ကန့်ဒေါင့်ရဲစခန်း လက်မလွှတ်ရရေးအတွက် စစ်ကောင်စီက လေကြောင်းကနေ အပြင်းအထန်ခုခံနေ

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ကန့်ဒေါင့်ကျေးရွာက စစ်ကောင်စီရဲ့ ကန့်ဒေါင့်ရဲစခန်းကို လက်မလွှတ်ရရေးအတွက် စစ်ကောင်စီက လေကြောင်းကနေ အပြင်းအထန် ခုခံနေတယ်လို့ မြေပြင် သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – People’s Liberation Army (PLA) က ကန့်ဒေါင့်ရဲစခန်းကို ဇွန်လ ၂ရက်နေ့ကတည်းက ထိုးစစ်ဆင်တိုက်ခိုက်နေခဲ့တာပါ။
စခန်းလက်မလွှတ်ရရေးအတွက် စစ်ကောင်စီဟာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေအပြင် လက်နက်ကြီးတွေနဲ့ ပစ်ကူတွေပါ လုပ်ဆောင်နေပြီး ရဟတ်ယာဉ်တွေနဲ့လည်း စစ်အင်အား တိုးချဲ့နေတယ်လို့ သိရပါတယ်။
“စကစက စခန်းလက်မလွှတ်ရဖို့ ရဟတ်ယာဉ်နဲ့ လူတွေ (စစ်ကူ) ချနေတယ်။ တိုက်ပွဲက ပြင်းထန်နေတုန်းပဲ၊ ကိုယ့်ဘက်ကတော့ အခြေအနေကောင်းတယ်” လို့ မြေပြင် စစ်ရေးသတင်းရင်းမြစ်က CJ Platform ကို ပြောပါတယ်။
ဒါ့အပြင် ဇွန်လ ၃ ရက်နေ့က အင်မထီး (ပျူစောထီး) ကျေးရွာကနေ ကန့်ဒေါင့်ရဲစခန်းကို ပို့ဆောင်တဲ့ စစ်ကူစစ်ကြောင်းကိုလည်း PLA တပ်ဖွဲ့ဝင်တွေက ကြားဖြတ်တိုက်ခိုက်နိုင်လို့ အထိနာပြီး ပြန်ဆုတ်သွားတယ်လို့လည်း သိရပါတယ်။
စစ်ကောင်စီရဲ့ ကန့်ဒေါင့်ရဲစခန်းဟာ ပုလဲ–ဂန့်ဂေါ လမ်းပေါ်မှာ တည်ရှိပြီး အရေးပါတဲ့ အဓိကစခန်း ဖြစ်တာကြောင့် လူအင်အား၊ လက်နက်အင်အားကို လေကြောင်းကနေ ပို့ဆောင်နေတဲ့အပြင် အင်မထီးကျေးရွာကနေ လက်နက်ကြီးနဲ့ ပစ်ကူပေးနေတယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီက ကန့်ဒေါင့်ကျေးရွာဝန်းကျင်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ကန့်ဒေါင့်ကျေးရွာအနီးရှိ ကျေးရွာတွေက ဒေသခံတွေအနေနဲ့ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ဓာတ်ပုံ – PLA