လေးဖြူသီချင်းပါတဲ့ PDF အဖွဲ့တွေရဲ့ ရုပ်သံများ မထုတ်လွှင့်ပေးတော့ဘူးလို့ မြို့တော်(NEWS Channel)ထုတ်ပြန်

Author အညာသား
Categories
Published on Jul 05, 2024

လေးဖြူသီချင်းတွေနဲ့ နောက်ခံ Music လုပ်ထားတဲ့ PDF တပ်ဖွဲ့တွေရဲ့ တိုက်ပွဲသတင်း၊ ကမ်ပိန်းအပါအဝင် တော်လှန်ရေးနဲ့သက်ဆိုင်တဲ့ တခြားလှုပ်ရှားမှု ဗီဒီယိုများကို ပြန်လည် ထုတ်လွှင့်ပေးတော့မည်မဟုတ်ကြောင်း မြို့တော်(NEWS Channel)က ဒီနေ့ ဇူလိုင် ၅ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

 

အဆိုတော် လေးဖြူဟာ ဇူလိုင် ၂ ရက်က နေပြည်တော်ရှိ စစ်တပ်အသိုင်းအဝိုင်းနဲ့ဆက်နွယ်နေတဲ့ VIP စားသောက်ဆိုင်မှာ သွားရောက်ဖျော်ဖြေစဉ် ၎င်းကို သပိတ်မှောက်မယ့် BC(Boycott)ဆိုတဲ့ စကားလုံးကို နားမလည်ကြောင်းနဲ့ A to Z ဘာမှ နားမလည်ကြောင်းပြောခဲ့တဲ့ ဗီဒီယိုဖိုင် လူမှုကွန်ရက်ပေါ်မှာ ပျံနှံ့ခဲ့ပါတယ်။

 

အဲဒီနောက် ဒီနေ့မှာတော့ မြို့တော်သတင်းဌာနက အမဲလိုက်အက သီချင်းကို နောက်ခံအဖြစ် ထည့်သွင်းလေ့ရှိလို့ လေးဖြူသီချင်းတွေပါတဲ့ တော်လှန်ရေးရုပ်သံတွေကို မထုတ်လွှင့်ပေးတော့ဘူးလို့ ဆိုလာတာပါ။

 

မြို့တော်သတင်းဌာနဟာ PDF တပ်ရင်းတပ်ဖွဲ့ တွေရဲ့ တိုက်ပွဲသတင်း၊ ကမ်ပိန်းအပြင် တော်လှန်ရေးနဲ့ သက်ဆိုင်တဲ့လှုပ်ရှားမှုဗီဒီယိုများ ပြည်သူလူထုကျယ်ကျယ်ပြန့်ပြန့် သိရှိစေဖို့ ရည်ရွယ်တည်ထောင်ထားတာဖြစ်ပါတယ်။

 

မြန်မာတေးသီချင်းပရိသတ်ကြား ထိပ်သီး Rock အဆိုရှင်အဖြစ်ကျော်ကြားတဲ့ လေးဖြူဟာ အခုတော့ ဝေဖန်မှုများစွာခံနေရပါတယ်။ ၎င်းဟာ VIP စားသောက်ဆိုင်မှာ မဖျော်ဖြေခင်ကတည်းက ဝေဖန်ခံနေရပြီးနောက် အဲဒီမှာ ပြောခဲ့တဲ့စကားတွေကြောင့် သူ့ရဲ့အမာခံပရိသတ်တွေအပြင် နယ်ပယ်အသီးသီးကပုဂ္ဂိုလ်တွေက အမြင့်ဆုံးဝေဖန်မှုတွေပြုလုပ်ခြင်းခံနေရတာဖြစ်ပါတယ်။

 

လေးဖြူရဲ့ “​ရေ​မျောကမ်းတင်” သီချင်းကို​ရေး​ခဲ့​​တဲ့ Generation Wave တည်​ထောင်သူ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူလည်းဖြစ်တဲ့ မိုဃ်းသွေးက ဒိုင်ယာရီအခွေအတွက် သူရေးပေးထားတဲ့ “ရေမျောကမ်းတင်” သီချင်းကို လေးဖြူအနေနဲ့ ပွဲတွေမှာမဆိုဖို့ တားမြစ်လိုက်တယ်လို့လည်း ဇူလိုင် ၄ ရက်က အသိပေးရေးသားထားတာ တွေ့ရပါတယ်။

 

ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)ကလည်း လွမ်းလောက်လို့လား အမည်ဖြင့် ကဗျာတစ်ပုဒ်ကို ၎င်းရဲ့လူမှုကွန်ရက်မှာ ရေးသားဖော်ပြထားပါတယ်။

 

TNLA ရဲ့ အထွေထွေအတွင်းရေးမှူးချုပ် ဗိုလ်မှူးချုပ် တာဘုန်းကျော်က ဆရာ မောင်စိန်ဝင်း(ပုတီးကုန်း)ရဲ့ ကဗျာကို ပြန်လည်မျှဝေရင်း “ဆရာ့ကဗျာကြောင့် အလင်းပွင့်ရပါတယ်။ တကယ်မလွမ်းလောက်တော့ပါ။ ငယ်ငယ်ကတည်းက လည်ချောင်းကွဲမတတ်အော်ခဲ့တာကို နှမျော” ဆိုပြီး မှတ်ချက်ပေးထားပါတယ်။

 

လေးဖြူဟာ အသံအားကောင်းကောင်း ဟန်မာန်အပြည်နဲ့ သီချင်းတွေကိုသီဆိုတတ်လို့ သူ့မွေးရပ် ရှမ်းပြည်(တောင်ပိုင်း)အပြင် နိုင်ငံတဝန်းမှာ နှစ်ပေါင်းများစွာ ပရိသတ်အခိုင်အမာရရှိထားတဲ့ ရော့ခ်အဆိုတော်တစ်ဦးဖြစ်ပါတယ်။

 

သူ့ကို ၁၉၆၅ ခုနှစ် မေလ ၁၉ ရက်မှာ မွေးဖွားခဲ့သလို အင်းလေးဇာတိဖြစ်ပါတယ်။ ရော့ခ် အဆိုတော်တစ်ဦးဖြစ်တဲ့ အငဲရဲ့ အစ်ကိုအရင်းဖြစ်သလို မန္တလေးတက္ကသိုလ်ကနေ အင်္ဂလိပ်စာ အထူးပြုဖြင့် ဝိဇ္ဇာဘွဲ့ ရရှိခဲ့သူဖြစ်ပါတယ်။

 

ဓာတ်ပုံ-လူမှုကွန်ရက်