မဲဆောက်မှာ အမြန်လမ်းမကြီးတွေ ကလွဲပြီး E-bike တွေကို အချိန်အကန့်အသတ်နဲ့ ပြန်လည်မောင်းနှင်ခွင့်ပြု

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့အတွင်း သွားလာနေတဲ့ လျှပ်စစ်ဆိုင်ကယ် (E-bike) တွေကို ပြီးခဲ့တဲ့ လပိုင်းက စီမံချက်ချ ဖမ်းဆီးခဲ့ပြီးနောက် ဒီနေ့ ဩဂုတ် ၁၉ ရက် စပြီး အကန့်အသတ်နဲ့ ပြန်လည်စီးနင်းခွင့်ပြုတယ်လို့ မဲဆောက်မြို့ စည်ပင်သာယာရေးအဖွဲ့က ထုတ်ပြန်လာပါတယ်။
မဲဆောက်မြို့ အဓိကလမ်းမကြီးတွေဖြစ်တဲ့ အာရှလမ်းမကြီး၊ မဲဆောက်-အုန်းဖျန်သွား လမ်းမကြီး၊ မဲဆောက်-မယ်ရမတ်သွား လမ်းမကြီးတွေ အပါအဝင် အဓိက အမြန်လမ်းမကြီးတွေပေါ် E-bike မောင်းနှင်မှုကို တားမြစ်ထားပြီး မြို့တွင်းလမ်းတွေမှာတော့ အချိန်အကန့်အသတ်နဲ့သာ မောင်းနှင်ခွင့်ပြုမယ်လို့ ဖော်ပြထားပါတယ်။
မြို့တွင်းလမ်းတွေမှာ ယာဉ်အသွားအလာ အများဆုံး အချိန်တွေဖြစ်တဲ့ မနက် ၇ နာရီကနေ ၉ နာရီ၊ နေ့လယ် ၃ နာရီကနေ ၅ နာရီအထိ အချိန်တွေမှာ E-bike မောင်းနှင်ခွင့်ကို မဲဆောက် စည်ပင်သာယာအဖွဲ့က ကန့်သတ်ထားပြီး ကျန်အချိန်တွေမှာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အချိန်တွေအတိုင်း မောင်းနှင်ခွင့်ပြုတယ်လို့ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ လပိုင်းက မဲဆောက်မြို့တွင်း E-bike မောင်းနှင်မှုကို စီမံချက်ချ ဖမ်းဆီးသိမ်းယူခဲ့တာကြောင့် မဲဆောက်မြို့မှာ နေထိုင်တဲ့ မြန်မာရွှေ့ပြောင်း အခြေချသူတွေနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ ခရီးသွားလာမှုအတွက် အခက်အခဲ ဖြစ်ပေါ်ခဲ့ပါသေးတယ်။
“အဓိက ကလေးကျောင်းပို့၊ကျောင်းချိန်တွေတော့ သွားမရဘူးဖြစ်တာပေါ့၊ ဘာပဲဖြစ်ဖြစ် ပြန်စီးခွင့်ပေးတာ ကျေးဇူးတင်ရမယ်၊ ဆိုင်ကယ်လဲ ဝယ်နိုင်တာမဟုတ်တော့ E-bike က အဆင်ပြေဆုံးပဲလေ”လို့ မဲဆောက်မြို့မှာ နေထိုင်တဲ့ မြန်မာနိုင်ငံသားတစ်ဦးက ပြောပါတယ်။
လျှပ်စစ်ဆိုင်ကယ်တွေကို အခုလို ကန့်သတ်တားမြစ်ရတာဟာ မဲဆောက်မြို့မှာ မတော်တဆ ဖြစ်မှုနဲ့ တိုင်ကြားမှုတွေ များပြားခဲ့တာကြောင့် အစိုးရအဖွဲ့ တာဝန်ရှိသူတွေနဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက အစည်းအဝေးလုပ်ကာ ဆွေးနွေးဆုံးဖြတ်ခဲ့တာဖြစ်ပြီး မတော်တဆ ဖြစ်မှုနဲ့ ယာဉ်ကြောပိတ်ဆို့မှုတွေကို လျှော့ချနိုင်ဖို့အတွက် ရည်ရွယ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဓာတ်ပုံ – မဲဆောက်ရဲတပ်ဖွဲ့
ပုံစာ – မဲဆောက်မြို့တွင်း E-bike များ ဖမ်းဆီးနေပုံ (ပုံဟောင်း)