စစ်ကိုင်းမြို့နယ် တအိမ်တည်းရွာက နေအိမ် ၄၀ကျော်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ထဲက တအိမ်တည်းကျေးရွာကို ဒီကနေ့ ဇွန်လ ၅ ရက် မနက်ပိုင်းမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က စစ်ကြောင်း ဝင်ရောက်ပြီး နေအိမ် ၄၀ ကျော် မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မီးရှို့ခဲ့တဲ့ တပ်ဖွဲ့ဝင်တွေဟာ စစ်ကိုင်းမြို့အခြေစိုက် တပ်မ ၃၃ မှ ဖြစ်ပြီး ဒီကနေ့ မနက် ၄ နာရီ ၃၈ မိနစ်ခန့်မှာ အင်အား ၁၀၀ ခန့်နဲ့ တအိမ်တည်းရွာကို ဝင်ရောက်ခဲ့တာဖြစ်ပြီး မနက် ၆ နာရီခွဲခန့်မှာ ပြန်လည် ထွက်ခွာသွားတယ်လို့ သိရပါတယ်။
“စစ်ကြောင်းက တပ်မ ၃၃ ထဲ ပြန်ဝင်သွားပြီ။ ကျေးရွာတွင်းကတော့ ရွာလယ်လမ်းရဲ့ အနောက်ဘက်ခြမ်းပေါ့၊ အိမ်ခြေ ၄၀ ကျော်၊ ၅၀ ပတ်ဝန်းကျင် အကုန် မီးလောင်သွားတယ်” လို့ Knight Commanders မှ တာဝန်ရှိသူတစ်ဦးက CJ Platform ကို ပြောပါတယ်။
တအိမ်တည်းကျေးရွာမှာ နေအိမ် ၂၀၀ ခန့်ရှိပြီး စစ်ကိုင်းမြို့နဲ့ ၅ မိုင်ခန့် ဝေးကွာပါတယ်။ ဒေသခံတွေဟာ စစ်ကြောင်း ဝင်ရောက်မှုကြောင့် ထွက်ပြေး တိမ်းရှောင်နေရကြောင်းလည်း သိရပါတယ်။
ဒါ့အပြင် မေလ ၂၈ ရက်ကလည်း စစ်ကိုင်းမြို့နယ်အရှေ့မြောက်ခြမ်းက ကင်းရွာကို စစ်ကောင်စီတပ်တွေ ဝင်ရောက်မီးရှို့ခဲ့တာကြောင့် နေအိမ် ၂၀ ခန့် ပျက်စီးခဲ့ရတယ်လို့လည်း အဲဒီဒေသခံတွေဆီက သိရပါတယ်။
ဓာတ်ပုံ – Wetlet Informational Network
ပုံစာ – မေလ ၂၈ ရက်က စစ်ကိုင်းမြို့နယ်၊ ကင်းရွာကို စစ်ကောင်စီတပ် မီးရှို့သည်ကို တွေ့မြင်ရစဉ်