ပခုက္ကူတပ်မ(၁၀၁)မှ ထွက်လာသော ရိက္ခာယာဥ်တန်း မီးရှို့ခံရ ယာဉ်မောင်းလေးဦးပါ ဖမ်းမိ

Author ကေဇက်
Categories
Published on Apr 05, 2024

မကွေးတိုင်း ၊ပခုက္ကူတပ်မ(၁၀၁)မှ ထွက်လာသော စစ်ကောင်စီ အင်အား(၇၀၀)ခန့်နှင့် ကားရှစ်စီးပါ ရိက္ခာယာဉ်တန်းကို  ဧပြီ ၂ရက်‌ မွန်းလွဲ တစ်နာရီခန့်တွင် ကမ္မနှင့်သာကြီးတောင်ရေနံမြေကြား လမ်းတစ်နေရာ၌ တော်လှန်ရေးပူပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ ကားခုနစ်စီး မီးရှို့ဖျက်စီးနိုင်ခဲ့ပြီး ယာဉ်မောင်း လေးဦး ဖမ်းဆီးရမိကြောင်း ပြည်သူ့ဒီမိုကရက်တစ်တပ်တော် PDO/PDAမှ စစ်ရေးတာ၀န်ခံ ရဲဘော်အုပ်စိုးမှ CJ Platform သို့ပြောသည်။

 

ထိုယာဉ်တန်းသည် လွန်ခဲ့သည့် လေးလခန့်က ပေါက်မှပခုက္ကူသို့ ရိက္ခာစုရန် ထွက်သွားသော ယာဉ်တန်းဖြစ်ပြီး  ယခုအပြန်တွင် မိနစ်(၄၀)ခန့်ကြာအောင် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ဆန်အိတ်၊ ဓာတ်မြေဩဇာအိတ်၊ ကုလားပဲအိတ်၊ လူအသုံးဆောင်ပစ္စည်းများ စသည့် ရိက္ခာခြောက်များလည်း ရရှိခဲ့ကြောင်း၊ထိုရိက္ခာ ခြောက်များနှင့်ဖမ်းဆီးရမိသူများအား သက်ဆိုင်ရာ ပကဖနှင့် ပအဖ အဖွဲအစည်းများထံသို့ လွှဲပြောင်းပေးခဲ့ကြောင်း ၎င်းထံမှ သိရသည်။

 

“ကျွန်တော်တို့က နောက်ဆုံးကားတွေကို ၀င်ဆော်တာ၊  တိုက်တာက နေ့ခင်းကြီးဆိုတော့ ပူကလည်းပူ အရိပ်ကမရှိ၊ ဒီကောင်တွေ ရေသောက်စရာကမရှိ နဲ့ ရန်သူပန်း(ပင်ပန်း)ချိန် အချိန်ကိုက်ဖြစ်သွားတာ ၊ကျွန်တော်တို့ စတိုက်တော့ ပြန်ပစ်သေးတယ်၊ ကိုယ့်ဘက်ကဖိလဲပစ်ရော နောက်ကို လှည့်တောင်မကြည့်တော့ဘူး ပြေးတာတန်းနေတာပဲ”ဟု တိုက်ပွဲတွင်ပါ၀င်သူ ရဲဘော်တစ်ဦးက ပြောသည်။

 

ယင်းတိုက်ခိုက်မှုကြောင့် သေဆူံးမှုများနိုင်ပြီး စစ်ကောင်စီအဖွဲ့ဝင်များ ပြန်လည်မပစ်နိုင်ကြကြောင်း ၊ တော်လှန်ရေး ရဲဘော်များအထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး ဖမ်းဆီးရမိသူ လေးဦးတွင် နှစ်ဦးမှာ ပြည်သူ့စစ်ရွာမှဖြစ်ကြောင်း ရဲဘော်အုပ်စိုးက ထပ်မံပြောသည်။

 

ထိုရိက္ခာ ယာဉ်တန်းကို မတ် (၂၇)ရက်ကလည်း ကမ္မမြို့အထွက် တစ်နေရာတွင် PDAနှင့်ပူးပေါင်းအဖွဲ့များက တိုက်ခိုက်ခဲ့မှုကြောင့် ရိက္ခာ(၁၂)ဘီးကား တစ်စီး မီးရှို့ဖျက်ဆီးနိုင်ခဲ့ကာကျည်ကာဦးထုပ် သုံးလုံး ရရှိခဲ့ကြောင်း PDA၏ ယမန်နေ့ ထုတ်ပြန်ချက်‌တွင် ဖော်ပြထားသည်။

 

ယင်းတိုက်ပွဲကို  ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA)၊ ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF) ၊ပခုက္ကူခရိုင်တပ်ရင်း (၁၃)၊ ဧရာအနောက်(ကမ္မ ပကဖ)၊ PDF ကမ္မ(ကမ္မ ပကဖ)၊ BLY ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ နယ်စီးမခြားဖရီးဒမ်း ဖက်ဒရယ်စစ်ကြောင်း (၁)တို့ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

 

ဓာတ်ပုံ-  ရဲဘော်အုပ်စိုး