီးတွေနဲ့ ပရိုဂျက်စ်တီရုန်းဟော်မုန်းမြင့်နေတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေဟာ ဆီးလမ်းကြောင်းပိုးဝင်နိုင်စွမ်း ပိုမြင့်ပါတယ်။ ဒီဟော်မုန်းတွေဟာ ဆီးလမ်းကြောင်းတစ်လျှောက် ကြွက်သားတွေကို ပျော့ပျောင်းစေပြီး ဘက်တီးရီးယားတွေ ပိုဝင်လာနိုင်အောင် လုပ်ဆောင်ပေးနေလို့ပါ။
ဆီးလမ်းကြောင်းပိုးဝင်ပြီဆို ဘယ်လိုလက္ခဏာတွေ ပြလဲ..?
လက္ခဏာတွေကတော့ ဆီးသွားတဲ့အချိန် နာကျင်နေတာမျိုး၊ ပုံမှန်ထက် ဆီးခဏခဏ သွားနေတာမျိုး၊ ဆီးက အနံ့ အရမ်းနံတာမျိုး၊ ဆီးက အရောင် ပြောင်းနေတာမျိုး၊ ဆီးသွားရင် သွေးပါတာမျိုး၊ ဆီးအရမ်းသွားချင်တဲ့ ခံစားချက်ရှိနေပြီး တစ်ကယ်သွားတဲ့အခါ ဆီးနည်းနည်းလေး သွားတာမျိုး၊ ဆီးသွားပြီးတာတောင် ဆီးအိမ်က ပြည့်နေတုန်းလို့ ခံစားရတာမျိုးနဲ့ ဆီးခုံကတင်းပြီး နာကျင်နေတာမျိုးတွေပါ။ တစ်ကယ်လို့သာ ဆီးပိုးက ကျောက်ကပ်ဆီ ရောက်သွားမယ်ဆိုရင် ဖျားနာတာ၊ ခေါင်းမူးတာ၊ အော့အန်တာနဲ့ ကျောကုန်း နာနေတာမျိုးစတဲ့ လက္ခဏာတွေ ပြတတ်ပါတယ်။ အဲဒီအခါ အများစုက ပုံမှန်ဖြစ်တတ်တဲ့ ရာသီတုပ်ကွေး၊ ဖျားနာလို့သာထင်ပြီး ပေါ့ဆတတ်ကြပါတယ်။ အကောင်းဆုံးကတော့ ပေါ့ဆမနေဘဲ ဆရာဝန်ဆီသွားပြီး ကိုယ့်မှာဖြစ်နေတဲ့ ရောဂါလက္ခဏာအကုန်ပြောပြတာနဲ့ ဆီးပိုးဝင်တာ ဟုတ်၊ မဟုတ် သေချာအောင် ဆီးစစ်ကြည့်သင့်တာပါ။
ဆီးပိုးဝင်တာကို မကုသရင် ဘာတွေဖြစ်မလဲ..?
ဒီဟာကို အချိန်မှီမကုသဘူးဆိုရင် ဆီးပိုးက ဆီးလမ်းကြောင်းက တစ်ဆင့် ကျောက်ကပ်ဆီ ရောက်သွားနိုင်ပါတယ်။ ကျောက်ကပ်ဆီရောက်သွားတာတောင် မကုသသေးဘူးဆိုရင် ကျောက်ကပ်က လုံးဝပျက်စီးသွားနိုင်ပါတယ်။ အဲဒီအခါ ကျောက်ကပ်က ကာကွယ်ပေးနေတဲ့ ရောဂါတွေဝင်လာပြီး မကောင်းတဲ့ အကျိုးရလဒ်တွေပဲ ရှိလာမှာပါ။ ဒါ့အပြင် သွေးတိုးတာနဲ့ သွေးဆိပ်သင့်တာတွေ စတဲ့အန္တရာယ်ရှိတဲ့ ရောဂါတွေပါ ဖြစ်ပွားနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေမှာ ဆိုရင်လည်း ကလေးကို အချိန်မတန်သေးဘဲ မွေးတာမျိုး၊ မွေးလာတဲ့ကလေးက ပေါင်ချိန်မပြည့်တာမျိုး စတာတွေ ဖြစ်တတ်ပါတယ်။
ဆီးလမ်းကြောင်းပိုးဝင်တာကို ဘယ်လိုကာကွယ်လို့ရမလဲ..?
ပထမဆုံးအနေနဲ့ ရေများများ သောက်ပေးပြီး ရေဓာတ်ပြည့်ဝအောင် နေပေးသင့်ပါတယ်။ ဆီးသွားချင်တာကို မသွားဘဲ ဆီးအောင့်ထားတာမျိုးကို မလုပ်သင့်ပါဘူး။ ဒါ့အပြင် စအိုနဲ့ မိန်းမကိုယ်ကို သန့်ရှင်းရေးလုပ်တဲ့အခါမျိုးမှာ နောက်ကနေ ရှေ့ကို သန့်ရှင်းတာမျိုးထက် ရှေ့ကနေ နောက်ဆိုတဲ့လားရာအတိုင်း သန့်ရှင်းသင့်ပါတယ်။ လိင်မဆက်ဆံခင်နဲ့ ဆက်ဆံပြီးတဲ့အချိန်တိုင်းမှာလည်း ဆီးသွားပေးသင့်ပါသေးတယ်။ ဘက်တီးရီးယားတွေအကုန် ဆီးနဲ့အတူ ပါသွားအောင်ပါ။ နောက်ဆုံးအနေနဲ့ မိန်းမကိုယ်ကို အတတ်နိုင်ဆုံး သန့်သန့်ရှင်းရှင်းဖြစ်အောင် ထားသင့်ပြီး မိန်းမကိုယ်သန့်စင်ဆေးရည်တိုင်းကို အသုံးမပြုသင့်ပါဘူး။
ဆီးလမ်းကြောင်းပိုးဝင်ခြင်းက ဘက်တီးရီးယားကူးစက်တာ ဖြစ်တဲ့အတွက် ဆရာဝန်ညွှန်ကြားချက်အတိုင်း ပိုးသတ်ဆေးတချို့ကို သောက်သုံးပေးရင် သက်သာပျောက်ကင်းသွားမှာပါ။ ဒါပေမဲ့ ပိုးသတ်ဆေးသောက်တဲ့အခါ ဆေးပတ်လည်အောင် သေချာမသောက်တာ၊ အချိန်မှန်မသောက်တာ၊ ဆေးသောက်တာ ရပ်ပစ်တာမျိုးတွေ လုပ်ရင်တော့ ဘက်တီးရီးယားက ပိုးသတ်ဆေးတွေကို ခံနိုင်ရည်ရှိသွားပြီး ဆီးပိုးဝင်တာက ပိုဆိုးသွားမှာ အသေအချာပါပဲ။ ဒါကြောင့် ဆေးသောက်ရာမှာ ဆရာဝန်ညွှန်ကြားချက်အတိုင်း သေချာသောက်သုံးဖို့ အကြံပြုချင်ပါတယ်။
ဒီလောက်ဆိုရင် စာဖတ်သူတို့အနေနဲ့ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းအကြောင်းကို သေချာလေးနားလည်သွားလောက်ပြီလို့ ထင်ပါတယ်။ စာဖတ်သူတို့အနေနဲ့ အထက်မှာဖော်ပြခဲ့တဲ့ ရောဂါလက္ခဏာတွေကို ခံစားနေရပြီဆိုရင် လျစ်လျူရှုမနေဘဲ ဆရာဝန်ဆီ အမြန်ဆုံးသွားရောက်ဖို့ ပြောကြားရင်း ဒီအပတ်ရဲ့ “သိစေချင်လို့” အစီအစဉ်ကနေ နှုတ်ဆက်လိုက်ပါတယ်။
ဓာတ်ပုံ – Ovalmedicalcentre
References.-
Fields, L. (2024, June 7). Is it a urinary tract infection (UTI)? What women should know. Yale Medicine.
Department of Health & Human Services. (n.d.). Urinary tract infections (UTI). Better Health Channel.
Urinary tract infections | Office on Women’s Health. (n.d.). OASH | Office on Women’s Health.