စစ်ကောင်စီရဲ့ လိုင်စင်မဲ့ကားတွေ ဖမ်းဆီးမိန့်ကို တပ်ထောက်ခံသူတွေနဲ့ ဘုန်းကြီးတွေပါ ဝေဖန်နေ

Author CJ Platform
Categories
Published on Jun 05, 2025

စစ်ကောင်စီက လိုင်စင်မဲ့ယာဉ်အားလုံးကို ဖမ်းဆီးဖို့ ညွှန်ကြားရာမှာ  ပရဟိတအဖွဲ့တွေနဲ့ သံဃာတော်တွေ စီးနင်းသည့် ယာဉ်များပါ ပါဝင်နေသည့်အတွက် တပ်ထောက်ခံသူတွေနဲ့ ဘုန်းကြီးတွေပါက ဝေဖန်မှုတွေ ရှိနေပါတယ်။

 

လိုင်စင်မဲ့ကားတွေကို ဖမ်းဆီးသိမ်းဆည်းဖို့ အမိန့်ချထားပြီး တချို့မြို့ကြီးတွေမှာတော့ ဆိုင်ကယ်၊ ကား စသဖြင့် မော်တော်ယာဉ်များကို လမ်းပေါ်တွင် တားဆီးစစ်ဆေးဖို့ စတင်ထားပြီး မကြာမီ အိမ်အလိုက် စစ်ဆေးဖို့ဖြစ်လာနိုင်တယ်လို့ သိရပါတယ်။

 

“ဘုန်းကြီးကားလိုင်စင်က ဘယ်သူရှိလို့လဲ။ အဘိဓဇတွေနဲ့ တိပိဋကတွေလောက်ပဲ ရှိမှာလေ၊ သိမ်းမယ်လို့ အသံထွက်နေတာပဲ ဟုတ်မဟုတ်တော့ မသိဘူး။ လူခင် မူပြင်၊ လူမုန်း မူသုံးပေါ့” လို့ စစ်ကိုင်းမြို့က စစ်ကောင်စီထောက်ခံသူ ဆရာတော်တစ်ပါးက CJ Platform ကို ပြောပါတယ်။

 

လိုင်စင်မဲ့ယာဉ်တွေကို မစီးဖို့ ညွှန်ကြားချက်တွေဟာ တိုင်းနဲ့ ပြည်နယ်အစိုးရတွေကနေ သံဃမဟာနာယကအဖွဲ့တွေထံ ပေးပို့ထားပြီးဖြစ်တယ်လို့ သိရပါတယ်။

 

“ဘုန်းကြီးတွေကို အခွင့်ထူးခံတယ်လို့ ဝေဖန်သူများမြင်နိုင်ကြပါစေ။ တကယ်က ဘုန်းကြီးဘဝဟာ ဘယ်ဘက်က ထောင်းထောင်းခံနေရတာချည်းပါပဲဗျာ” လို့ အုတ်တွင်းမြို့နယ်က ပရဟိတလုပ်ဆောင်နေတဲ့ အရှင်တေဇသီရိက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

 

ပရဟိတ လူနာတင်ယာဉ်တွေပါ ဖမ်းဆီးနေတာကြောင့် လူမှုကူညီရေးလုပ်ငန်းများကိုပင် ရပ်နားဖို့ နီးကပ်လာနေပြီလို့လည်း လူမှုကူညီရေးအဖွဲ့တွေက ဆိုပါတယ်။

 

လိုင်စင်မဲ့ယာဉ် ဖမ်းဆီး​ေးကို စစ်ကောင်စီကို ထောက်ခံသူတွေထဲမှာပါ ဝေဖန်မှုတွေ ထွက်ပေါ်လာပြီး—“ဖမ်းဖို့မလား၊ လိုင်စင်ထုတ်ပေးဖို့လား” ဆိုတဲ့ အသံများလည်း မြင်တွေ့လာရပါတယ်။

 

“စစ်ကောင်စီလက်ထက် ဥပဒေလေးစားသူတစ်ယောက်မှ မရှိတော့ပါဘူး။ ဥပဒေအကြောင်း ပြောလိုက်တာနဲ့ ရီစရာကောင်းတယ်” လို့ သက်နိုင်ဦး (ကျည်ကာ) ဆိုသူက သူ့ရဲ့ တစ်တော့ပေါ်မှာ ရေးသားထားပါတယ်။

 

စစ်ကောင်စီရဲ့ လိုင်စင်မဲ့ယာဉ်ဖမ်းဆီးမူဟာ အောက်ခြေဝန်ထမ်းတွေ ဝင်ငွေတိုးအောင် ဖန်တီးပေးခြင်းဖြစ်တယ်ဆိုပြီး တော်လှန်ရေးတပ်ဖွဲ့တွေကလည်း မောင်သူမဲ့ ယာဉ်စနစ် တီထွင်မှုကို ကာကွယ်လိုက်တာဖြစ်နိုင်တယ်ဆိုတဲ့ သုံးသပ်ချက်တွေ ထွက်ပေါ်နေပါတယ်။

 

“ရန်ကုန်မှာတင် လိုင်စင်မဲ့ယာဉ်တွေ စီးနေတာ ဒုနဲ့ ဒေးပါဗျာ။ အားလုံးက အကောင်ကြီးတွေနဲ့ ပတ်သက်သူတွေပဲ စီးကြတာများတယ်။ ရွှေသမင်ထွက်တဲ့ဆီတော့ အားလုံးက ပိတ်ထားမှာပါ။ အောက်ကသူတွေ ခံနေရတာပဲရှိတယ်” လို့ စစ်ကောင်စီအသိုင်းအဝိုင်းနဲ့ နီးစပ်သူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ဓာတ်ပုံ – pro-SAC