ဖျာပုံထောင်ဖြစ်စဉ်မှ နိုင်/ကျဉ်း ၁၁ဦးကို ထောင်ပြောင်းမည်ဟု စစ်ကောင်စီခေါ်ထုတ် ထွက်ပြေးရန်ကြိုးသည်ဟုဆိုကာ ယခင်ဖြစ်စဉ်များကဲ့သို့ သတ်ဖြတ်မည်ကို စိုးရိမ်နေရ

Author လင်းနွေဦး
Categories
Published on Apr 05, 2024

ဧရာဝတီတိုင်း ၊ဖျာပုံမြို့နယ်၊ ဖျာပုံအကျဉ်းထောင် ပဋိပက္ခဖြစ်စဉ်အတွင်း ရိုက်နှက်ခြင်းခံရသည့်အပြင် ထောင်စည်းကမ်းများ ချိုးဖောက်သည်ဟုဆိုကာ ထပ်တိုးထောင်ဒဏ်ချခံရသူ နိုင်ငံရေး အကျဉ်းသားများအပါအဝင် အကျဉ်းသား (၁၁)ဦးအား ထောင်ပြောင်းရွှေ့မည်ဟုဆိုကာ စစ်တပ်၊ရဲနှင့် အကျဉ်းဦးစီး ဝန်ထမ်းများက ယနေ့ ဧပြီ ၅ရက် နံနက် ၁၀နာရီခန့်တွင် ခေါ်ဆောင်သွားခြင်းကြောင့် ၎င်းတို့၏ လုံခြုံရေးနှင့် အသက်အန္တရာယ်စိုးရိမ်နေရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)၏ တာဝန်ရှိသူထံမှ သိရသည်။

 

မတ်(၃၁)ရက်က ထောင်တွင်းတန်းပိတ်ထားချိန် ပုဒ်မ(၅၄)ဖြင့် အမှုရင်ဆိုင်နေရသည့် နိုင်/ကျဉ်း ကိုနန်းလင်းအောင်ကို အကျဉ်းဦးစီးဝန်ထမ်း တပ်ကြပ်ကြီးဌေးမြင့်က အကြောင်းပြချက်မရှိဘဲ ဝင်ရောက်ရိုက်နှက်ရာမှ တန်းပြန်ဖွင့်ချိန်တွင် ကျန်နိုင်/ကျဉ်းများက ထိုသို့ ဥပဒေမဲ့ ရိုက်နှက်ခွင့်မရှိကြောင်း တင်ပြရာကအစပြု၍ ပဋိပက္ခ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 

ထိုဖြစ်စဉ်အတွင်း ပါဝင်သည်ဟုဆိုကာ နိုင်/ကျဉ်း (၇)ဦးအပါအဝင် အချုပ်ကျခံနေရသည့် အဆင့်သာ ရှိသေးသည့် အကျဉ်းသား (၃)ဦးနှင့်အတူ အခြားရာဇဝတ်မှုပုဒ်မများဖြင့် စွဲဆိုခံရသည့် အကျဉ်းသား စုစုပေါင်း (၁၈)ဦးကို မြို့နယ်တရားသူကြီး ဒေါ်ဇင်မာလွင်က ထောင်စည်းကမ်း ဥပဒေ ၂၂၄ အရ ထောင်ဒဏ် ၆လစီ ထပ်တိုးချမှတ်ခဲ့ကြောင်း သိရသည်။

 

“ခုက ထောင်ဒဏ် ထပ်တိုးချမှတ်ခံထားရသူတွေအပါအဝင် နိုင်/ကျဉ်းတွေနဲ့ အကျဉ်းသား ၁၁ ဦးကို  ထောင်ပြောင်းမယ်ဆိုပြီး ခေါ်သွားတာပေါ့။ အစက သူတို့ သတင်းလွှင့်တာက အရာရှိတွေ လာဖို့ရှိတယ်ဆိုပြီး စစ်တပ်နဲ့ ရဲလုံခြုံရေးတွေ ထောင်ထဲ အပြည့်ထားထားတာ။ တကယ်တော့ သူတို့ထောင်ပြောင်းကိစ္စ လုပ်ဖို့ရှိတာကို ကာဗာ လုပ်ချင်တာပါ။”ဟု PPNM မှ ကိုသိုက်ထွန်းဦးက CJ Platform သို့ပြောသည်။

 

ထောင်ပြောင်းရွှေ့ခံရမည့် အကျဉ်းသား ၁၁ ဦးကို ငါးယောက်တစ်စု ၊ ခြောက်ယောက် တစ်စုခွဲကာ အင်းစိန်အကျဉ်းထောင်နှင့် သာယာဝတီထောင်များသို့ ပြောင်းရွေ့မည်ဟု သိရကြောင်း၊ မည်သည့်အုပ်စုကို မည်သည့်ထောင်သို့ ပို့ဆောင်မည်ဆိုသည်ကို အတည်ပြု၍ မရသေးကြောင်း၊ စုံစမ်းမှုအရ နိုင်/ကျဉ်း ၄ ဦးဖြစ်သည့် ဦးရဲမျိုးထွဋ်၊ ကိုဗညားအောင်၊ ကိုမင်းမောင်၊ ကိုဝေယံဦး(ခ)ရှည်ကြီးတို့ ပါဝင်သွားကြောင်း ကိုသိုက်ထွန်း၏ ပြောကြားချက်အရ သိရသည်။

 

“စစ်ကောင်စီဘက်က ထောင်ပြောင်းရွေ့တုန်း ထွက်ပြေးရန်ကြိုးစားတဲ့အတွက် ပစ်ခတ်ရာ သေဆုံးသွားပါတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်တွေက ရှိခဲ့တယ်။သူတို့အတွက် သတ်ဖြတ်ပြီးလို့ ထုတ်ပြန်တာဟာ A4 စာရွက် တစ်ရွက်သာ ကုန်ပြီး ၊ အဲဒီ A4 တစ်ရွက်စာ ငွေငါးကျပ်လောက် တောင် လူ့အသက်တစ်ချောင်းကို တန်ဖိုးထားတာမျိုးမရှိတဲ့အတွက် စိုးရိမ်လို့ အရေးပေါ်ထုတ်ပြန်ရတာပါဟု ကိုသိုက်ထွန်းဦးက ပြောသည်။

 

ထောင်ပြောင်းရွေ့ခံရသည့် အကျဉ်းသားများနှင့် ပတ်သတ်၍ လိုက်လံစုံစမ်းလျက်ရှိပြီး မည်သူများထပ်မံပါရှိသည်ကို အသေးစိတ် ထပ်မံတင်ပြနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း PPNM မှ ထုတ်ပြန်ထားသည်။

 

စစ်ကောင်စီမှ နိုင်ငံရေးအကျဉ်းသားများအပေါ် ထွက်ပြေးရန်ကြံစည်သည်ဟု အကြောင်းပြ၍ ပစ်ခတ်သတ်ဖြတ်မှုများကို အစဉ်တစိုက်ပြုလုပ်ခဲ့ခြင်းသည်လည်း နိုင်/ကျဉ်း အသိုင်းအဝိုင်းများ ထံတွင်သာမက ပြည်သူများအကြားတွင် စိုးရိမ်မှုများ မြင့်တက်စေခဲ့သည်။

 

၂၀၂၃ ခုနှစ် ဇူလိုင် ၆ရက်က စစ်တပ်ထောက်ခံအားပေးသူ ဒေါ်လီလီနိုင်ကျော်ကို လုပ်ကြံသတ်ဖြတ်သူများဟု စွပ်စွဲခံရသူ ကိုကောင်းဇာနဟိန်း(ခ)လပြည့်နှင့် ကိုကျော်သူရ(ခ)အီးတီတို့ကို မြောက်ဒဂုံမြို့နယ် မောင်းမကန်လမ်းတွင် သက်သေခံပစ္စည်းများကို လိုက်ပြခိုင်းရာတွင် ထွက်ပြေးရန်ကြံစည်သည်ဟု အကြောင်းပြ၍ ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း စစ်ကောင်စီနှင့် လက်အောက်ခံ သတင်းမီဒီယာများတွင် ဖော်ပြခဲ့သည်။

 

အလားတူ ယခုနှစ် ဖေဖော်ဝါရီ ၈ ရက်တွင်လည်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူ မနိုဘယ်အေးနှင့် ကိုအောင်ကိုဟိန်း(ခ)ကိုလေးခွင်းတို့ကို ပဲခူးတိုင်း၊ ဝေါမြို့နယ်တရားရုံးမှ ရုံးထုတ်ပြီးအပြန်လမ်းတွင် ထွက်ပြေးရန် ကြံစည်သည်ဟုဆိုကာ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များက ပစ်ခတ်သတ်ဖြတ်ခဲ့သည်။

 

ဓာတ်ပုံ-PPNM