ဦးသိန်းစိန်နဲ့ NLD လက်ထက် အခွန်ညွှန်ချုပ် စီမံ/ဘဏ္ဍာ ဒုဝန်ကြီးဖြစ်လာ

Author ကိုထားဝယ်
Categories
Published on Jul 05, 2024

စစ်ကောင်စီက လစ်လပ်နေတဲ့ စီမံ/ဘဏ္ဍာ ဒုဝန်ကြီးနေရာကို ယခင် ဦးသိန်းစိန်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီအစိုးရလက်ထက် ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ချုပ် ဦးမင်းထွဋ်ကို မနေ့ ဇူလိုင် ၄ ရက်က စတင်ခန့်အပ်လိုက်ပါတယ်။

 

မေလ ၂၇ ရက်နေ့က သက်ရှည်ဝန်ကြီး ဦးအောင်နိုင်ဦးနဲ့အတူ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးမောင်မောင်ဝင်းတို့ကို စစ်ကောင်စီက အနားပေးခဲ့တာဖြစ်ပါတယ်။ သူတို့ဟာ စစ်ကောင်စီရဲ့ စီးပွားရေးမူဝါဒနဲ့ပတ်သက်ပြီး ဝေဖန်ခဲ့ပြီးနောက်ပိုင်း အခုလို ရာထူးက အနားပေးခံရတာလို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။

 

ဦးမင်းထွဋ်ဟာ ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၃ ခုနှစ်ကတည်းက ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တာပါ။

 

အဲဒီနောက် NLD တက်လာချိန်မှာလည်း ဆက်လက်တာဝန်ထမ်းခဲ့ပြီးနောက် ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလထဲ ပြည်တွင်းအခွန်ဌာနမှ ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးဌာန(NRPC)သို့ ပြောင်းရွှေ့ခံခဲ့ရပါတယ်။

 

အငြိမ်းစား ဗိုလ်မှူးတစ်ဦးဖြစ်တဲ့ ၎င်းကို အဲဒီအချိန်တုန်းက ကုမ္ပဏီတွေရဲ့ အစုရှယ်ယာတွေပေါ် အခွန်ကောက်ခံတာကို ခရိုနီစီးပွားရေးလုပ်ငန်းရှင်တွေရဲ့ တိုင်တန်းခံရပြီးနောက် ဌာနပြောင်းခံခဲ့ရတာဖြစ်တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။

 

ပြည်တွင်းအခွန်များ ဦးစီးဌာနက ၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၁၄ ရက်နေ့မှာ ရန်ကုန်တိုင်းအတွင်းရှိ အစုရှယ်ယာရှင်များအနေနဲ့ ကုမ္ပဏီများမှာ အစုရှယ်ယာ ထည့်ဝင်ခြင်းအတွက် အသုံးပြုသော ဝင်ငွေအပေါ် ဝင်ငွေရလမ်းတင်ပြရတဲ့ ကိစ္စရပ်များ စိစစ်ခြင်းနဲ့ အခွန်စည်းကြပ်ခြင်းဆိုင်ရာ စီမံချက် အဖွဲ့ ဖြင့် ဆောင်ရွက်ပေးမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်

 

Related News

Depend on news