ကသာထောင်မှာ ဆေးဝါးကုသမှု လုံလောက်စွာမရရှိတာကြောင့် နိုင်ငံရေးအကျဉ်းသားတစ်ဦး သေဆုံး

Author CJ Platform
Categories
Published on May 05, 2025

ကချင်ပြည် ကသာမြို့၊  ကသာအကျဉ်းထောင်မှာ နိုင်ငံရေးပုဒ်မများနဲ့ စစ်ကောင်စီက အကျဉ်းချထားတဲ့ နိုင်ငံရေးအကျဉ်းသားတစ်ဦး ပြီးခဲ့တဲ့ ဧပြီလ ၂၆ ရက်နေ့က ကျဆုံးသွားခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားကွန်ရက် (PPNM) ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

သေဆုံးသွားတဲ့သူမှာ ကသာအကျဉ်းထောင်မှာ ပုဒ်မ ၅၀(ည)၊ ၅၂(က)၊  ၅၂(ခ)တို့နဲ့ ဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ်(၁၅)နှစ် ချမှတ်ခံထားရတဲ့ ကိုဟိဏ်းမင်းသူ(ခ)အာနိုးဖြစ်ပြီး  အမောဖောက်ရောဂါနဲ့ သေဆုံးသွားတာဖြစ်တယ်လို့ သိရပါတယ်။

“သတိလစ်မျောသွားချိန်မှာတော့ ပြင်ပဆေးရုံကိုတော့ ပို့ဆောင်ပါတယ်။ သို့သော်လည်းပဲ နောက်ကျတယ်လို့ ပြောရပါမယ်ခင်ဗျ။ ဆေးရုံမှာပဲ သေဆုံးခဲ့တာပါ” လို့ PPNM ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက CJ Platform ကိုပြောပါတယ်။

အကျဉ်းထောင်တွင်းကွယ်လွန်သွားသူ ကိုဟိဏ်းမင်းသူဟာ အင်းတော်ဒေသခံတစ်ဦးဖြစ်ပြီး အကျဉ်းထောင်အတွင်း ဆေးဝါးကုသမှုလုံလောက်စွာမရရှိတာကြောင့် သေဆုံးခဲ့ရတာဖြစ်တယ်လို့ PPNM ရဲ့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

အကျဉ်းထောင်အတွင်းကျဆုံးသွားသူမှာ ရောဂါကြီးကြီးမားမားမရှိပဲ ရုတ်တရက် အမောဖောက်ချိန်မှာ ဆေးဝါးလုံလောက်စွာ မရရှိတဲ့အပြင် ပြင်ပဆေးရုံကိုလည်း အချိန်မှီမပို့နိုင်ခဲ့တဲ့အတွက်သေဆုံးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ကိုဟိဏ်းမင်းသူကို စစ်ကောင်စီက ၂၀၂၃ ခုနှစ်၊ ဇွန်လ(၅)ရက်နေ့မှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး ၂၀၂၅ခုနှစ်၊ မတ်လ(၂၈)ရက် နေ့မှာ စွဲဆိုထားတဲ့ ပုဒ်မသုံးခုနဲ့ ထောင်ဒဏ်(၁၅)နှစ်ချမှတ်ခဲ့တယ်လို့ သိရပြီး  ကသာအကျဉ်းထောင်အတွင်း နှစ်နှစ်နီးပါး ချုပ်နှောင်ခံထားရပြီးနောက်မှာ အခုလို  သေဆုံးသွားခဲ့တာပဲဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက နိုင်ငံဝန်း အကျဉ်းချခံထားရသူ အကျဉ်းသား/ အကျဉ်းသူ ၄၈၉၃ ဦးကို ပြီးခဲ့တဲ့ သင်္ကြန် နှစ်ဆန်း ၁ ရက်နေ့မှာ ပြန်လွှတ်လိုက်ပေမဲ့ အကျဉ်းထောင်၃၃ခုက ပြန်လွှတ်မြောက်လာတဲ့ အကျဉ်းသားတွေထဲမှာ နိုင်ငံရေးအကျဉ်းသား ၂၂၁ ဦး၊ နိုင်ငံရေးအကျဉ်းသူ ၁၅၇ ဦး စုစုပေါင်း နိုင်ငံရေး အကျဉ်းသား/သူပေါင်း ၃၇၈ ဦး လွတ်မြောက်ခဲ့တယ်လို့ PPNM ရဲ့ ထုတ်ပြန်တဲ့ စာရင်းတွေအရ သိရပါတယ်။

 

ဓာတ်ပုံ-PPNM