ကန်ချနာဘူရီခရိုင် မြန်မာ-ထိုင်းနယ်စပ်အနီး စွန့်ပစ်နေအိမ်အတွင်း တရားမဝင် မြန်မာ ၁၂၃ ဦး ဖမ်းဆီးခံရ

Author လင်းနွေဦး
Categories
Published on Apr 05, 2024

ထိုင်းနိုင်ငံ၊ ကန်ချနာဘူရီ(Kanchaniburi)ခရိုင်တွင် မြန်မာ-ထိုင်းနယ်စပ်အနီးရှိ စွန့်ပစ်နေအိမ်တစ်လုံးအတွင်း တရားမဝင် ဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၁၂၃ ဦး ယမန်နေ့ ဧပြီလ ၄ ရက် နံနက်ပိုင်းက ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီးခြင်းခံရကြောင်း ထိုင်းဒေသတွင်း မီဒီယာများတွင် ဖော်ပြချက်အရ သိရသည်။

ထိုင်း လဝကနှင့် ရဲတပ်ဖွဲ့ဝင်များက ယမန်နေ့ နံနက် ၉ နာရီဝန်းကျင်တွင် နယ်စပ်ဒေသအနီးရှိ စွန့်ပစ်နေအိမ်အတွင်း တရားမဝင် မြန်မာ အမျိုးသား ၉၄ ဦး နှင့် အမျိုးသမီး ၂၉ ဦးတို့ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ထိုင်းဒေတွင်းအွန်လိုင်းမီဒီယာတစ်ခုဖြစ်သည့် โจโฉ က ဖော်ပြသည်။

ဖမ်းဆီးရမိသည့် မြန်မာ တရားမဝင်လုပ်သားများမှာ ၎င်းတို့ကို ခေါ်ဆောင်လာပေးသည့် ပွဲစားဆိုသူများကို တစ်ဦးလျှင် ဘတ် တစ်သောင်းခွဲမှ သုံးသောင်းအထိ သွားလိုသည့်နေရာအပေါ်မူတည်၍ ပေးချေထားရပြီး လက်ရှိ တစ်ထောက်ရပ်နားရာနေရာမှတစ်ဆင့် ထိုင်းနိုင်ငံ တောင်ပိုင်းသို့ ဆက်လက်သွားရောက်ရန် စောင့်ဆိုင်းနေစဉ် ဖမ်းဆီးခံကြရခြင်းဖြစ်သည်ဟု သိရသည်။

၎င်းတို့ကို ခေါ်ဆောင်လာပေးသည့် ပွဲစားဆိုသူများမှာ ထိုင်းရဲများ ဝင်ရောက်ရှာဖွေဖမ်းဆီးခြင်းမပြုမီ မိနစ်ပိုင်းအလိုတွင် ထွက်ပြေးလွတ်မြောက်သွားသော်လည်း အလုပ်သမားများကို တင်ဆောင်လာသည့် မော်တော်ယာဉ် လေးစီးကိုမူ သိမ်းဆည်းရမိသည်ဟု ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာန ကန်ချနာဘူရီခရိုင်ဌာနခွဲမှ ထုတ်ပြန်ချက်ကို ထိုင်းမီဒီယာများက ရေးသားဖော်ပြသည်။

 

ထိုလဝကမှ ဖမ်းဆီးရမိသည့် မြန်မာ တရားမဝင်လုပ်သားများအားလုံးကို ကန်ချနာဘူရီရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားကာ မြန်မာနိုင်ငံသို့ မကြာမီအချိန်အတွင်း ပြန်လည်ပို့ဆောင်သွားမည်ဖြစ်ကြောင်း ဆိုသည်။

 

ယခုလများအတွင်း ကန်ချနာဘူရီခရိုင်အတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာလုပ်သားများ ဖမ်းမိသည့်ဖြစ်စဉ်များ ခပ်စိတ်စိတ်ဖြစ်ပေါ်လျက်ရှိကာ ပြီးခဲ့သည့် မတ်လ ၂၆ ရက်မှ ၂၉ ရက်အထိ သုံးရက်တာအတွင်း ကန်ချနာဘူရီခရိုင် တစ်နေရာ၌ မြန်မာ လုပ်သား ၇၉ ဦးဖမ်းဆီးခံရကာ ဧပြီလ ၁ ရက်နေ့ နံနက်အစောပိုင်းတွင် ကန်ချနာဘူရီ အဝေးပြေးလမ်းမတစ်နေရာတွင်လည်း မြန်မာလုပ်သားများကို တင်ဆောင်လာသည့် ကုန်ကားတိမ်းမှောက်ရာမှတစ်ဆင့် မြန်မာလုပ်သား ၂၉ ဦးဖမ်းဆီးခံခဲ့ရသည်။

 

ဓာတ်ပုံ- โจโฉ (ထိုင်းမီဒီယာ)