ဘာလို့ နိုင်ငံတစ်နိုင်ငံရဲ့ ငွေကြေးက တည်ငြိမ်ဖို့ လိုအပ်တာလဲ . . .?

Author ဇက်
Categories
Published on Aug 04, 2024

“ကမ္ဘာပေါ်က ကြိုက်တဲ့ နိုင်ငံကို လက်ညှိုးထိုးကြည့်လိုက်၊ ကိုယ်ထူကိုယ်ထ ရပ်တည်နိုင်တဲ့ နိုင်ငံ တစ်နိုင်ငံမှ မရှိဘူး။” ဆိုတဲ့ စကားကို စာဖတ်သူ ကြားဖူးကောင်း ကြားဖူးပါလိမ့်မယ်။ တကယ်လို့သာ နိုင်ငံတစ်နိုင်ငံက သယံဇာတအားဖြင့် အင်မတန်ကို ပေါကြွယ်ဝလှပြီး နိုင်ငံထဲ လိုအပ်တဲ့ ကုန်စည်မှန်သမျှ ပြည်တွင်းမှာတင် ထုတ်လုပ်နိုင်တယ်ဆိုအုံးတော့၊ ဈေးသက်သက်သာသာနဲ့ လွယ်လွယ်ကူကူရဖို့ ခဲယဉ်းပါတယ်။ ဒါကြောင့်ပဲ ‘စီးပွားရေးပိတ်ဆို့တာ တို့မမှုပါ၊ သယံဇာတပေါတဲ့ ဒီတိုင်းပြည်’ ဆိုတဲ့ သီချင်းကို လှောင်ကြတာပေါ့။ ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်နိုင်ငံမဆို တခြားနိုင်ငံတွေနဲ့ ကုန်သွယ်ကို သွယ်ရပါတယ်။ ဘယ်လောက်ပဲ ကုန်ထုတ်လုပ်နိုင်စွမ်းရှိနေနေ၊ ပြည်တွင်းပစ္စည်းတွေရဲ့ ဈေးနှုန်းနဲ့ အရည်အသွေးကွာခြားချက်အရကို ပြည်ပ တင်သွင်းရတာပါ။ စီးပွားရေးရဲ့ အခြေခံသဘောတရားတွေပါပဲ။

 

တခြားနိုင်ငံတွေနဲ့ ကုန်သွယ်ရပြီဆိုရင် ကိုယ်က ကိုယ့်နိုင်ငံရဲ့ ငွေကြေးကို သူတို့ကို သွားပေးလို့ မရပါဘူး။ သူတို့ ရောင်းတဲ့ ငွေကြေးနဲ့ လျော်ညီတဲ့ ကိုယ့်ဆီက ပမာဏကို ‘ငွေလဲ’ ပြီး ဝယ်ရပါတယ်။ ဒီ့အတွက်ကြောင့် နိုင်ငံတကာငွေကြေးလဲလှယ်မှုနှုန်းတွေကလဲ ကုန်သွယ်မှုမှာ အင်မတန်အရေးပါပါရဲ့။ နမူနာ အနေနဲ့ ဗြိတိန်နိုင်ငံမှာ နေထိုင်သူတစ်ဦးက အမေရိကားမှာရှိတဲ့ တစ်ဒေါ်လာတန် မုန့်အခုတစ်သောင်း ဝယ်ချင်တယ်ဆိုပါစို့။ ဒေါ်လာတစ်သောင်းပေးပြီး ဝယ်လို့ရပါတယ်။ ဒါပေမဲ့ သူက ဗြိတိန်မှာ နေတာမို့ လက်ထဲ စတာလင်ပေါင်ပဲ ကိုင်ထားပြီး ဒေါ်လာမရှိဘူးဆိုရင် သူလိုချင်တဲ့ ပစ္စည်းက ဒေါ်လာကို သုံးတဲ့ နိုင်ငံကမို့ ငွေလဲပြီး ဝယ်မှ ရပါမယ်။ တကယ်လို့ ငွေလဲနှုန်းက တစ်ဒေါ်လာကို တစ်ပေါင်ဆိုရင် သူ့ဆီက ပေါင်တစ်သောင်းကို သူဒေါ်လာတစ်သောင်းအဖြစ် လဲရမှာပေါ့။

 

ဒါပေမဲ့ ပြဿနာက ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်ငွေကြေးမှ တစ်ခုနဲ့ တစ်ခု အချိုးအဆအတူတူ မဖြစ်ပါဘူး။ သဘောက နိုင်ငံတစ်နိုင်ငံရဲ့ ငွေကြေးတစ်ယူနစ်ဟာ တခြားနိုင်ငံက သတ်မှတ်ထားတဲ့ ငွေကြေးတစ်ယူနစ်နဲ့ တိုက်ရိုက်မညီပါဘူး။ ခုနက စတာလင်ပေါင်ကနေ အမေရိကန်ဒေါ်လာကို လဲတယ်ဆိုရင် အမေရိကန်တစ်ဒေါ်လာဟာ ၀ ဒဿမ ၈ ပေါင်နဲ့ ညီမျှပါတယ်။ လက်ရှိလဲနှုန်းအရပေါ့။ တကယ်လို့သာ ဒေါ်လာတစ်သောင်းဖိုး လဲမယ်ဆိုရင်တော့ စတာလင်ပေါင် ရှစ်ထောင်ဝန်းကျင်ပဲ ကျမှာပါ။ နှစ်နိုင်ငံ ငွေလဲနှုန်းမှာ ကွာသွားတဲ့ ပြား ၂၀ လေးရဲ့ သက်ရောက်မှုပမာဏက အဲဒီလောက် ကြီးတာပေါ့။ ဒါကြောင့် အင်မတန်ကို သေးငယ်တဲ့ ငွေကြေးအတက်အကျလေးကတောင် ပမာဏများတဲ့ ရောင်းဝယ်မှုတွေမှာ ကြီးမားတဲ့ ကွာဟချက် ဖြစ်စေနိုင်ပါတယ်။ တကယ့်တကယ်တမ်း နိုင်ငံနဲ့ချီပြီးသာ ကုန်သွယ်မှုတွေ လုပ်မယ်ဆိုရင် ဒေါ်လာဘီလျံနဲ့ ချီတာမို့ ရောင်းတဲ့နိုင်ငံနဲ့ ဝယ်တဲ့နိုင်ငံမှာ စီးပွားရေးအရ အကျိုးအမြတ်တွေ၊ အရှုံးအနိမ့်တွေ ဖြစ်စေတာပါ။ ငွေလဲနှုန်း အတက်အကျ နည်းနည်းလေးဖြစ်တာက နိုင်ငံလုံးဆိုင်ရာ သွင်းကုန်၊ ပို့ကုန် ညှိနှိုင်းမှုတွေကို ပျက်ပြယ်စေနိုင်ပါတယ်။ အလားတူပဲ၊ ညှိနှိုင်းမှုတွေကိုလဲ ပိုအဆင်ပြေစေပါတယ်။

 

ဒီတော့ နှစ်နိုင်ငံ ကုန်သွယ်ကြမယ်၊ ကူးသန်းကြမယ်ဆိုရင် အဲဒီနှစ်နိုင်ငံကြားက ငွေကြေးတွေရဲ့ လဲလှယ်နှုန်းဟာ တည်တည်ငြိမ်ငြိမ် ရှိရပါမယ်။ မိနစ်ပိုင်းအတွင်းတင် တက်လိုက်၊ ကျလိုက်၊ လျော့သွားလိုက်၊ တိုးသွားလိုက်ဖြစ်မယ်ဆိုရင် . . . တစ်နည်း ငွေလဲနှုန်းတွေက ငွေကြေးဖောင်းပွမှုအပေါ် အခြေခံနေလို့ အဲဒီနိုင်ငံမှာသာ ငွေကြေးဖောင်းပွမှုတွေ ဖြစ်နေမယ်ဆိုရင် ပြည်ပက သွင်းကုန်တွေကို ပမာဏအများကြီး ပုံပေးဝယ်ယူရမှာပါ။ တစ်နည်းထပ်ပြောရရင် အဲဒီလိုပမာဏများများနဲ့ ဝယ်သွင်းထားရတဲ့ ပစ္စည်းတွေက စီးပွားရေးအရ မျှခြေဖြစ်ဖို့ ပမာဏများများနဲ့ပဲ ပြန်ရောင်းထုတ်ရမှာမို့ ‘ပြည်ပကလာတဲ့ ကုန်တွေ ဈေးတက်တယ်’ ဆိုတာ ဖြစ်လာရတာပေါ့။

 

ဒါဖြင့်ရင် အဲဒီငွေကြေးပမာဏတွေ တည်ငြိမ်စေဖို့ ကုန်ပစ္စည်းတစ်ခုခုရဲ့ တန်ဖိုးနဲ့ တန်းညှိထားလိုက်လို့ မရဘူးလား . . . ?

 

အများစု တွေးကြမဲ့ ရွှေဆိုတာ ဒီသဘောပါပဲ။ ၁၉ ရာစုအကျော်လောက်ကနေ ၂၁ ရာစုအစောပိုင်းမတိုင်ခင်အထိ နိုင်ငံအများစုက သူတို့ရဲ့ ပြည်တွင်းသုံးငွေကြေးရဲ့ တန်ဖိုးကို ရွှေတွေနဲ့ ရေချိန်ထိ၊ တန်းညှိထားတတ်ကြပါတယ်။ ဒီလိုညှိထားလိုက်ရင် ငွေကြေးတွေရဲ့ တန်ဖိုးက အပြောင်းအလဲနည်းသွားတာပါ။ နမူနာ အမေရိကန်တစ်ဒေါ်လာက ရွှေ ၃၅ အောင်စ နဲ့ ညီမယ်ဆိုရင် ရွှေ ၃၅ အောင်စနဲ့ တစ်ဒေါ်လာတန် ပစ္စည်းကို နိုင်ငံတကာငွေတွေ လဲသလိုပဲ အလဲအလှယ်ပြု ရောင်းဝယ်လို့ ရပါတယ်။

 

ဒီသဘောတရားကို စီးပွားရေးမှာ Pegging လုပ်၊ ငွေကြေးရေချိန်ညှိတယ်လို့ မြန်မာမှုပြု ခေါ်ဝေါ်တာပါ။ ငွေကြေးတစ်ခုရဲ့ တန်ဖိုးကို တခြားငွေကြေးတစ်ခု၊ ပစ္စည်းတစ်ခုရဲ့ တန်ဖိုးနဲ့ ပုံသေညီထားလိုက်တာပေါ့။ အပေါ်က ဥပမာအတိုင်းဆိုရင် ရွှေရဲ့ အလေးချိန်ရဲ့ ငွေကြေးတစ်ယူနစ် (တစ်ဒေါ်လာ) တန်ဖိုးကို ပုံသေချလိုက်တာပါ။ ဒီမှာ စီးပွားရေးရဲ့ အင်မတန်လှပတဲ့ သဘောလေးတစ်ခု ပေါ်လာပါတယ်။ ဒီတိုင်း ရွှေရဲ့ တန်ဖိုးနဲ့ ငွေကြေးကို ပုံသေမှတ်ဖို့ဆိုတာ စကားပြောဆန်လွန်းပြီး တကယ်တမ်း ထိန်းထားနိုင်စွမ်း မရှိပါဘူး။

 

ဒီတော့ နိုင်ငံတွေက သူတို့ရဲ့ ပြည်တွင်းမှာ ရှိသမျှ ငွေကြေးတွေအားလုံးရဲ့ ပမာဏနဲ့ ညီမျှတဲ့ အရန်ရွှေအရေအတွက်ကို အရန်အဖြစ် လက်ဝယ်ထားရှိပါတယ်။ တကယ်လို့သာ အဲဒီနိုင်ငံက သူ့ရဲ့ ဘဏ္ဍာအသုံးစရိတ်ကို လိုအပ်လို့ ချဲ့ရမယ်၊ ငွေစက္ကူတွေ ထပ်တိုးရိုက်နှိပ်ရမယ်ဆိုရင် အဲဒီထပ်တိုးမဲ့ ပမာဏနဲ့ ညီမျှမဲ့ ရွှေတွေကို ထပ်တိုးထည့်ပေးရပါတယ်။ ဒါမှသာ မျှခြေဖြစ်တာပေါ့။ ဒီလိုမဟုတ်ဘဲ အသုံးစရိတ်ချဲ့ဖို့ ငွေတွေပဲ ထပ်တိုးရိုက်လိုက်မယ်၊ ပြည်တွင်းမှာ အဲဒီငွေနဲ့ ညီမျှတဲ့ ရေချိန်တန်ဖိုးတစ်ရပ် မရှိရင်၊ တိုးလာတဲ့ ပမာဏနဲ့ ညီမျှတဲ့ ကုန်စည်နဲ့ ဝန်ဆောင်မှု မရှိတော့ရင် နိုင်ငံတကာငွေလဲနှုန်းမှာ အဲဒီနိုင်ငံရဲ့ ငွေကြေးက တန်ဖိုးလျော့သွားပါတယ်။

 

တစ်ဖက်လှည့်ပြောရရင် ငွေကြေးဖောင်းပွသွားပါတယ်။ ကုန်ဈေးနှုန်းတွေ တက်သွားပါတယ်။ ဒါကြောင့် ပြည်တွင်းမှာ ငွေကြေးဖောင်းပွမှုတွေ ဖြစ်ရင် အစိုးရက နိုင်ငံပိုင်ရွှေတွေကို ပြန်ထုတ်ရောင်းနိုင်ဖို့ အရန်ရွှေတွေ ထားထားတာပါ။ ခုနက တစ်ဒေါ်လာ ၃၅ အောင်စက မတည်ငြိမ်မှုကြောင့် တစ်ဒေါ်လာ ရွှေအောင်စ ၃၀ ပဲ တန်တော့တယ်ဆိုရင် ရွှေနည်းနည်းထုတ်ရောင်းလိုက်ရင်း ဝယ်လိုအားကိုလျှော့၊ ရွှေဈေးကျအောင် ဆောင်ရွက်ရပါတယ်။ စာဖတ်သူတို့ ပြန်ပြောင်းတွေးကြည့်ပါ၊ ရွှေဈေးတွေ အဆမတန် တက်နေတယ်ဆိုတော့ . . .?

 

ဒီနည်းက ၂၁ ရာစုမတိုင်ခင်က နိုင်ငံအများစုမှာ အဆင်ပြေခဲ့ပါတယ်။ ဒါပေမဲ့ စစ်တွေဖြစ်တော့ အစိုးရတွေက ဘဏ္ဍာငွေအသုံးစရိတ်ကို ထပ်ထပ်ချဲ့ရင်း ငွေတန်ဖိုးကို တန်းမညှိနိုင်တော့လို့ ဒီစနစ်ပျက်သုဉ်းသွားလေရဲ့။ ပြည်တွင်းငွေကြေးစီးဆင်းမှုကို တည်ငြိမ်အောင် လုပ်ဖို့၊ ရွှေနဲ့ ပုံသေကားချပ် တန်ဖိုးညှိရင်း နိုင်ငံတကာငွေလဲနှုန်းကို ထိန်းနိုင်ဖို့က စီးပွားရေးစနစ်ကြီး တစ်ခုလုံးထဲမှာရှိတဲ့ ငွေပမာဏကို ထိန်းချုပ်မှပဲ ရမှာပါ။

 

တကယ်လို့ အဲဒီလိုမဟုတ်ဘဲ စနစ်ထဲမှာသာ ငွေစက္ကူအသစ်တွေ အများကြီး ရောက်လာမယ်ဆိုရင် အဲဒီနိုင်ငံရဲ့ နိုင်ငံတကာငွေလဲနှုန်းက အဝီစိကို ထိုးဆင်းသွားပါလိမ့်မယ်။ မြန်မာနိုင်ငံလို စစ်ဖြစ်တဲ့နိုင်ငံတွေမှာဆိုရင် ဒီကိစ္စက အင်မတန်သိသာပါတယ်။ စစ်အသုံးစရိတ်အတွက် ငွေပမာဏများများလိုလေ၊ ငွေစက္ကူတွေ ထပ်ထပ်ရိုက်လေ၊ အဲဒီငွေရဲ့ တန်ဖိုးဟာ ကျဆင်းလေပါပဲ။ စီးပွားရေးတောင့်တင်းတဲ့ ကမ္ဘာ့နိုင်ငံအများစုမှာတော့ ဒီငွေလဲနှုန်းကို ထိန်းထားနိုင်ဖို့ နည်းတွေ အများကြီး ထားရှိထားပါတယ်။ အပေါ်က အသုံးစရိတ် လိုငွေပြတဲ့ အခြေအနေမှာဆိုရင် ငွေကြေးအပို ရိုက်ထုတ်တဲ့အစား အသုံးစရိတ်ကို လျှော့ချရင်ချ၊ မဟုတ်ရင်တော့ လည်ပတ်နေတဲ့ စီးပွားစက်ဝန်းထဲ ထပ်ရောက်လာတဲ့ ငွေနဲ့ ညီတဲ့ ရွှေတွေ အပိုထားထားဖို့ လိုမှာပါ။ နှစ်နည်းစလုံးက လုပ်ရခဲယဉ်းသလို စစ်ဖြစ်ချိန်မှာလဲ ကာကွယ်ရေးအသုံးစရိတ်တစ်ခုတည်းကပဲ ငွေကုန်နေတာ မဟုတ်၊ တခြားကဏ္ဍပေါင်းစုံမှာလဲ ငွေလည်ပတ်မှုရှိနေမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ နှစ်နည်းစလုံး အလုပ်မဖြစ်နိုင်တော့တဲ့ Failed State ကို ရောက်နေပါပြီ။

 

တခြားနိုင်ငံတွေမှာလဲ ရွှေအပိုထားတဲ့ ဖြေရှင်းနည်းက သိပ်အဆင်မပြေတော့ပါဘူး။ အကြောင်းက ရွှေဆိုတာလဲ သူ့အရေအတွက်နဲ့သူ၊ အကန့်အသတ်ရှိတာမို့ ကိုယ်တိုင်ရွှေတူးရင် တူး၊ မဟုတ်ရင် တခြားကနေ ခေတ္တချေးရပါတယ်။ ဘယ်လိုနည်းသုံးသုံး၊ မျှခြေဖြစ်ဖို့ကတော့ အစိုးရကပဲ စီမံခန့်ခွဲရမှာပါ။ ရွှေမဟုတ်ဘဲ တခြားတစ်ခုခုကို စံထားမယ်ဆိုရင်လဲ တူညီတဲ့ သဘောပဲ ဖြစ်နေအုံးမှာပါ။ ဖြေရှင်းနည်း ‘မတတ်’ ရင်တော့ ဆင်းရဲတွင်း ‘ပိုနက်’ ပါလိမ့်မယ်။ တကယ်လဲ မြန်မာနိုင်ငံရဲ့ သန်းနဲ့ချီတဲ့ ပြည်သူတွေဟာ ဆင်းရဲတွင်းနက်နေပါပြီ။

 

ငွေကြေးစနစ်ဘက်ကို ပြန်လှည့်ရရင်တော့ တရုတ်တို့၊ ယူအေအီးတို့လို နိုင်ငံတွေက အမေရိကန်ဒေါ်လာကို စံထားပြီး သူတို့ရဲ့ ငွေကြေးစနစ်နဲ့ ရေချိန်ညှိပါတယ်။ အစိုးရက ငွေကြေးတွေကို ကိုင်တွယ်ထားတာမျိုး မရှိဘဲ ဈေးကွက်ထဲက ဝယ်လိုအားနဲ့‌ ရောင်းလိုအားအပေါ်ပဲ မူတည်သွားတာပါ။ နိုင်ငံအများစုက သူတို့ရဲ့ ငွေကြေးတန်ဖိုးကို အဲဒီလိုနည်းနဲ့ အတက်အကျနည်းအောင် ထိန်းထားရင်း စီးပွားရေးကို တည်ငြိမ်အောင် လုပ်ကြရပါတယ်။ ပြည်တွင်းမှာပဲ တည်ငြိမ်အောင် လုပ်နေတာထက် နိုင်ငံတကာလဲလှယ်မှုမှာ တည်ငြိမ်မှသာ ကုန်သွယ်မှုမှာ လိုငွေမပြမှာပါ။

 

တည်ငြိမ်ဖို့အရေးကြီးတယ်ဆိုပေမဲ့ အခြေအနေပေါ် မူတည်ပြီး နိုင်ငံရဲ့ အစိုးရက ဒီဈေးကွက်တွေကို ပညာရှိနည်းနဲ့ ကစားပေးရပါတယ်။ ကစားမတတ်ရင်တော့ ‘ကချင်ရက် လက်ကျိုး’ အခြေအနေဆိုက်ရတော့တာပေါ့။

 

ဒါဆိုရင်တော့ ဒီလိုအကြောင်းပြချက်တွေကြောင့် နိုင်ငံတစ်နိုင်ငံအဖို့ သူတို့ရဲ့ ငွေကြေးကို တန်ဖိုးမကျဆင်းအောင်၊ တည်ငြိမ်အောင် လုပ်ဖို့ လိုတယ်ဆိုတာ သဘောပေါက်လောက်ပါရဲ့။ နောက်အပတ်တွေမှာလဲ CJ Platform က စာဖတ်သူတွေအတွက် အကျိုးရှိစေမဲ့ ဆောင်းပါးတွေ၊ အကြောင်းအရာတွေကို ‘သိစေချင်လို့’ ကဏ္ဍမှာ ဆက်လက်ဖော်ပြပေးပါမယ်။