နွေဦးတော်လှန်ရေးမှာ TNLA တွေလိုတယ်

မြန်မာ့အရေးနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံအစိုးရရဲ့ ပါဝင်ပတ်သက်မှု၊ ဝင်ရောက်စွက်ဖက်မှု၊ လွှမ်းမိုးထားမှု ဘယ်လောက်ကြီးမားတယ်ဆိုတာ မြန်မာလူထုအသိပါပဲ။ သူ့အကျိုးစီးပွားကြည့်တတ်လွန်းလို့ လူထုအမြင် မကြည်မှုကို အကြီးအကျယ်ခံနေရတယ်ဆိုတာလည်း လူမှုကွန်ရက်မှာ တရုတ်လို့ တိုက်ရိုက်ရေးသားခွင့်ပိတ်ပင်ထားတာက သက်သေတည်နေပါတယ်။
ဒါပေမဲ့ ဘယ်အဖွဲ့အစည်းကမှ ကမ္ဘာ့အင်အားကြီး တရုတ်အစိုးရကို အာခံဖို့ မဝံ့ရဲကြပါဘူး။ ရှေ့တင်မှာတော့ ‘ဆွေမျိုးပေါက်ဖော်’ လို့ မချိသွားဖြဲပြောနေကြရတဲ့ အဖြစ်ပါ။
တစ်ဖွဲ့ပေါ်လာပြီလို့ ဆိုရလျှင် လူအများ စိတ်ဝင်တစားနဲ့ ဘယ်အဖွဲ့လဲလို့ မေးခွန်းထုတ်ကြဖွယ်ပါပဲ။
တရုတ်လက်ဝေခံလို့ အများသိထားကြတဲ့ ရှမ်းပြည်မြောက်ပိုင်းက တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)ကို ထူထောင်ထားတဲ့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(PSLF/TNLA)ပဲဖြစ်ပါတယ်။
“တရုတ်ရဲ့ခြိမ်းခြောက်မှုတွေ ခံနေရပါတယ်”
PSLF/TNLA ရဲ့ တွဲဘက်အထွေထွေအတွင်းရေးမှူး-၂ ဗိုလ်မှူးကြီး တားပန်လက ထုတ်ဖော်ပြောဆိုလိုက်တာဖြစ်ပါတယ်။ သူက မေလ ၄ ရက်နေ့မှာပြုလုပ်ခဲ့တဲ့ PSLF/TNLA တို့ရဲ့ အာဏာသိမ်းအပြီး လေးနှစ်ကျော်ကာလအတွင်း ပထမဆုံး သတင်းစာရှင်းလင်းပွဲမှာ သတင်းသမားတွေရဲ့မေးမြန်းမှုကို အထက်ပါအတိုင်း တရားဝင် ပြောကြားသွားတာပါ။
ဒီသတင်းစာရှင်းလင်းပွဲကို PSLF/TNLA ရဲ့ ဗိုလ်မှူးကြီး တားပန်လနဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ လွေးယေဦးတို့က ဦးဆောင်ပြုလုပ်ခဲ့တာပါ။
CJ Platform ရဲ့ အမေးနှစ်ခုထဲက တစ်ခုကို ဗိုလ်မှူးကြီး တားပန်လက ပြန်လည်ဖြေကြားသွားတဲ့အထဲ သူတို့ဟာ တရုတ်ရဲ့ ဖိအားပေးခြိမ်းခြောက်မှုတွေ ခံနေရတဲ့အကြောင်း ပြောကြားသွားတာ ဖြစ်ပါတယ်။
“ဒီအဖြေမျိုး ရခဲပါတယ်။ သူတို့လည်း အတော်ခံထားရလို့ ဒီလိုစကားမျိုးပြောတာဖြစ်လိမ့်မယ်” လို့ နိုင်ငံရေးလေ့လာစောင့်ကြည့်သူတစ်ဦးက မှတ်ချက်ပေးပါတယ်။
PSLF/TNLA ရဲ့ ဗိုလ်မှူးကြီးက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက်နေ့က သူတို့ဆီကို တရုတ်အစိုးရရဲ့ တိုက်ရိုက်ခြိမ်းခြောက်စာပေးပို့မှုကို မီးမောင်းထိုး ပြောကြားပါတယ်။
“အားလုံးလည်း သိကြမှာပါ။ ပြီးခဲ့တဲ့နှစ်တုန်းကလည်း ခြိမ်းခြောက်စာပို့ခဲ့တယ်ဆိုတာကို။ ခြိမ်းခြောက်တယ်ဆိုတာထက် ဖိအားပေးတာလို့ပဲပြောရမှာပေါ့နော်။ အကြိမ်ကြိမ်ဖိအားပေးနေတာဖြစ်ပါတယ်” လို့ ဗိုလ်မှူးကြီး တားပန်လှက ဖွင့်ဟပြောကြားတာ ဖြစ်ပါတယ်။ သူ့အပြော၊ သူ့ဟန်ပန်မှာ စိုးရိမ်သံ၊ စိုးရိမ်ဟန် ရောစွက်နေပေမဲ့ စကားလုံးတို့ကတော့ ပကတိကြည်စင်နေတာ သတိထားမိစေပါတယ်။
၁၀၂၇ ဒုတိယလှိုင်းကာလ အရှိန်ရနေချိန်မှာပဲ ယူနန်ပြည်နယ်၊ ရွှေလီမြို့က နိုင်ငံတော်လုံခြုံရေး ကော်မတီနာမည်တပ်ထားတဲ့ စာဟာ အောင်ပွဲအလီလီဆင်နေတဲ့ PSLF/TNLA ဆီ လိပ်မူပြီး ရောက်ရှိခဲ့ပါတယ်။
အဲဒီစာထဲမှာတော့ TNLA အနေနဲ့ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးတရုတ်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့မျှော်လင့်ကြောင်း၊ နယ်စပ်ဒေသခံများ၊ မြန်မာပြည်တွင်းရှိ တရုတ်လုပ်ငန်းများ၊ ပစ္စည်းဥစ္စာနဲ့ တရုတ်နိုင်ငံသား အသက်လုံခြုံရေး ထိခိုက်စေမယ့် အန္တရာယ်ရှိတဲ့ စစ်ရေးအပြုအမူများ ပပျောက်အောင် လုပ်ဆောင်ရမယ်လို့ သူတို့ရဲ့လက်အောက်ခံအဖွဲ့အစည်းထံ အမိန့်ပေးသလို ပြောထားတာတွေ့ခဲ့ရပါတယ်။
ဒါမှမဟုတ်ရင်တော့ “တရုတ်ဘက်က ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမိုလုပ်ဆောင်မည်ဖြစ်ပြီး ဖြစ်ပေါ်သည့်အကျိုးဆက်များအားလုံးကို သင်တို့ကိုယ်တိုင် တာဝန် ယူရမည်ဖြစ်သည်” လို့ ခြိမ်းခြောက်တဲ့စကားလုံးတွေနဲ့ ရေးသားပြောဆိုထားပါတယ်။
အခု TNLA ဘက်ကတော့ “လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး၊ စစ်ရေးအခြေအနေနှင့် ဧပြီတစ်လတာအခြေအနေများ” ခေါင်းစဉ်တပ်ထားတဲ့ မေလ ၄ ရက်နေ့ သတင်းစာရှင်းလင်းပွဲအတွင်း ဧပြီ ၂၈၊ ၂၉ ရက်နေ့က စစ်ကောင်စီနဲ့ ဆွေးနွေးပွဲအတွင်း တရုတ်နဲ့ စစ်ကောင်စီ နှစ်ဖက်လုံးရဲ့ ခြိမ်းခြောက်ဖိအားပေးမှုတွေ ခံနေရတဲ့အကြောင်း ထုတ်ပြောလာပါတယ်။
စစ်ကောင်စီဘက်က PSLF/TNLA ဘက်က ၁၀၂၇ စစ်ဆင်ရေး နှစ်ကျော့အတွင်း သိမ်းပိုက်ရရှိထားတဲ့ မြို့ ၁၂ မြို့ထဲက နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ် စတဲ့မြို့နယ်တွေကနေ တအာင်းတပ်တွေ စွန့်ခွာပြီး ပလောင်ဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေဖြစ်တဲ့ နမ့်ဆန်နဲ့ မန်တုံထဲအထိ ဆုတ်ခွာပေးဖို့ တောင်းဆိုခဲ့ပါတယ်။
ဒါပေမဲ့ PSLF/TNLA ဘက်ကတော့ အဲဒီအဆိုကို ပယ်ချခဲ့တယ်လို့ ပြောပါတယ်။ ဒါကြောင့်ပဲ ဆွေးနွေးပွဲမအောင်မမြင်ဖြစ်ခဲ့ရတဲ့အကြောင်း တွဲဘက်အထွေထွေအတွင်းရေးမှူး-၂ ဗိုလ်မှူးကြီး တားပန်လှက ဖွင့်ဟပြောဆိုပါတယ်။
PSLF/TNLA ဘက်ကအလိုရှိခဲ့တဲ့ ရောက်တဲ့နေရာမှာ အပစ်အခတ်ရပ်စဲရေး၊ လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီးတွေအပါအဝင် စစ်ကောင်စီဘက်က တိုက်ပွဲတွေရပ်တန့်ထားရေးနဲ့ ပြည်သူလူထုလွတ်လွတ်လပ်လပ်သွားလာခွင့်ရရေး စတာတွေလည်း ဆွေးနွေးပွဲထဲ သဘောတူညီမှု မရခဲ့ပါဘူး။
“ဆွေးနွေးပွဲက ပျက်သွားတာမဟုတ်ပါဘူး။ ညှိနှိုင်းမှု သဘောမတူတဲ့ကာလပဲ ဖြစ်နေပြီး ဆက်ညှိနှိုင်းသွားဖို့ နှစ်ဖက်တင်ပြချက်တွေကို ဩဂုတ်လမှာ ဆက်ဆွေးနွေးမှာပါ” လို့ ဗိုလ်မှူးကြီး တားပန်လှက ပြောပါတယ်။
လက်ရှိ PSLF/TNLA ထိန်းချုပ်ထားတဲ့ ၁၂ မြို့အတွင်း တရုတ်နဲ့ စစ်ကောင်စီတို့ရဲ့ ပိတ်ဆို့ထားမှုတွေကြောင့် ပြည်သူလူထုအပေါ် တိုက်ရိုက်အထိနာနေစေရတယ်လို့ သူက ပြောပါတယ်။
“တရုတ်နဲ့ စစ်ကောင်စီက ၂၀၂၄ ခုနှစ်၊ တစ်လပိုင်းကစပြီး လမ်းကြောင်းတွေ အကုန်ပိတ်ဆို့ထားတယ်။ နောက်တော့ ဖြတ်လေးဖြတ်ပိတ်ဆို့ထားတယ်။ ခြောက်လပိုင်း(ဇွန်လ)မှာတော့ ဖြတ်ငါးဖြတ်လုပ်လိုက်တယ်။ ဒါကြောင့် လူထုလည်း ကျပ်ကျပ်တည်းတည်းဖြစ်နေရတယ်။ လူထုအပေါ်အဓိက အကျပ်အတည်းကျရောက်နေရတာပေါ့” လို့ တွဲဘက်အထွေထွေအတွင်းရေးမှူးက ရှမ်းမြောက်က ပြည်သူတွေရဲ့ လက်ရှိအခြေအနေကို ပြောပြပါတယ်။
ဖြတ်ငါးဖြတ်ဆိုတာကတော့ ရေဖြတ်၊ လျှပ်စစ်မီးဖြတ်၊ စက်သုံးဆီဖြတ်၊ အင်တာနက်ဖြတ်နဲ့ ထောက်ပို့ပစ္စည်းဖြတ်တာတွေပဲဖြစ်ပါတယ်။
PSLF/TNLA တို့ ဖြတ်တောက်မှုတွေကို တောင့်ခံထားခဲ့တာ တစ်နှစ်ကျော်အကြာမှာတော့ ကိုးကန့်တပ် MNDAA လိုလက်မလျှော့လိုက်ဘဲ တရုတ်ရဲ့ခြိမ်းခြောက်ဖိအားပေးမှုတွေကို ထုတ်ဖော်ပြောဆိုလာခဲ့တာဖြစ်ပါတယ်။
အရင်က ‘တိုက်ပွဲတွေမရပ်ရင်’ ဆိုတဲ့ခြိမ်းခြောက်ဖိအားပေးမှုတွေလုပ်ခဲ့ပေမဲ့ တရုတ်ဟာ သူကိုင်ထားတဲ့ စစ်ကောင်စီတပ်ကို မနိုင်တဲ့အတွက် ဗျူဟာပြောင်းပြီး စားပွဲဝိုင်းပေါ် ပြောင်းခေါ်လာခဲ့တာဖြစ်ပါတယ်။
တရုတ်ရဲ့ခြိမ်းခြောက်ဖိအားပေးမှုတွေအကြောင်း ထုတ်ပြောလာတဲ့ ဗိုလ်မှူးကြီး တားပန်လှကတော့ “မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်မှာ တရုတ်ပါဝင်ပတ်သက်မှုက အလွန်အရေးပါပါတယ်။ တရုတ်ကပဲ ဒီဆွေးပွဲတွေကို ဦးစီးစီစဉ်တာဖြစ်ပါတယ်” လို့ ဆွေးနွေးပွဲတွေ ဖြစ်ပေါ်လာရပုံကို ပြောပါတယ်။
နွေဦးတော်လှန်ရေးအတွင်း တရုတ်ကြားဝင်တဲ့ ဆွေးနွေးပွဲတွေရဲ့ အစ ၁၀၂၇ စစ်ဆင်ရေးကလို့ ဆိုရမလိုပင်။
တရုတ်ဟာ ရှမ်းပြည်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ်ထဲက ကျားဖြန့်ဂိုဏ်း(ခေါ်) အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို ဖြိုခွင်းနိုင်ဖို့အတွက် စစ်ကောင်စီကို ညှိမရလို့ မြောက်ပိုင်းညီနောင်သုံးဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ် MNDAA၊ တအာင်းတပ် TNLA နဲ့ အာရက္ခတပ်တော် AA တို့နဲ့ လှည့်ထုတ်ခဲ့ပါတယ်။
လွန်ခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်ကစတင်ခဲ့တဲ့ နာမည်ကျော် ၁၀၂၇ စစ်ဆင်ရေးနဲ့ဖြစ်ပါတယ်။
ညီနောင်သုံးဖွဲ့ရဲ့ ကနဦးထုတ်ပြန်ချက်တွေထဲမှာလည်း ကျားဖြန့်နှိမ်နင်းရေးက စစ်အာဏာရှင်ချုပ်ငြိမ်းရေးအနောက်က တန်းတူကပ်လိုက်နေခဲ့တာ မြင်သာစေပါတယ်။
နောက်ပိုင်းမှာတော့ တရုတ်တို့ထင်မှတ်မထားတဲ့ အောင်မြင်မှုတွေကို ညီနောင်သုံးဖွဲ့နဲ့ PDF ပူးပေါင်းအဖွဲ့တွေက ရရှိစေခဲ့ပြီး ရှမ်းပြည်မြောက်ပိုင်းအပါအဝင် တစ်နိုင်ငံလုံးမှာ တော်လှန်ရေးအဖွဲ့တွေဟာ ခုခံစစ်ကနေ တမုဟုတ်ချင်း ထိုးစစ်ဘက်ကို ပြောင်းလဲနိုင်ခဲ့တဲ့အထိပါပဲ။
အဲဒီနောက် မြန်မာ့အရေးပြောင်ပြောင်တင်းတင်းဝင်ရောက်စွက်ဖက်နေတဲ့ တရုတ်အစိုးရဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအစား စစ်ကောင်စီဘက်က ရပ်ခဲ့ပါတော့တယ်။
ဒါကြောင့်ပဲ ပထမအကြိမ် ၁၀၂၇ စစ်ဆင်ရေးစတင်ပြီး ဖေဖော်ဝါရီအတွင်းမှာပဲ စစ်ကောင်စီနဲ့ မြောက်ပိုင်းညီနောင်သုံးဖွဲ့တို့ စားပွဲဝိုင်းပေါ် ရောက်လာခဲ့ရပါတယ်။
ဒါပေမဲ့ ဆွေးနွေးပွဲတွေလုပ်ရတဲ့ ရည်ရွယ်ချက်တွေကတော့ အစုအဖွဲ့သုံးခုကြားမှာ ခြားနားခဲ့ကြပါတယ်။ တရုတ်က သူ့အကျိုးစီးပွားအတွက် အပစ်ရပ်ရေးခေါင်စဉ်တပ်လို့ တည်ငြိမ်ရေးကို ဦးတည်ပါတယ်။ စစ်ကောင်စီကတော့ ဆုံးရှုံးထားတဲ့နယ်မြေတွေကို သေနတ်မဖောက်ဘဲ ပြန်လိုချင်တာပါ။ မြောက်ပိုင်းညီနောင်တွေကတော့ ရောက်တဲ့နေရာမှာ အပစ်အခတ်ရပ်စဲရေးနဲ့ သိမ်းပိုက်နယ်မြေတွေ မူလအတိုင်းရှိစေရေးတို့ဖြစ်ပါတယ်။
TNLA ရဲ့ မူသုံးချက်ကလည်း ဒီအတိုင်းပါပဲ။
“ချဉ်းကပ်ပုံကွာတော့ အဖြေရှာပုံလည်း ကွာသွားတာဖြစ်ပါတယ်” လို့ မေလ ၄ ရက်နေ့ သတင်းရှင်းလင်းပွဲအတွင်း PSLF/TNLA ရဲ့ ဗိုလ်မှူးကြီး တားပန်လက ပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေး တစ်နှစ်ကျော်ကြာမြင့်လာချိန် သုံးပွင့်ဆိုင် ဆွေးနွေးပွဲပေါင်းများစွာ ပြုလုပ်ပြီးခဲ့ချိန်မှာတော့ ကိုးကန့်တပ် (MNDAA)နဲ့ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီဆွေးနွေးပွဲမှာ အပစ်ရပ်ဆွေးနွေးနိုင်ခဲ့ပါတယ်။
“ကိုးကန့်တပ်က တရုတ်နဲ့ စစ်ကောင်စီ ပြုသမျှနုခဲ့တယ်။ အဆိုးဆုံးကတော့ ရေငုံနှုတ်ပိတ်နေခဲ့တာပဲ။ တရုတ်လက်က လွတ်ဖို့ နည်းလည်း မရှာဘူး။ သူတို့အဖွဲ့ရှင်သန်ရေးကိုပဲ ဦးတည်ခဲ့တယ်။ TNLA ကတော့ မတူဘူး။ ဖေဖော်ဝါရီဆွေးနွေးပွဲကတည်းက မဆွေးနွေးခင်မှာလည်း သတင်းထုတ်သလို ဆွေးနွေးပြီးတော့လည်း ထုတ်တယ်။ ထုတ်ရဲတယ်ပေါ့။ ဒါက တော်လှန်ရေးအဖွဲ့ပဲဖြစ်ဖြစ်၊ ဘယ်အဖွဲ့အစည်းမှာမဆို ရှိသင့်နေတဲ့၊ လိုအပ်နေတဲ့ အရာပဲ” လို့ နိုင်ငံရေးလေ့လာစောင့်ကြည့်သူ တစ်ဦးက မှတ်ချက်ပေးပြောပါတယ်။
ကိုးကန့်တပ်ဟာ TNLA လို တရုတ်နဲ့ စစ်ကောင်စီတို့ရဲ့ အဖြတ်ပေါင်းများစွာကို ကာလရှည် ရင်ဆိုင်ခဲ့ရပြီးနောက်မှာတော့ သွေးချွေးတွေနဲ့ တိုက်ယူခဲ့ကြရတဲ့ လားရှိုးကို သေနတ်မဖောက်ဘဲ လက်လွှတ်ပေးခဲ့ပါတော့တယ်။
“ကျွန်တော်တို့တော့ လားရှိုးလိုမဖြစ်အောင်လုပ်ရမယ်” လို့ PSLF/TNLA ရဲ့ ဗိုလ်မှူးကြီးက သတင်းစာရှင်းလင်းပွဲအတွင်း တတွတ်တွတ်ပြောဆိုသွားပါတယ်။
သူတို့နည်းလမ်းတွေကတော့ မဟာမိတ်တွေ ညီညွတ်ရေး တည်ဆောက်ဖို့၊ တရုတ်ကို မြန်မာအနေအထားသိအောင်ရှင်းပြဖို့နဲ့ ပြည်သူတွေ ပူးပေါင်းပါဝင်ကြဖို့ဖြစ်ပါတယ်။
“မြန်မာအကြောင်း တရုတ်က အူမချေးခါးကအစ သိပြီးသား။ မိကျောင်းမင်း ရေခင်းပြရုံသက်သက်ပဲဖြစ်လိမ့်မယ်။ တရုတ်က သူ့အကျိုးစီးပွားကို ကာကွယ်နိုင်မယ်ထင်တဲ့အဖွဲ့ကို ရွေးချယ်လိုက်တာ။ ဒါ သူ့ရဲ့ရွေးချယ်မှုပဲ။ ဒါပေမဲ့ တော်လှန်ရေးအဖွဲ့တွေကလည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဘယ်လိုရင်ဆိုင်မလဲ။ ကိုယ့်အကျိုးစီးပွား၊ ကိုယ့်ပြည်သူအကျိုးစီးပွား၊ ကိုယ့်နိုင်ငံအကျိုးစီးပွားကို ဘယ်လိုကာကွယ်နိုင်အောင်လုပ်ရမလဲဆိုတာကို စဉ်းစားသင့်တယ်။ တရုတ်ကို ရှင်းပြတဲ့နည်းကတော့ သိပ်အလုပ်ဖြစ်မယ်မထင်ဘူး” လို့ တရုတ်အရေးလေ့လာစောင့်ကြည့်နေသူတစ်ဦးက သူ့ရဲ့အမြင်ကို ဖွင့်ဟပြောကြားပါတယ်။
စစ်ကောင်စီနဲ့ တအာင်းတပ်တို့ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၆၊ ၁၇ ရက်နဲ့ အခု ဧပြီ ၂၈၊ ၂၉ ရက်ဆွေးနွေးပွဲတွေအပါအဝင် ခုနစ်ကြိမ်အထိ ဆွေးနွေးခဲ့ပြီးပြီလို့ PSLF/TNLA ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ လွေးယေဦးက ပြောပါတယ်။
အဲဒီဆွေးနွေးပွဲတွေအတွင်း တရုတ်နဲ့ စစ်ကောင်စီတို့ရဲ့ ခြိမ်းခြောက်ဖိအားပေးမှုတွေကို PSLF/TNLA တို့ ခံခဲ့ရတဲ့အပြင် လက်တွေ့မြေပြင်မှာလည်း ဖြတ်ငါးဖြတ်နဲ့ ရင်ဆိုင်နေရတာ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလကတည်းကဆိုတော့ တွန်းလှန်မှု တစ်နှစ်ကျော်လာခဲ့ပြီဖြစ်ပါတယ်။
ဖေဖော်ဝါရီအစည်းအဝေးမှာလည်း စစ်ကောင်စီတို့ လိုချင်တာမရလို့ ဆွေးနွေးပွဲအရာမထင်ခဲ့ကြသလို ဧပြီအစည်းအဝေးမှာလည်း လားရှိုး-မန္တလေး လမ်းမကြီးတလျှောက်က စစ်ရေး၊ စီးပွားရေး၊ ပထဝီအရေးအရ အလွန်အချက်အချာကျတဲ့ မြို့ ငါးမြို့ကို မရလို့ ပျက်ပြယ်ခဲ့ရပါတယ်။
ဒါကြောင့် တရုတ်လိုလားတဲ့ တည်ငြိမ်ရေးနဲ့ စစ်ကောင်စီတို့လိုလားတဲ့ သေနတ်မဖောက်ဘဲ ဆုံးရှုံးနယ်မြေတွေ ပြန်ရရေးဟာ အရာမထင်ဖြစ်ခဲ့ရပါတယ်။
PSLF/TNLA ရဲ့ တာဝန်ရှိသူတွေကလည်း သွေးချွေးနဲ့ တိုက်ယူထားရတဲ့ နယ်မြေတွေကို ပြန်မပေးဘူးလို့ အတိအလင်း မြန်မာသိ၊ ကမ္ဘာသိအောင် ပြည်တွင်းနဲ့ နိုင်ငံတကာသတင်းမီဒီယာတွေရဲ့ရှေ့မှောက်မှာ ထုတ်ပြောလိုက်ပြီဖြစ်ပါတယ်။
ဒါကြောင့် တရုတ်အစိုးရ ‘နား’ ပေါက်လောက်ပေပြီ။ ဒီလိုဆိုတော့ PSLF/TNLA အပေါ် တရုတ်ရဲ့ တန်ပြန်ခြိမ်းခြောက်ဖိအားပေးမှုတွေ မလွဲမသွေ ရောက်လာဖွယ်ပါပဲ။ ချက်ချင်းလက်ငင်းနဲ့ ဩဂုတ်ဆွေးနွေးပွဲအတွင်း ဆိုတဲ့ ကာလနှစ်ခုအတွင်း ဖြစ်လာမယ်ဆိုတာ မြေကြီးလက်ခတ်မလွဲဘူးဆိုတာ ပြောရန်မလိုလောက်အောင်ပါပဲ။
PSLF/TNLA အနေနဲ့ ဘယ်လိုရင်ဆိုင်မလဲ။ ဘယ်လောက်အထိ တောင့်ခံနိုင်မလဲ။ ဘယ်လိုတုံ့ပြန်မလဲ။ ထပ်ကွန့်လို့ဆိုရပါက ပြည်သူလူထုအနေနဲ့ ဘယ်နည်းဘယ်ဟန် ရင်ဆိုင်၊ တုံ့ပြန်၊ တောင့်ခံကြမှာပါလဲ။ ‘လဲ’ပေါင်းများစွာကြား နိုင်ငံရေးနဲ့ စစ်ရေးလေ့လာစောင့်ကြည့်သူတစ်ဦးကတော့ အခုလို တိုက်တွန်းအကြံပြုလာပါတယ်။
“ဒီလိုပွဲမျိုးမှာ ထုတ်ပြောပြီဆိုကတည်းက သူတို့ဆီမှာလည်း ဗျူဟာတစ်ခုခုရှိမယ်လို့ ယူဆရပါတယ်။ ဒါပေမဲ့ အကြာကြီးတော့ တောင့်ခံနိုင်လိမ့်မယ်မထင်ဘူး။ ဩဂုတ်အစည်းအဝေးမှာလည်း ပေးလိုက်ရတာမျိုးဖြစ်သွားနိုင်တယ်။ အဲဒီကနေ ကျော်လွန်လာခဲ့ရင်လည်း ဒီနှစ် ထန်ကုန်ပဲ။ ဒီနှစ်အတွင်း စုပေါင်းထိုးစစ်ကြီးလုပ်ကိုလုပ်မှ တော်လှန်ရေးအောင်ပွဲနဲ့အတူ တရုတ်ခြိမ်းခြောက်ဖိအားအောက်ကလွတ်ပြီး စစ်အာဏာရှင်လည်း တစ်သံသရာလုံး ကင်းရှင်းသွားမှာဖြစ်ပါတယ်”