ပလဖရုံးမှာ တစ်လကျော်ကြာ အချုပ်ချခံထားတဲ့ ရွာဘကျေးရွာ ဒေသခံတွေ အဓမ္မ ခေါင်းတုံးတုံးခံရ

Author CJ Platform
Categories
Published on Feb 05, 2026

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ရွာဘကျေးရွာ ဒေသခံ ၁၆ ဦးကို မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ (မင်းကင်း ပလဖ) က တစ်လကျော်ကြား မတရားဖမ်းဆီးထားပြီးနောက် အချုပ်ခန်းအတွင်း ထောင်သားသဖွယ် ခေါင်းတုံးတုံးခံထားရတယ်လို့ ဖမ်းဆီးခြင်းခံခဲ့ရသူတွေရဲ့ မိသားစုဝင်တွေက အတည်ပြု ပြောကြားခဲ့ပါတယ်။

 

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂ ရက်နေ့က ရွာဘရွာမှာ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်ရဲ့ မူးယစ်ရမ်းကားမှုကနေ စတင်ခဲ့ရတဲ့ ဒေသခံတွေနဲ့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေကြား ဖြစ်ပေါ်ခဲ့တဲ့ ပဋိပက္ခဖြစ်စဉ်ပြီးနောက် ဒေသခံ ၁၆ ဦးနဲ့ ရပ်ကျေးတော်လှန်ရေးတပ်ဖွဲ့ဝင် ၃ ဦးကို မြို့နယ်ပလဖက ချုပ်နှောင်ထားခဲ့ပြီး တစ်လပြည့်ခဲ့တဲ့ ဖေဖော်ဝါရီ ၃ ရက် ညနေပိုင်းမှာ ကာယကံရှင်တွေ သဘောမတူဘဲ အဓမ္မ ခေါင်းတုံးတုံးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

 

“ခေါင်းတုံးတုံးတယ်ဆိုတာ ဒလန်မို့။ အခုက မတရားအမှုဖွင့်ဖမ်းလို့ မိသားစုတွေကတော့ စိတ်တွေလည်း မကောင်းကြဘူး။ အမှုစစ်မယ့်သူ ကိုယ်တိုင်ပြောသွားတာက ထောင်မရှိသေးဘူး အချုပ်ပဲရှိတာ။ ခေါင်းတုံးတုံးတယ်ဆိုလို့ မိသားစုတွေ ငိုတဲ့သူငိုနေကြ၊ စိတ်ဓာတ်တွေကျနေပြီ၊ ခံပြင်းနေရတယ်။ ထောင်သားတစ်ယောက်လို သဘောထား မတရားလုပ်နေကြတာ” လို့ မြို့နယ်ပလဖရုံးမှာ စွပ်စွဲဖမ်းဆီးခြင်းခံခဲ့ရသူတစ်ဦးရဲ့ မိသားစုဝင်တစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ဖမ်းဆီးခံရသူတွေဟာ ရွာဘရွာ ပလဖတပ်ဖွဲ့ဝင် ၃ ဦးနဲ့ ရွာခံ ၁၆ ဦးဖြစ်ပြီး မင်းကင်းပလဖ အချုပ်ခန်းရှိရာရွာမှာ ဇန်နဝါရီ ၂ ရက်နေ့က မူးယစ်ရမ်းကားတဲ့ ကျေးရွာပအဖကို ဖမ်းဆီးမှုနဲ့ ကျေးရွာပလဖ ဦးအေးလွင် ဓားဒဏ်ရာရရှိမှု‌တွေမှာ ပူးပေါင်းကြံစည်တာ စသဖြင့် စွဲချက်တွေနဲ့ တစ်လကျော်ကြာ ဖမ်းဆီးချုပ်နှောင်ထားတယ်လို့ သိရပါတယ်။

 

“သူတို့က အမှုတွေတစ်ခု၊ နှစ်ခု အဲဒီလိုတွေ အမှုတပ်ပြီး ဖမ်းထားတာ။ ဓားနဲ့ထိုးတဲ့သူက ဘယ်သူလုပ်တယ်၊ တရားခံက ဘယ်သူဆိုတာ သိရက်သားနဲ့ကို အခု ဒီလူတွေကို အပြစ်သား၊ ပူးပေါင်းကြံစည်တယ်ဆိုပြီး ဖမ်းထားတာ။ ရွာထဲကို ပလဖအဖွဲ့ဝင်နှစ်ယောက် ဖမ်းတုန်းက သေနတ်တွေ ပစ်ဖောက်တယ်၊ ရွာခံတွေ သေနတ်မှန်တယ်။ အဲဒီလိုပစ်တဲ့သူတွေ၊ အေးလွင်တို့ကျ ဘာမှမလုပ်ဘူး။ ဒီလူတွေကိုပဲ အပြစ်သားတွေလို လုပ်နေတာ” လို့ ရွာဘဒေသခံ ၅၇ နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦးက ပြောပါတယ်။

 

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂ ရက် ညပိုင်းမှာ ကျေးရွာပအဖခေါင်းဆောင် ဦးချစ်ဌေးဆိုသူက ရွာဘရွာဘုန်းကြီးကျောင်းမှာ ရွာဦးကျောင်းဆရာတော်ရဲ့ အကူအညီတောင်းဆိုမှုကြောင့် ကျောင်းဝေယျာဝစ္စနဲ့ ညအိပ်စောင့်ဖို့ ရောက်နေကြတဲ့ ကျေးရွာသားတွေကို လာရောက်ခြိမ်းခြောက်တာကနေ ပြဿနာတွေ စတင်ခဲ့တာ ဖြစ်ပါတယ်။

 

အဲဒီကျေးရွာပအဖရဲ့ ခြိမ်းခြောက်မှု နောက်ဆက်တွဲ အခင်းဖြစ်ပွားမှုတွေအတွင်းမှာ ရွာဘရွာ ပလဖတာဝန်ခံ ဦးအေးလွင် ဓားဒဏ်ရာရရှိခဲ့ပြီး ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် ရွာခံ ၃ ဦး ကျည်ထိမှန် ဒဏ်ရာရရှိခဲ့တာပါ။

 

မြို့နယ်ပလဖထံမှာ ဖမ်းဆီးခံရသူတွေဟာ ရွာဘရွာခံ ဦးဇော်ဦး၊ ဦးအဲပို၊ ဦးစိန်လှထွေး၊ ဦးအောင်စန်း၊ ဦးမောင်ချမ်း၊ ဦးဘမော်၊ ဦးအောင်ကျော်မိုး၊ ဦးလှထွန်းအောင်၊ ဦးလှထွန်းမောင် စသဖြင့် ဒေသခံ ၁၆ ဦးကို အချုပ်ခန်းမှာ အကျဉ်းချထားပြီး ကျေးရွာပလဖအဖွဲ့ဝင် ဦးချစ်ထွေး၊ ဦးသိန်းလွင်နဲ့ မောင်မဲတို့ ၃ ဦးကိုတော့ အကျယ်ချုပ် ထားရှိတယ်လို့ သိရပါတယ်။

 

“စစ်ဆေးရေးမှူး၊ ဥပဒေအရာရှိက‌တော့ မိသားစုဝင်တွေရဲ့ အာမခံနဲ့ ဖမ်းခံရသူတစ်ယောက်ကို အာမခံနှစ်ယောက်နဲ့ ထုတ်လို့ရပြီလို့တော့ ပြောပေမယ့် ကျေးရွာပသုံးလုံးက အကုန်မလိုက်ရဘူး (သဘောမတူဘူး)၊ သုံးလေးယောက်ဆို ရတယ်ပေါ့။ အခုဆို ရွာခံ ၁၆ ယောက်ကို ခေါင်းတုံးပါ တုံးထားတယ်တဲ့။ လွှတ်ခဲ့ရင်လည်း အရှက်ရအောင် လုပ်တာပါ၊ အခုလို အချုပ်ချထားတာတွေ လုပ်တာတော့ ဝမ်းလည်းနည်းတယ်” လို့ ဆိုပြီး ဖမ်းဆီးခံထားရသူရဲ့ ဇနီးဖြစ်သူ အမျိုးသမီးတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ရွာဘရွာခံတွေကို ဖမ်းဆီးပြီး နောက်ဆက်တွဲအခြေအနေတွေနဲ့ ပတ်သက်ပြီး CJ Platform က မင်းကင်းမြို့နယ်ပအဖကို ဆက်သွယ်ခဲ့ရာမှာတော့ အသေးစိတ် မသိရသေးကြောင်း သိရပြီး မြို့နယ်ပလဖကိုတော့ တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းနိုင်ဖို့ ကြိုးစားဆက်သွယ်နေဆဲ ဖြစ်ပါတယ်။

 

ဓာတ်ပုံ – ပေးပို့