ပုလဲက စစ်ရှောင်အမျိုးသမီးတွေ ဓမ္မတာလာချိန် ပိတ်စအသုံးပြုပြီး ဖြေရှင်းနေရ
စစ်အုပ်စုက စစ်ကြောင်းဆက်တိုက်ထိုးနေတဲ့ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ အမျိုးသမီးလစဉ် သုံးပစ္စည်း ဝယ်ယူမရရှိတာကြောင့် စစ်ဘေးရှောင်အမျိုးသမီးတချို့ ဓမ္မတာလာချိန်မှာ ပိတ်စအသုံးပြုပြီး ဖြစ်သလို ဖြေရှင်းနေရတယ်လို့သိရပါတယ်။
စစ်ကိုင်းတိုင်းကို စစ်အုပ်စုက လစဉ်သုံးပစ္စည်းတွေ သယ်ယူမှုပိတ်ပင်ထားတာ လနဲ့ချီကြာမြင့်နေချိန်မှာ စစ်အုပ်စုရဲ့ အခုလို ထိုးစစ်တွေကြောင့် လစဉ်သုံး ပစ္စည်းတွေ ဝယ်ယူရခက်နေတဲ့ အခြေအနေ ဖြစ်နေတာဖြစ်ပါတယ်။
ဒါကြောင့် လစဉ်သုံးပစ္စည်း ဝယ်ယူဖို့ မတတ်နိုင်တဲ့ ပုလဲမြို့နယ်က စစ်ဘေးရှောင် အမျိုးသမီးတွေအနေနဲ့ အရင်ခေတ်က အမျိုးသမီးတွေသုံးခဲ့တဲ့ နည်းလမ်းအတိုင်း ဖြေရှင်းနေရတာဖြစ်တယ်လို့ Department of Social Affairs က လူမှုရေးရာတာဝန်ခံ က CJ Platform ကို ပြောပါတယ်။
“ခံဖို့ pad မရှိခဲ့ရင် လုံချည်အထူဝတ်တာတွေရှိတယ်။ တချို့ကတော့ ခါးတောင်းကျိုက်တာတွေ လုပ်တယ်ပေါ့။ ထဘီကို လေးထောင့်အစလေးဖြတ် အတွင်းကလည်း အစလေးတစ်ခုခေါက်ထည့်ပြီး လိပ်ပြီးမှ ထိပ်မှာကြိုးတစ်ခုမှာ ချိတ်နဲ့ချိတ်ပြီးမှ ခါးကို အဲဒီကြိုးနဲ့ ချည်ဝတ်တာပေါ့။ အဲဒီခါးတောင်းကျိုက်က အဝတ်စဆိုတော့ လျှော်ဖို့နေရာ လှန်းဖို့နေရာအခက်အခဲဖြစ်တယ်။ ပြီးတော့ အစဆိုတော့ ဖုဖုဖောင်းဖောင်းဆိုတော့ သွားရလာရတာ နည်းနည်းစိတ်မလုံခြုံသလိုတော့ဖြစ်တာပေါ့” လို့ သူကပြောပါတယ်။
ပုလဲမြို့နယ်ကို စစ်အုပ်စုက ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက စစ်ကြောင်းဆက်တိုက်ထိုးနေပြီး ဒီနေ့ ဇန်နဝါရီ ၅ ရက်နေ့မှာလည်း စစ်အုပ်စုစစ်ကြောင်းဟာ ပုလဲမြို့နယ်ထဲက ချောင်းနားကျေးရွာဘက်ကို ရောက်နေတယ်လို့ သိရပါတယ်။
ဒီလိုအခြေအနေတွေကြောင့် လက်ရှိမှာ ပုလဲမြို့နယ်ထဲက ဈေးဆိုင်တွေအနေနဲ့ လစဉ်သုံးပစ္စည်းတွေကို ခိုးသယ်နေရပြီး လစဉ်သုံးပစ္စည်းတစ်ထုပ်ကို ၃,၀၀၀ ကနေ ၅,၀၀၀ ကျပ်အထိ ဈေးနှစ်ဆလောက် ပေးဝယ်နေရကာ နေရာအများစုမှာ ငွေရှိပေမယ့် ဝယ်စရာတောင် မရှိတော့ဘူးလို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်းမှာ ဩဂုတ်လကတည်းက လစဉ်သုံးပစ္စည်းအပါအဝင် ကုန်ပစ္စည်း ၈ မျိုးကို စစ်အုပ်စုက သယ်ယူခွင့်ပိတ်ပင်ထားတာကြောင့် အခြေအနေက ပိုမိုဆိုးရွားနေတာဖြစ်ပါတယ်။
စစ်ဘေးရှောင်အမျိုးသမီးတွေအနေနဲ့ အဝတ်အစားတွေကို ခြောက်သွေ့အောင် လျှော်ဖွပ်ပြီးမှ သုံးသင့်တယ်လို့ ကျန်းမာရေးအသိပညာ ဝေမျှပေးနေတဲ့ ဆရာဝန်တစ်ဦးကလည်း အကြံပြုပါတယ်။
မြေပြင်ကူညီရေးအဖွဲ့တွေကတော့ လစဉ်သုံးပစ္စည်းတွေ ဝေငှပေးပြီး ဒီပြဿနာကို ဖြေရှင်းဖို့ ကြိုးပမ်းနေပေမယ့် အခက်အခဲတွေ အများကြီးနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။
စစ်အုပ်စုက လစဉ်သုံးပစ္စည်းတွေကို ပိတ်ပင်တာဟာ တော်လှန်ရေးအဖွဲ့တွေက ဒဏ်ရာရတဲ့အခါ သွေးတိတ်ပစ္စည်းအဖြစ် သုံးမှာကို စိုးရိမ်တာကြောင့်လို့ ကူညီပေးသူတွေကတော့ သုံးသပ်ကြပါတယ်။
ဓာတ်ပုံ – ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့
ပုံစာ – ပုလဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင် ပြည်သူအချို့ကို မြင်ရပုံ (ပုံဟောင်း)
