Non-CDM ကျောင်းအုပ်ကြီး မူးပြီး သွေးသစ္စာသီချင်းဆိုလို့ စစ်ကောင်စီက ဖမ်းဆီး

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့ပေါ်က ကျောင်းအုပ်ကြီးအပါအဝင် သုံးဦးဟာ အရက်မူးပြီး သွေးသစ္စာသီချင်း သီဆိုခဲ့တဲ့အတွက် စစ်ကောင်စီက မေလ ၂၇ ရက်နေ့မှာ ဖမ်းဆီးသွားတယ်လို့ ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ ရဲ့ ပြောပြချက်အရ သိရပါတယ်။
Non-CDM ကျောင်းအုပ်ကြီးအပါအဝင် သုံးဦးဟာ ဆိုင်ကယ်စီးရင်း မြို့ပေါ်လမ်းတစ်လျှောက် သွေးသစ္စာသီချင်း အော်ဆိုခဲ့တာဖြစ်ပြီး တစ်ပတ်အတွင်းမှာပင် စစ်ကောင်စီက လာရောက်ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“မြို့ထဲက မိန်းလမ်းမမှာ အကျယ်ကြီးအော်ဆိုပြီး ပြန်လာကြတာ။ မိန်းလမ်းမပေါ်မှာနေသူတချို့တောင် ဆန္ဒပြတာထင်ပြီး ထွက်ကြည့်ကြတယ်”
လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ဝင်တစ်ဦးက CJ Platform ကို ပြောပါတယ်။
ဖမ်းဆီးခံရသူကျောင်းအုပ်ကြီးဟာ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ကန့်ဘလူမြို့က ဖြစ်ပြီး သူနဲ့အတူ အထက်တန်းပြကျောင်းဆရာတစ်ဦး၊ ကျောင်းစောင့်တစ်ဦး ကိုပါ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
ဖမ်းဆီးခံရမီမှာ စစ်ကောင်စီက သူတို့သုံးဦးကို ခံဝန်ထိုးခိုင်းခဲ့ပြီးနောက် နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ပတ်သက်တဲ့ ပုဒ်မတစ်ခုဖြင့် ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
၂၀၂၁ ခုနှစ်က မအူပင်မြို့ မှာလည်း လူငယ် ၆ ဦးက မူးပြီး သွေးသစ္စာသီချင်း သီဆိုခဲ့လို့ စစ်ကောင်စီက ၅၀၅(က) နဲ့ ဖမ်းဆီးပြီး ထောင်တွင်းချုပ်နှောင်ခဲ့ဖူးပါတယ်။
ယခုဖမ်းဆီးခံနေရသူ သုံးဦးအနက် ကျောင်းအုပ်ကြီးအပါအဝင် ကိုတော့ စစ်တပ်ထောက်ခံသူ ဆရာတော်ဉူးဝါသဝ အမိန့်နဲ့ ပြန်လွှတ်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေသော်လည်း လက်ရှိအချိန်ထိ မလွတ်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဓာတ်ပုံ – pro-SAC