ရခိုင်တောင်ပိုင်း ကျောက်ဖြူက စစ်ဘေးရှောင်တွေ စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေ

Author CJ Platform
Categories
Published on Dec 05, 2025

ရခိုင်ပြည်အတွင်း ကျောက်ဖြူမြို့နဲ့ အခြားဒေသတွေမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒေသတွင်း စစ်ဘေးရှောင်တွေအတွက် အခြေခံစားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီနေတဲ့ ရမ္မာမြေစစ်ဘေးကူညီရေး (ရမ္မာမြီပရဟိ) အဖွဲ့ထံက သိရပါတယ်။

ရခိုင်တောင်ပိုင်း ကျောက်ဖြူမြို့နဲ့ အနီးတဝိုက်မှာ စစ်အုပ်စုနဲ့ အာရက္ခတပ်တော် (AA) တို့  တိုက်ပွဲပြင်းထန်နေပြီး စစ်အုပ်စုက အရပ်သားပြည်သူတွေကို ပစ်မှတ်ထားကာ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးပစ်ခတ်မှုတွေ လုပ်ဆောင်နေတာကြောင့် ဒေသခံတွေ ဘေးလွတ်ရာ စစ်ဘေးရှောင်နေရတာ ဖြစ်ပါတယ်။

တိုက်ပွဲတွေကြောင့် ကျောက်ဖြူနဲ့ အနီးတဝိုက်က စစ်ဘေးရှောင်ဦးရေဟာ တစ်သောင်းကျော် ဝန်းကျင်ရှိနေပြီး သူတို့အတွက် ဆန်ရိက္ခာ အရေးပေါ်လိုအပ်နေသလို ဆေးဝါး၊ အဝတ်အစားနဲ့ စောင်လိုအပ်မှုတွေ လည်း ရှိနေတယ်လို့ သိရပါတယ်။

“နေ့စဉ်နဲ့အမျှ တိုက်ပွဲတွေက ရှိနေတာ။ အကုန်ပြေးလာရတယ်။ စပါးရိတ်ခါနီး၊ ဆန်ရိတ်ခါနီး အကုန်ထားခဲ့ရတဲ့အနေအထားတွေ။ စားဖို့ ဆန်ရိက္ခာကလည်း မပါလာကြဘူး။ လိုအပ်ချက်ကတော့ အများကြီးရှိပါတယ်။ စစ်ဘေးရှောင်တွေ အဝတ်အစား၊ စောင်တွေ မပါတာကတော့ မျိုးစုံပဲ” လို့ ရမ္မာမြေစစ်ဘေးကူညီရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက CJ Platform ကို ပြောပါတယ်။

စစ်ဘေးရှောင် တစ်သောင်းကျော်ရှိနေပေမဲ့ ရန်ပုံငွေအခက်အခဲကြောင့် စစ်ဘေးရှောင်အားလုံးကို ကူညီဖို့ အခက်အခဲရှိနေပြီး အရေးပေါ်လိုအပ်နေသူတွေကိုသာ ကနဦးအကူအညီတွေ ပေးနေရတယ်လို့ သူက ဆက်ပြောပါတယ်။ ဒါ့အပြင် အခြားဒေသ လုံခြုံရာနေရာတွေကို ထွက်ပြေး ခိုလှုံနေကြရတာကြောင့် စစ်ဘေးရှောင်တွေဟာ နေရာအနှံ့ရှိနေတယ်လို့လည်း သိရပါတယ်။

ရခိုင်တောင်ပိုင်းမှာ စစ်ဘေးရှောင်တွေကို အကူအညီပေးနေတဲ့အဖွဲ့ မရှိသလောက်နည်းပါးနေပြီး လက်ရှိမှာ ရမ္မာမြေစစ်ဘေးကူညီရေးအဖွဲ့ တစ်ခုတည်းကသာ အကူအညီပေးနေရတာကြောင့် ငွေကြေးမလုံလောက်မှုတွေအပါအဝင် အခက်အခဲတွေ ရှိနေတယ်လို့လည်း ဆိုပါတယ်။

 

နေရပ်စွန့်ခွာ ထွက်ပြေးလာရတဲ့ စစ်ဘေးရှောင်တွေထဲမှာ ကျန်းမာရေး စောင့်ရှောက်မှုတွေ လိုအပ်နေပြီး ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေလည်း ပါဝင်နေတယ်လို့ သိရပါတယ်။ စစ်ဘေးရှောင်တွေအတွက် လိုအပ်တဲ့ ဆေးဝါးကို ထောက်ပံ့ဖို့ အခက်အခဲရှိနေပြီး နေ့စဉ်စားသောက်ဖို့အတွက် ဆန်ရိက္ခာ ထောက်ပံ့ပေးနိုင်ဖို့ကိုသာ အဓိက လုပ်ဆောင်နေရတယ်လို့ ရမ္မာမြေစစ်ဘေးကူညီရေးအဖွဲ့က ပြောပါတယ်။

 

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရခိုင်ပြည်အတွင်း စစ်ဘေးရှောင်စခန်းတွေမှာ စစ်ဘေးရှောင် ၃၇၁,၀၀၀ ကျော်ရှိနေတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ဒီဇင်ဘာ ၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။ ရခိုင်ပြည်မြောက်ပိုင်းနဲ့ ထိစပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာတော့ နေရပ်စွန့်ခွာ တိမ်းရှောင်သူ ၇ သိန်းကျော်ရှိနေပါတယ်။

 

စစ်အုပ်စုက ရခိုင်ပြည်ကို ဆေးဝါးနဲ့ စားနပ်ရိက္ခာ အကူအညီတွေ ဖြတ်တောက်ပိတ်ဆို့ထားသလို မြေပြင်ကနေ ဝင်ရောက်မယ့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေလည်း ပိတ်ဆို့ထားတာကြောင့် ဒေသခံတွေ အခက်အခဲတွေ ကြုံတွေ့နေရပါတယ်။ ဒါ့အပြင် ဒေသတွင်းနဲ့ ရခိုင်ပြင်ပ ခရီးသွားလာရေးအတွက် ဒေသခံတွေဟာ လေကြောင်းတစ်ခုတည်းကိုသာ အသုံးပြုနေရတာကြောင့် အခက်အခဲများစွာ ရှိနေတယ်လို့ စစ်တွေဒေသခံတွေဆီက သိရပါတယ်။

 

ဓာတ်ပုံ – ရမ္မာမြေစစ်ဘေးကူညီရေးအဖွဲ့