ရန်ကုန်မှာ မဖွင့်တဲ့ ရွှေဆိုင်တွေကို အရေးယူမယ်လို့ YGEA ထုတ်ပြန်

Author ကိုထားဝယ်
Categories
Published on Jun 05, 2024

ရန်ကုန်မြို့မှာ စစ်ကောင်စီရဲ့အဖမ်းအဆီးတွေကြောင့် ရွှေဆိုင်တွေပိတ်ထားတာကို မဖွင့်ရင် အရေးယူမယ်လို့ စစ်ကောင်စီ ဩဇာခံ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း(YGEA)က ထုတ်ပြန်လိုက်ပါတယ်။

 

ရွှေဈေးနှုန်းတည်ငြိမ်ရေးအတွက် ရွှေဆိုင်တွေအနေနဲ့ နေ့စဉ်ဖွင့်လှစ်ပြီး YGEA က သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချဖို့၊ သက်ဆိုင်ရာက လာစစ်လို့ ညွှန်ကြားချက်ကိုမလိုက်နာရင် ထိထိရောက်ရောက်အရေးယူဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီ လက်ဝေခံ ရွှေကုန်သည်တွေနဲ့ဖွဲ့စည်းထားတဲ့ YGEA က ပြောဆိုပါတယ်။

 

ဒါပေမဲ့ YGEA က နေ့စဉ်ထုတ်ပြန်တဲ့ ရွှေဈေးနှုန်းတွေနဲ့ ပြင်ပရွှေဈေးနှုန်းတွေဟာ ကွာဟနေတာကို တွေ့မြင်ရပါတယ်။ ဒါကြောင့် ပြင်ပရွှေဈေးကွက်ထဲ ၎င်းတို့ ရွှေဈေးနှုန်းနဲ့ရောင်းဝယ်လေ့မရှိဘဲ ပြင်ပမှာဖြစ်ပေါ်နေတဲ့ ဈေးနှုန်းတွေအတိုင်းသာ ရောင်းဝယ်နေကြတာဖြစ်ပါတယ်။

 

ဒါပေမဲ့ စစ်ကောင်စီက ဇွန်လ ၂ ရက်နေ့မှာ ရွှေလုပ်ငန်းရှင် ၂၁ ဦးကို ဖမ်းဆီးစစ်ဆေးခဲ့တဲ့အပြင် အောင်သမာဓိ၊ ဇွဲထက်တို့ရဲ့ ပိုင်ရှင်တွေအပါအဝင် နာမည်ကြီးရွှေလုပ်ငန်းရှင် ၁၀ ဦးကို ဖမ်းဝရမ်းထုတ်ခဲ့တာကြောင့် ရန်ကုန်က ရွှေဆိုင်အများအပြား ပိတ်ပြီး အရောင်းအဝယ်မလုပ်ကြတော့တာပါ။

 

အဲဒါကြောင့်ပဲ ပြင်ပရွှေဈေးကွက်တစ်ခုလုံးလည်း ရပ်ဆိုင်းသွားသလို ရွှေထည်ဈေးကွက်ဟာလည်း အရောင်းအဝယ်ရပ်တန့်လို့နေတယ်လို့ ရွှေဈေးကွက်ထဲကနေ သိရပါတယ်။

 

ဒီနေ့ ဇွန်လ ၅ ရက်မှာ ပြင်ပရွှေဈေးကွက်ထဲ အရောင်းအဝယ်မလုပ်ကြလို့ ဈေးနှုန်းဖွင့်လှစ်မလာနိုင်ဘဲ မနေ့ကတော့ အကယ်ဒမီမီးလင်းရွှေ ၁၆ ပဲရည်တစ်ကျပ်သား ၄၈ သိန်း ခုနစ်သောင်းနဲ့ ဈေးပိတ်ခဲ့တာကိုတွေ့မြင်ရပါတယ်။

 

ဒီနေ့ YGEA ရဲ့ အဖွင့်ဈေးနှုန်းကတော့ ၁၆ ပဲရည်တစ်ကျပ်သား ၄၈ သိန်း တစ်သောင်းခွဲကျပ်နဲ့ မန္တလေးတိုင်းရွှေလုပ်ငန်းရှင်များအသင်း(MGEA)ရဲ့ အဖွင့်ဈေးက ၄၈ သိန်း ငါးထောင်ကျပ်ဖြစ်တယ်လို့ YGEA က ထုတ်ပြန်ထားပါတယ်။