အာဏာရူးရဲ့ အပူမီးအပြင် ကမ္ဘာ့အပူဆုံးစံချိန်တွေမှာပါ ပါဝင်ခဲ့ရတဲ့ မြန်မာပြည်သူတွေ

Author ကိုထားဝယ်၊ အညာသား၊ မင်းထက်
Categories
Published on May 05, 2024

မြန်မာ့အပူဆုံး မကွေးတိုင်းထဲက ချောက်မြို့ဟာ ဧပြီလ ၂၉ ရက်နေ့မှာတော့ အပူချိန် ၄၈ ဒသမ ၂ ဒီဂရီ ဆဲလ်ဆီးယက်နဲ့ ကမ္ဘာ့အပူဆုံးစံချိန်ဝင်ခဲ့ပါတယ်။ အဲဒီလိုပဲ မကွေး၊ မန္တလေးနဲ့ ညောင်ဦးမြို့တို့ဟာလည်း အပူချိန်စံချိန်သစ်တွေဝင်ခဲ့ပါတယ်။ ဒါကြောင့် အဲဒီမြို့က လူတွေ အပူဒဏ်ကို ဘယ်လိုအံတုနေလဲဆိုတာအပါအဝင် အပူဒဏ်ကြောင့် နေ့စဉ်ဘဝအခြေအနေတွေမှာ ဘယ်လိုအခက်အခဲတွေ ကြုံတွေ့နေရသလဲဆိုတာတွေကို CJ Platform သတင်းဌာနက ဒေသခံတွေကို မေးမြန်းပြီး ကောက်နုတ်ဖော်ပြအပ်ပါတယ်။

****************************************

 

“ဒီနှစ်က တစ်လ စောတော့ နောက်လကျ ဘယ်လို ထပ်ပူပြမလဲ မသိသေးပါဘူးဗျာ။”

 

ချောက်မြို့ အသက် ၄၀ ကျော် ဒေသခံအမျိုးသားတစ်ဦး

 

အခု(ဧပြီ ၂၉ ရက်) မိုးဖွဲဖွဲ ကျနေ‌လို့ ပျော်နေတာ။ (ဧပြီ ၂၉ ရက်)မိုးက မစိုမစွတ်ရွာသွားတော့ အိုက်စပ်‌နေတာပဲ။ မြေငွေ့တွေက အရမ်းပြန်နေတာ။ အပူဒဏ်ကို ကြံဖန်ကြိုးစားပြီး အေးနိုင်အောင်လုပ်နေတာပါ။ ခေါင်းတွေ ကြိမ်းတဲ့အထိ ခံစားရတယ်။ အသက်ကြီးသူတွေ ရောဂါသည်တွေ သေဆုံးမှုများတယ်။ အပူဒဏ်က တော်တော်ဆိုးတယ်။ မခံနိုင်ဘူး။ အရင်နှစ်တွေကထက် ဒီနှစ်က တော်တော့်ကို ပိုတာ။ တော်တော်ကို မနေနိုင်တာ။ ၁၂ နာရီကျော်ရင် ဖျာ၊ မြေကြီး၊ သံပန်သလင်း၊ ခုံ အားလုံးကို တန်းပူတာ။ ကျန်းမာရေးဘက်မှာတော့ အပူကများတော့ ခေါင်းတွေ ဒဏ်ခံရတာပေါ့။ အပူကျရင် သက်သာပါတယ်။

 

ရွာဘက်တွေက ရေကန်တွေတော့ ခန်းတာပေါ့။ မြို့ကကျ မြစ်ရေတင် ရေပေးဝေရေးလေ။ ဒါပေမဲ့ မြို့ပေါ်ကလူတွေလည်း ရေပြည့်ပြည့်ဝဝမရပါဘူး။ စည်ပင်က နွေဆို ပညာပေးတယ်။ မငတ်ရုံပေးတာ။ ဒါကြောင့် ချောက်မှာ စိုက်ပျိုးသမျှ သစ်ပင်တွေ နွေရောက်ရင် သေကုန်ရော။ တစ်ယူနစ်ကို ၅၅၀ ကျပ် ပေးဆောင်နေရတာတောင် ပညာပြတာ။ ဓာတ်ဆားရေ မသောက်လို့ကတော့ ချွေးထွက်လွန်တာနဲ့ သေ‌သွားနိုင်တာ။ ပူတော့ အစားလည်း မစားနိုင်ပါဘူး။ ထမင်းထက် ရေ ရေ နေတာပဲ။ ၁၀ နာရီ ကျော်တာနဲ့ ဗိုက်ထဲ ရေပြီး ရေပဲ။ နေ့လယ်စာဆို ဗိုက်က ဆာ၊ ရေကသောက်။ စားတော့လည်း မစားချင်သလို။ ညစာကျမှ အမုန်းစွဲတော့တာပဲ။

 

နှစ်စဉ်က နောက်လမှ ပူတာ။ ဒီနှစ်က တစ်လ စောတော့ နောက်လကျ ဘယ်လို ထပ်ပူပြမလဲ မသိသေးပါဘူးဗျာ။ ဒီမှာက ညဘက်တွေ ပုံမှန် မီးလေးလာတော့ အိပ်ပျော်ပါတယ်။ တကယ်ပူတဲ့အချိန် နေ့လယ်တိုင်းသာ မီးအမြဲပျက်တာ။ မြို့ပေါ်တော့ လေပြင်းတွေမတိုက်သေးဘူး။ ရွာဘက်တွေတော့ အရင်ရက်ပိုင်းက တိုက်တယ်။

****************************************

 

“ရပ်ကွက်ထဲတင်ကို ရှစ်ဦးလောက်ပျက်စီး(သေဆုံး)သွားတယ်။”

 

မန္တလေးမြို့ခံတစ်ဦး

 

မန္တလေးမှာ နေ့အပူချိန်က ၄၀ ဒီဂရီကျော်သွားတော့ အပူဒဏ်ခံစားရတာ သိသိသာသာတိုးလာတယ်။ မီးပျက်တာကလည်း အချိန်ပြည့်ဆိုတော့ ပန်ကာလည်းမကူနိုင်ဘူး။ လေငြိမ်တဲ့ရက်ဆို နေစရာကိုမရှိဘူး။ ရောဂါအခံကြောင့်လား။ အပူဒဏ်ကြောင့်လားတော့ သေချာမသိရပေမဲ့ သေဆုံးသူတွေလည်းရှိတယ်။

 

မေ ၂ ရက်ညက မိုးရွာထားလို့ ဒီနေ့(မေ ၃ ရက်)တော့ နည်းနည်းနေသာတယ်။ ၂၀၁၀ မေမှာ အယ်နီညို ဖြစ်ခဲ့တာ။ ခုနှစ်ထက်ပိုပြင်းတယ်။ အသေအပျောက်လည်း များခဲ့တယ်။ အဲဒီတုန်းက လမ်းပေါ်မှာ နာရေးကားတွေ မပြတ်ဘူး။

 

တောက်လျှောက်သွားနေတာပဲ။ ခြောက်မိုင်တို့ ဆင်ခေါင်းတို့ဘက်လည်း အပူရှောင်သွားကြတာတွေရှိတယ်။ ရပ်ကွက်ထဲတင်ကို ရှစ်ဦးလောက်ပျက်စီး(သေဆုံး)သွားတယ်။ ရောဂါအခံလည်းရှိသလို အပူဒဏ်ကြောင့်လည်း ဖြစ်မယ်ထင်တယ်။ အပူဒဏ်ပြင်းတော့ ချွေးထွက်များပြီး လူနုံးတာပေါ့။ ညဘက်လည်း အိပ်မပျော်ကြတော့ အိပ်ရေးပျက်အစားပျက်တာတွေလည်းပါမှာပေါ့။ ဟိုဘက်ရက်တွေကဆို ထိုင်နေရင်းတောင် ချွေးဒီးဒီးကျတယ်။ ရေခဲနဲ့ ဓာတ်ဆားထုပ်တွေ ဈေးတက်သွားတယ်။ အရင် ၂၅၀ဝ(နှစ်ထောင့်ငါးရာ)တန် ရေခဲအိတ်က လေးထောင်(၄၀ဝ၀)ဖြစ်သွားတယ်။ Royal D က တစ်ထုပ် သုံးရာလောက်ကနေ လေးရာ့ငါးဆယ်(၄၅၀)ဈေးတက်သွားတယ်။ ပူတော့ ရေခဲရေသောက်တာများလာပြီး လည်ချောင်းနာတာ၊ အသံဝင်တာ၊ မိတ်ပေါက်တာတွေများလာကြတယ်။

****************************************

 

“ကျွန်တော်ဆို အိမ်ထဲမှာနေလည်း အင်္ကျီတောင်မကပ်နိုင်ဘူး။”

 

ညောင်ဦးဒေသခံတစ်ဦး

 

ဒီမှာတော့ မနက် ၉ နာရီနောက်ပိုင်း နေက အရမ်းပူတယ်လေ။ အလုပ်ကတော့ မလုပ်နိုင်ဘူး။ တောင်သူပဲလုပ်တော့ မနက်ခင်းပိုင်းလောက်ပဲလုပ်နိုင်တယ်။ လျှပ်စစ်မီးကလည်း တစ်ရက်ခြား တစ်ခါ လာတာမျိုးပဲရှိတော့ ယပ်တောင်နဲ့ပဲ နေရတာပေါ့။ အားလုံးကလည်း နေ့ခင်းဘက်ဆို သိပ်မထွက်ကြတော့ဘူး။ ကိုယ့်အိမ်ထဲမှာ ကိုယ်နေကြတယ်။ ကျွန်တော်ဆို အိမ်ထဲမှာနေလည်း အင်္ကျီတောင်မကပ်နိုင်ဘူး။ အပူချိန်ကတော့ ၄၀ ကျော်ရှိတယ်။ ဒီဘက် ညောင်ဦးဘက်ကတော့။ အပြင်ထွက်ကြတဲ့သူတွေလည်း နည်းတယ်။ ထွက်ရင်လည်း ဦးထုပ်တို့ ထီးတို့ဆောင်းသွားလာကြတာတော့ ရှိတာပဲ။ တော်တော်ကိုပူတယ်။ ဒီရက်ပိုင်းတွေ။

****************************************

 

“ထိုင်နေရင်းကို ပင်ပန်းနေရတာ။”

 

မကွေးဒေသခံတစ်ဦး

 

အပူကတော့ မကွေးက တော်တော်ပူတယ်။ ကျွန်တော်တို့ဘက်မှာ နေပူဒဏ်က ပြင်းတယ်။  သွားရလာရနေရထိုင်ရတာလည်း ပူတော့ အဆင်မပြေဘူး။ အလုပ်ကလည်း ကျန်းမာရေးကြောင့် နားထားတယ်။ ဒီအပူဒဏ်နဲ့ လုပ်နိုင်စရာကိုမရှိဘူး။ ထိုင်နေရင်းကို ပင်ပန်းနေရတာ။ မီးကမမှန်တော့ ပိုဆိုးတယ်။ မီးလာမှ ပန်ကာလေးဘာလေးနဲ့ အပူနည်းနည်း သက်သာဦးမယ်။ အပူဒဏ်ကြောင့်တော့ နှာစေးတာတွေ၊  နာမကျန်းတာတွေဖြစ်တာရှိတယ်။ အပူရှပ်တာတို့၊ အပူကြောင့်ချွေးတအားထွက်ပြီး ကိုယ့်ချွေးနဲ့ကိုယ် အအေးပတ်တာတွေဖြစ်ကြတယ်။