ရမခ ကျပြီး အရာရှိကြီးတွေ ဖမ်းဆီးခံထားရလို့ ဗိုလ်ချုပ် ဇော်မင်းထွန်းဝန်ခံ
ရှမ်းမြောက်က လားရှိုးမြို့ကို ကိုးကန့်တပ် MNDAA နဲ့ ပူးပေါင်းအဖွဲ့တွေက ထိန်းချုပ်လိုက်ပြီလို့ ဇူလိုင် ၂၅ ရက်မှာ ကြေညာချက်ထုတ်ခဲ့ပါတယ်။ ဇူလိုင် ၂၆ ရက်မှာ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ငြင်းချက်ပြန်ထုတ်ပါတယ်။ အဲဒီနောက် ဩဂုတ် ၃ ရက် နေ့လယ်ပိုင်းမှာ အရှေ့မြောက်တိုင်းစစ်ဋ္ဌာနချုပ်ကို သိမ်းပိုက်လိုက်ပြီလို့ MNDAA က ထုတ်ပြန်လိုက်ပါတယ်။ အဲဒီနောက် ရမခက အရာရှိကြီးတွေ အဖမ်းခံထားရပြီလို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။
ဩဂုတ် ၅ ရက် မနက်ပိုင်းမှာတော့ ဒီသတင်းတွေနဲ့ပတ်သက်ပြီး အမြဲတမ်းခံငြင်းနေတဲ့ ဗိုလ်ချုပ် ဇော်မင်းထွန်းတစ်ယောက် ဝန်ခံပြောကြားလာခဲ့ပြီဖြစ်ပါတယ်။ သူပြောဆိုခဲ့တာတွေနဲ့ပတ်သက်ပြီး ထူးခြားချက်တွေနဲ့အတူ CJ Platform ရဲ့ ကောက်နုတ်ချက်ကိုလည်း ဖော်ပြအပ်ပါတယ်။
****************************************
“လားရှိုးမြို့ သိမ်းပိုက်ခံရမှု”
NCA ကို ချိုးဖောက်ပြီး MNDAA နဲ့ ပူးပေါင်းအဖွဲ့တွေက ဇူလိုင် ၃ ရက်နေ့မှာ လားရှိုးမြို့ကို စတင်တိုက်ခိုက်ခဲ့ပါတယ်။
အရပ်သားနေရာတွေကိုလည်း ရှော့တိုက်ဒုန်းနဲ့ Drop ဗုံး ရာနဲ့ချီ အသုံးပြုတိုက်ခိုက်ခဲ့ပါတယ်။
ဒါကြောင့် အရပ်သား ရာနဲ့ချီ သေဆုံးခဲ့ပါတယ်။(ကိန်းဂဏန်းတိတိပပ မပြောနိုင်ခဲ့ပါ။)
MNDAA တပ်ဖွဲ့ဝင်တွေက မူးယစ်ဆေးတွေသုံးပြီး တိုက်ခိုက်ခဲ့တယ်လို့ စွပ်စွဲပါတယ်။
****************************************
“ကုတင် ၁၀၀ စစ်ဆေးရုံအသိမ်းခံရမှု”
ဩဂုတ်လ ၂ ရက်နေ့မှာ တိုင်းစစ်ဌာနချုပ်အနီးက တပ်မတော်ဆေးရုံ ဝင်ရောက်တိုက်ခိုက်ခံရပါတယ်။
လူနာတချို့ကို သတ်ဖြတ်ခဲ့ပြီး တချို့ကို ဖမ်းဆီးခေါ်ဆောင်တယ်လို့ ဆိုပါတယ်။
****************************************
“ရမခလက်လွှတ်လိုက်ရမှု”
ရမခအောက်က တပ်ရင်းတပ်ဖွဲ့တွေအနေနဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေကို ရွတ်ရွတ်ချွန်ချွန်အစွမ်းကုန်ခုခံခဲ့တယ်လို့ ဆိုပါတယ်။
ရမခမှာ မိသားစုဝင်နဲ့ အရပ်သားတွေရှိလို့ ထိန်းသိမ်းလုပ်ဆောင်ခဲ့ရတာတွေရှိလို့ဆိုပါတယ်။
ရဲမေတချို့ စစ်သားတွေနဲ့တန်းတူ မဆုတ်တန်း တိုက်ပွဲဝင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါကြောင့် ရဲမေနဲ့ တပ်မိသားစုဝင်တွေ သေဆုံးမှုရှိတယ်လို့ ဆိုပါတယ်။(ကိန်းဂဏန်းထည့်မပြောပါ။)
****************************************
“ရမခမှူးနဲ့ အရာရှိတွေ အဖမ်းခံရမှု”
ရမခက ဗိုလ်ချုပ်နဲ့ အရာရှိတွေ ကိုယ်တိုင်ပါဝင်တိုက်ပွဲဝင်ခဲ့ပါတယ်။
ဩဂုတ် ၃ ရက် ညနေ ၆ နာရီခွဲနောက်ပိုင်း ရမခ အရာရှိကြီးတွေနဲ့ အဆက်အသွယ်ပြတ်တောက် ခဲ့ရတယ်လို့ ဆိုပါတယ်။
ယခုချိန်(ဩဂုတ် ၅ ရက်)အထိ အဆက်အသွယ်ပြတ်တောက်နေတယ်လို့ ပြောပါတယ်။
အဲဒီအရာရှိကြီးတွေကို MNDAA က ဖမ်းဆီးထားတယ်လို့ ဝန်ခံပြောကြားသွားခဲ့ပါတယ်။
(ဘယ်သူတွေဆိုတာတော့ နာမည်တပ်မပြောကြားခဲ့ပေ။ ရမခတိုင်းမှူးအဖြစ် ဖြုတ်ချခံထားရတဲ့ ဗိုလ်ချုပ် စိုးတင့်၊ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်(၁)ဗိုလ်မှူးချုပ် မျိုးမင်းထွေးနဲ့ ရမခတိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်သန့်စင်စိုးတို့ ဖမ်းဆီးခံထားရတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။)
ယခုတိုက်ပွဲမှာ ဝင်ရောက်တိုက်ခိုက်ခဲ့သူတွေကို စစ်အစိုးရက အသိမှတ်ပြုဂုဏ်ယူကြောင်းလည်း ထည့်ပြောသွားပါတယ်။
၎င်းတို့အတွက် လုပ်သင့်လုပ်ထိုက်တာတွေကို ဆက်လက်လုပ်ဆောင်မယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက အဆုံးသတ် ပြောကြားသွားခဲ့ပါတယ်။
****************************************
“ကောက်နုတ်ချက်”
ယခု ဗိုလ်ချုပ် ဇော်မင်းထွန်း ပြောကြားမှုမှာ ဇူလိုင် ၂၆ ရက်ကလို ဒေါသတကြီး တုံ့ပြန်တာမျိုးမဟုတ်ခဲ့သလို ရှည်ရှည်ဝေးဝေးပြောကြားသွားတာမျိုးလည်း မရှိခဲ့ပေ။
ယခင်ပြောကြားမှုအများစုမှာ အနည်းဆုံး ၅ မိနစ်မှ ၁၀ မိနစ်အထက် ရှိခဲ့ပေမဲ့ အခုအစဉ်အလာကြီးတဲ့ရမခကြီး လက်လွှတ်လိုက်ရခြင်းနဲ့ပတ်သက်တဲ့ ပြောကြားမှုမှာတော့ ၂ မိနစ်နဲ့ ၃၈ စက္ကန့်သာ ကြာမြင့်ခဲ့ပါတယ်။
ရုပ်ထွက်ပြောကြားခြင်းမဟုတ်လို့ အသံနေအသံထားဟာလည်း တည်ငြိမ်နေပါတယ်။
ဓာတ်ပုံ – Pro-SAC