“ဒီတစ်ပတ် ကမ္ဘာကြီး ဘာထူးလဲ” (ဧပြီ ၂၈ မှ မေ ၄ ရက်အထိ)

Author ကိုထားဝယ်
Categories
Published on May 04, 2024

ဒီတစ်ပတ်(ဧပြီ ၂၈ မှ မေ ၄ ရက်အထိ)အတွင်း ကမ္ဘာ့သတင်းလွှာထဲ အစ္စရေးရဲ့ အပစ်ရပ်ရေး အဆိုပြုချက်၊ အမေရိကန်နဲ့ ဥရောပတလွှားက အစ္စရေးဆန့်ကျင်ရေးနဲ့ ပါလက်စတိုင်းထောက်ခံရေး တက္ကသိုလ်ဆန္ဒပြပွဲတွေ ဖြိုခွင်းခံရတာ၊ တရုတ်မှာ အဝေးပြေးလမ်းမြေပြိုလို့ သေဆုံးသူ ၄၀ နီးပါးအထိတိုးလာတာ၊ ကန်ဒေါ်လာ ၁၃၀၀ ကျော်တန် ထီပေါက်တဲ့ ကင်ဆာဝေဒနာရှင်၊ တေလာဆွိဖ်ရဲ့ တေးအယ်လ်ဘမ်သစ်အောင်မြင်မှုသတင်းတွေကို ထိပ်တန်းရောက်သတင်းတွေအဖြစ် စုစည်းဖော်ပြထားပါတယ်။

****************************************

 

“အစ္စရေး-ဟားမက်စ်အပစ်ရပ်ရေး လမ်းစပွင့်လာပြီလား”

 

အမေရိကန်-အီဂျစ်နဲ့ ကာတာနိုင်ငံတို့က ခုနစ်လကြာ အစ္စရေး-ဟားမက်စ်စစ်ပွဲ အပစ်ရပ်စဲရေး ကြားဝင်ညှိနှိုင်းမှုတွေ လုပ်ဆောင်ပေးနေတာဖြစ်ပါတယ်။

 

အခုပတ်ထဲထွက်ပေါ်လာတဲ့ အစ္စရေးရဲ့အဆိုပြုချက်ထဲမှာ ရက်ပေါင်း ၄၀ ခေတ္တ အပစ်ရပ်ဖို့ အစ္စရေး ဓားစာခံတွေနဲ့ ပါလက်စတိုင်း အကျဉ်းသား ထောင်နဲ့ချီကို လဲလှယ်ကြဖို့ဖြစ်ပါတယ်။

 

အစ္စရေးက ဂါဇာတောင်ပိုင်း ရာဖာမြို့က ဟားမက်စ်အမာခံတွေကို ထိုးစစ်ဆင်ဖို့စီစဉ်နေပါတယ်။ လက်ရှိ ရာဖာမြို့မှာ ဂါဇာကနေ ထွက်ပြေးခိုလှုံနေတဲ့ ပါလက်စတိုင်း တစ်သန်းလောက်ရှိနေတာပါ။ အစ္စရေးကသာ စစ်ဆင်ရေးဖော်ဆောင်မယ်ဆိုရင် ဂါဇာမြောက်ပိုင်းလို ဖြစ်လာမယ့်အရေး ကုလသမဂ္ဂ UNOCHA က စိုးရိမ်နေပါတယ်။

 

ဟားမက်စ်ဘက်ခေါင်းဆောင်ပိုင်းကလည်း အစ္စရေးအဆိုပြုချက်ကို အလေးအနက်ထား စဉ်းစားနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။

 

ဟားမတ်စ်အကြီးအကဲ Ismail Haniyeh က အစ္စရေးဘက်က နောက်ဆုံးတင်ပြတဲ့ အဆိုပြုချက်အတွက် အပြုသဘောနဲ့ ဆန်းစစ်လေ့လာနေတဲ့အကြောင်း အီဂျစ်နဲ့ ကာတာတို့ရဲ့ ညှိနှိုင်းရေးမှူးတွေကို မေ ၂ ရက် ကြာသပတေးနေ့က ဖုန်းနဲ့ လှမ်းပြောခဲ့ပါတယ်။

 

အမေရိကန် ထောက်လှမ်းရေး အကြီးအကဲ William Burns ဟာလည်း ဂါဇာအရေး ဆွေးနွေးဖို့ ဧပြီ ၃ ရက် သောကြာနေ့မှာ အီဂျစ်နိုင်ငံ ကိုင်ရိုကို သွားရောက်ခဲ့ပါတယ်။

 

အခု အစ္စရေးရဲ့ ရက် ၄၀ အပစ်ရပ်ရေး ကမ်းလှမ်းချက်ကို အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး မစ္စတာ အန်တိုနီ ဘလင်ကန်က ရက်ရောတဲ့ကမ်းလှမ်းမှုလို့ မှတ်ချက်ပြုသလို ဟားမက်စ်ဘက်က လက်ခံဖို့ တိုက်တွန်းထားပါတယ်။

****************************************

 

“ဖြိုခွင်းခံရမှုတွေရှိလာတဲ့ နိုင်ငံကြီးတွေက တက္ကသိုလ်ဆန္ဒပြမှုများ”

 

အစ္စရေး-ဟားမက်စ်စစ်ပွဲ ဆန့်ကျင်ရေးဆန္ဒပြပွဲတွေ အမေရိကန်နဲ့ ဥရောပတစ်လွှားက တက္ကသိုလ်ကျောင်းတွေမှာ ပြီးခဲ့တဲ့ဧပြီလနှောင်းပိုင်းကစပြီးပေါ်ပေါက်လာခဲ့ပါတယ်။

 

အခုအပတ်ထဲမှာ အဲဒီဆန္ဒပြပွဲတွေ ပိုမိုအားကောင်းလာသလို အာဏာပိုင်တွေဘက်က ပြန်လည်ဖြိုခွင်းတာတွေ လုပ်ဆောင်လာခဲ့တာကို တွေ့မြင်ခဲ့ရပါတယ်။

 

မေလ ၁ ရက်နေ့ကစပြီး အမေရိကန်တက္ကသိုလ်တွေမှာ ဆန္ဒပြသူတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ရှင်းလင်းရေးတွေ စတင်ခဲ့ပါတယ်။ ဆန္ဒပြသူ တစ်ထောင်ကျော်ဖမ်းဆီးခံခဲ့ရပါတယ်။

 

မေ ၂ ရက် ကြာသာပတေးနေ့ မနက်အစောပိုင်းက လော့စ်အင်ဂျလိစ်က ကယ်လီဖိုးနီးယားတက္ကသိုလ်မှာ ဆန္ဒပြသူတွေရဲ့ အတားအဆီးတွေကို ရဲတွေက စတင်ဖယ်ရှားခဲ့ပါတယ်။ ရဲတွေက မီးတောက်ထွက်တဲ့ အချက်ပြသေနတ်တွေ မိုးပေါ်ပစ်ဖောက်ခဲ့သလို ယာယီတဲတွေကို အတင်းဖယ်ရှားခဲ့ပြီးနောက် ဆန္ဒပြသူ တချို့ကို ဖမ်းဆီးမှုတွေရှိခဲ့ပါတယ်။

 

သမ္မတ ဂျိုးဘိုင်ဒန်က လွတ်လပ်စွာဆန္ဒထုတ်ဖော်ခွင့်ရှိပေမဲ့ ဥပဒေချိုးဖောက်ခွင့်မရှိဘူးလို့ ဆန္ဒပြကျောင်းသားတွေကို သတိပေးပြောကြားပါတယ်။

 

အောက်တိုဘာ ၇ ရက်ကစတင်ဖြစ်ပွားတဲ့ ဟားမက်စ် တိုက်ခိုက်မှုနဲ့ အစ္စရေးရဲ့ လက်တုံ့ပြန်မှုတွေကိုဆန့်ကျင်တဲ့ ကျောင်းသားတွေဟာ ချီတက်ဆန္ဒပြတာ၊ ထိုင်သပိတ်နဲ့ အစာငတ်ခံ ဆန္ဒပြတာတွေအပြင် သပိတ်စခန်းတွေအထိ ဖွင့်လာကြပါတယ်။

 

နယူးယောက်က ကိုလံဘီယာ တက္ကသိုလ် ဥက္ကဋ္ဌက တက္ကသိုလ်နယ်မှာဖြစ်နေတဲ့ ဂျူးဆန့်ကျင်ရေးအကြောင်း ကွန်ဂရက်လွှတ်တော်မှာ ထွက်ဆိုပြီးနောက် ဆန္ဒပြပွဲတွေ စခဲ့တာပါ။

 

အဓိကအနေနဲ့ ဆန္ဒပြသူတွေဟာ သူတို့တက်နေတဲ့ကျောင်းတွေမှာ စီးပွားရေး၊ လူမှုရေးအပါအဝင် အစ္စရေးနဲ့ မပတ်သက်ဖို့ လိုလားနေကြတာဖြစ်ပါတယ်။

 

အမေရိကန်ပြည်ထောင်စု အရှေ့မြောက်ပိုင်းက ဘရောင်း၊ ယေးလ်၊ ဟားဗတ်၊ ဂျွန်စ်ဟော့ပ်ကင်းစ်၊ ကော်နဲလ်၊ ပရင့်စတန်၊ အမ်အိုင်တီ စတဲ့ ကျောင်းကြီးတွေအပါအဝင် အနောက်ဘက် ကမ်းရိုးတန်း လော့ဆန်းဂျလိစ်နဲ့ ဘာကလေက ကယ်လီဖိုးနီးယားတက္ကသိုလ်တွေနဲ့ ဝါရှင်တန်တက္ကသိုလ် အနောက်အလယ်ပိုင်းက ဝစ္စကွန်ဆင်၊ အင်ဒီယားနား၊ အိုဟိုင်းယိုး၊ ချီကာဂိုစတဲ့ တက္ကသိုလ်တွေ တောင်ပိုင်းက ကျူလိန်း၊ မြောက်ကယ်ရိုလိုင်းနား၊ ဂျော်ဂျီယာ စတဲ့ တက္ကသိုလ်တွေ၊ အနောက်တောင်ပိုင်းက တက္ကဆက်နဲ့ အာရီဇိုးနားပြည်နယ်တက္ကသိုလ်တွေ ပါဝင်ပါတယ်။

 

သြစတြေးလျ၊ ကနေဒါ၊ ပြင်သစ်၊ အီတလီနဲ့ ဗြိတိန်က တက္ကသိုလ်ပရိဝုဏ်တွေမှာလည်း ပါလက်စတိုင်းအရေး ဆန္ဒပြခဲ့ကြပါတယ်။

****************************************

 

“အဝေးပြေးလမ်း မြေပြိုလို့ လူ ၄၀ နီးပါးအထိသေဆုံးခဲ့ရတဲ့ တရုတ်”

 

တရုတ်နိုင်ငံတောင်ပိုင်းက ကွမ်တုန်းပြည်နယ်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း မိုးသီးကြွေတာအပြင် စံချိန်တင် မိုးရွာခဲ့တဲ့အတွက် ရေကြီးတာနဲ့ မြေပြိုတာတွေဖြစ်ခဲ့ပါတယ်။

 

အဲဒီအကျိုးဆက်ကြောင့် မေ ၁ ရက် အစောပိုင်းကဖြစ်ပွားခဲ့တဲ့ တရုတ်တောင်ပိုင်းက အဝေးပြေးလမ်းမတစ်ခု မြေပြိုမှုမှာ သေဆုံးသူ ၂၀ ခန့်သာရှိခဲ့ရာကနေ ၂ ရက်နေ့အရောက်မှာ သေဆုံးသူ ၄၀ နီးပါးအထိရှိတိုးလာခဲ့တာပါ။

 

ကွမ်တုန်းပြည်နယ် Meizhou မြို့နဲ့ Dabu ခရိုင်ကြားက အဝေးပြေးလမ်းပိုင်းမှာ ရုတ်တရက်ပြိုကျသွားတာကြောင့် သေဆုံးသူတွေအပြင် လူ ၃၀ ထက်မနည်းလည်း ဒဏ်ရာရခဲ့တဲ့အပြင် ကား ၂၃ စင်းလည်း အောက်ကို ပြုတ်ကျသွားခဲ့ပါတယ်။

 

ဒီဒေသမှာ မိုးအဆက်အပြတ် အကြီးအကျယ်ရွာသွန်းပြီး ရာသီဥတုဆိုးရွားမှုကြောင့် အခုလို လမ်းပြိုကျသွားတာဖြစ်တယ်လို့ တရုတ်အစိုးရပိုင်မီဒီယာတွေမှာဖော်ပြကြပါတယ်။

****************************************

 

“ဒေါ်လာသန်း ၁၃၀၀ ကျော်တန် အမေရိကန်ထီဆုပေါက်တဲ့ ကင်ဆာဝေဒနာရှင်”

 

အမေရိကန်ပြည်ထောင်စုက ကန်ဒေါ်လာသန်း ၁၃၀၀ တန် ထီဆု လာအိုနိုင်ငံဖွား ရွှေ့ပြောင်းအမျိုးသားတစ်ဦး ကံထူးခဲ့ပါတယ်။

 

Powerball ထီလို့အမည်ရတဲ့ ထီဆုကို လက်ရှိအမေရိကန်ပြည်ထောင်စုမှာ ရွှေ့ပြောင်းနေထိုင်နေသူ Oregon ပြည်နယ် ပေါ့လန်း(Portland)မြို့က ချာလီ ဆေဖန်(Charlie Saephan)က ဆွတ်ခူးသွားတာပါ။

 

သူဟာ လာအိုနိုင်ငံကနေ ၁၉၈၇ ခုနှစ်မှာ ထိုင်းနိုင်ငံကို ပြောင်းရွေ့နေထိုင်ခဲ့ပြီး ထိုင်းနိုင်ငံကနေ အမေရိကန်ပြည်ထောင်စုကို ၁၉၉၄ ခုနှစ်မှာ ပြောင်းရွှေ့လာသူဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်ကတည်းက ကင်ဆာရောဂါဝေဒနာကို ရှစ်နှစ်ကြာ ခံစားနေရသူလည်းဖြစ်ပါတယ်။

 

ဆုကြေးငွေဟာ အမေရိကန် ထီသမိုင်းမှာ အဋ္ဌမမြောက်အများဆုံး ပမာဏဖြစ်ပြီး ထီကို ချာလီရဲ့ဇနီး ဒူယာပန်(Duapen)နဲ့ စပ်တူထိုးတဲ့ သူ့သူငယ်ချင်း လိုင်ဇာ(Laiza)တို့နဲ့အတူ သုံးယောက်ခွဲယူမှာဖြစ်ပါတယ်။

 

Powerball ထီ ဒေါ်လာ သန်း ၁၃၀၀ ပေါက်သူဟာ တစ်ခါတည်းထုတ်ယူမယ်ဆိုရင် ဒေါ်လာ ၆၀၈ သန်းကျော် ရရှိမှာပါ။ တစ်ခါတည်းမထုတ်ရင်တော့ ပထမအကြိမ်ပေးငွေနဲ့ ၂၉ နှစ် ဆက်တိုက်ပေးတာမျိုးနဲ့လည်း ထုတ်ယူနိုင်ပါတယ်။

 

ဂဏန်းခြောက်လုံးနဲ့ ပင်မ Powerball ဂဏန်းတစ်လုံးကို တိုက်ရတဲ့ထီကို အမေရိကန်မှာ ပြည်နယ် ၄၅ ခု၊ ဝါရှင်တန် ဒီစီ၊ U.S Virgin Islands နဲ့ Puerto Rico တို့မှာ ရောင်းချပါတယ်။ တစ်ခါတည်းနဲ့ မပေါက်ရင် ထီလက်မှတ်ရောင်းရငွေပေါ်မူတည်ပြီး ဆုကြေးငွေ ထပ်တိုးသွားတာကြောင့် ပမာဏများသွားလေ့ရှိပါတယ်။

****************************************

 

“အောင်မြင်မှုထက် ပိုနေတဲ့ တေလာဆွိဖ်နောက်ဆုံးထွက်အယ်လ်ဘမ်”

 

လက်ရှိကမ္ဘာ့အကျော်ကြားဆုံး POP အဆိုတော် တေလာဆွိဖ်ရဲ့ တေးအယ်လ်ဘမ်သစ် “The Tortured Poets Department” အောင်မြင်မှုထက်ကို ပိုနေတဲ့အခြေအနေကို ပထမဆုံးအပတ်ထဲမှာတင် ရောက်ရှိလို့နေပါပြီ။

ဘယ်သူမှမရဖူးတဲ့ စံချိန်တင် တေးအယ်လ်ဘမ်ရောင်းချမှု ပမာဏကို ရရှိနေသလို အွန်လိုင်းကနေ နားထောင်တာတွေပေါင်းရင် ၂ ဒသမ ၆၁ သန်းရှိလာပါပြီ။ Billboard အကောင်းဆုံးတေးအယ်လ်ဘမ် ၂၀၀ စာရင်းမှာ နံပါတ် ၁ နေရာကို အပြတ်အသတ်ချိတ်ခဲ့ပါတယ်။

 

အယ်လ်ဘမ်ဖြန့်ပြီး ပထမဆုံးအပတ်ထဲတင် ၂၀၂၄ ခုနှစ်အတွက် ရောင်းအားအကောင်းဆုံး တေးသီချင်းအယ်လ်ဘမ်ဖြစ်ခဲ့သလို အွန်လိုင်းမှာလည်း တော်တော်ရေပန်းစားလို့နေပါတယ်။

 

သူမက ဧပြီ ၁၉ ရက်မှာ ‘Poets’ အယ်လ်ဘမ်ရဲ့ သီချင်း ၁၆ ပုဒ်ကို အရင်ဆုံးထုတ်ခဲ့ပေမဲ့ နောက် ၂ နာရီအကြာမှာပဲ နှစ်ချပ်တွဲဆိုပြီး နောက်ထပ် သီချင်း ၁၅ ပုဒ် ထပ်ထုတ်ခဲ့တာဖြစ်ပါတယ်။