ပေါင်းတည်မှာစစ်မှုထမ်းငှါးမရလို့ဆိုကာ ပြည်သူတွေဆီက တောင်းထားတဲ့ငွေတွေကို ပြန်ပေး၊ အပြည့်ပြန်မရလို့ ပြည်သူတွေ မကျေနပ်
ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်မှာ စစ်မှုထမ်းအစားထိုးဖို့ လူငှားမရလို့ဆိုပြီး ရပ်ကွက်နေပြည်သူတွေဆီက ကောက်ခံထားတဲ့ငွေတွေကို ဒီနေ့ ဖေဖော်ဝါရီ ၅ ရက်၊ မနက်ပိုင်းက ပြန်ပေးရာမှာ အကုန်ပြန်မရဘဲ ဖြတ်ယူထားလို့ ဒေသခံတွေက ကျေနပ်မှုမရှိဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။
ပေါင်းတည်မြို့၊ ဟင်္သာကန်ရပ်ကွက်မှာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက စတင်ပြီး စစ်အုပ်စုလက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေက စစ်မှုထမ်းငှားရမ်းဖို့ဆိုကာ ပြည်သူတွေဆီက လစဉ် ကောက်ယူနေတာဖြစ်တယ်လို့ ဆိုပါတယ်။
“ရပ်ကွက်ထဲမှာ အခု ဖေဖော်ဝါရီလအတွက် စစ်မှုထမ်းကြေး လိုက်ကောက်ထားပြီး အခု လူမရလို့ဆိုပြီး ပိုက်ဆံပြန်ပေးတယ်ဗျာ။ သုံးသောင်းသမားက နှစ်သောင်းပဲ ပြန်ရတယ်။ ငါးသောင်းသမားက သုံးသောင်းခွဲပဲ ပြန်ရတယ်။ လာကောက်တုန်းက အုပ်ချုပ်ရေးထဲက ဝင်းရွှေ၊ ကိုဝင်း၊ မောင်ထွန်း၊ အနောက်ဘက်က ဝင်းနိုင်တို့ ပါတယ်ဗျာ။ အခု ပြန်လိုက်ပေးတော့ ကိုဝင်းနဲ့ ဝင်းရွှေပဲ ပြန်လိုက်ပေးနေတယ်” လို့ အဆိုပါရပ်ကွက်နေသူ တစ်ဦးက ပြောပါတယ်။
ဖြတ်တောက်ယူထားတဲ့ငွေနဲ့ ပတ်သက်ပြီး ရပ်ကွက်နေပြည်သူတွေက မေးမြန်းရာမှာ တိကျစွာ ပြောဆိုနိုင်ခြင်းမရှိဘဲ အုပ်ချုပ်ရေးမှူးကိုသာ မေးမြန်းဖို့ ပြောဆိုသလို သူတို့နဲ့ နီးစပ်သူတွေကိုတော့ စစ်မှုထမ်းငွေ ကောက်ယူထားခြင်း မရှိသေးတဲ့အတွက် ငွေဖြတ်တောက်မခံရဘူးလို့လည်း သူက ဆက်ပြောပါတယ်။
နောက်ထပ် ရပ်ကွက်နေသူ အမျိုးသမီးတစ်ဦးကလည်း “အခု စုဆောင်းထားတဲ့ငွေတွေက တစ်အိမ်ချင်း လိုက်ကောက်ထားတဲ့ငွေတွေလေ။ ပေါင်နှံချေးငှားပြီး ပေးထားရတာ၊ အခုလို ဖြတ်ယူထားတာတော့ မကောင်းဘူး။ ကိုယ့်ငွေကိုယ် အကုန်လုံး ပြန်ရချင်ကြတာ” လို့ ပြောပါတယ်။
အဲဒီရပ်ကွက်ဟာ လက်လုပ်လက်စား အများစုရှိတဲ့ ရပ်ကွက်ဖြစ်ပြီး အိမ်ခြေ ၄၀၀ ဝန်းကျင်ခန့်ရှိကာ စစ်မှုထမ်းငွေ ကောက်ယူရာမှာ လုပ်ငန်းနဲ့ ဝင်ငွေအမျိုးအစားအလိုက် တစ်အိမ်လျှင် ကျပ်တစ်သိန်း၊ ကျပ်ငါးသောင်း၊ ကျပ်သုံးသောင်းနဲ့ ကျပ်တစ်သောင်းစီ ကောက်ယူခြင်းဖြစ်ပေမယ့် အုပ်ချုပ်ရေးမှူးကိုယ်တိုင် ပါဝင်ခြင်းမရှိဘဲ အုပ်ချုပ်ရေးအဖွဲ့ဝင် ကြံ့ခိုင်ရေးပါတီ အမာခံများက လိုက်လံကောက်ယူခြင်း ဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဟင်္သာကန်ရပ်ကွက်မှာ စစ်မှုထမ်းစတင်စုဆောင်းချိန်ကစလို့ တစ်အိမ်တည်းနေ ညီအစ်ကိုရင်း ၂ ဦးအပါအဝင် အနည်းဆုံး လူငယ် ၆ ဦး အဓမ္မဖမ်းဆီးခံရပြီး စစ်မှုထမ်းနေရသလို ညီအစ်ကို ၂ ဦးအနက် တစ်ဦးမှာ ရှေ့တန်းတွင် သေဆုံးခဲ့ပြီး ကျန်တစ်ဦးမှာလည်း စတင်ဖမ်းဆီးချိန်ကစပြီး ဒီနေ့တိုင် အဆက်အသွယ် ပြတ်တောက်နေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – ပေးပို့
