စစ်တွေမြို့မှ AA ထိန်းချုပ်နယ်မြေ သွားရောက်ဖို့ လူတစ်ဦး ၁၀ သိန်းထိ ပွဲစားဆီ ပေးဆောင်ရ

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်မြို့တော် စစ်တွေကနေ အာရက္ခတပ်တော်(AA) ထိန်းချုပ်နယ်မြေသို့ သွားရောက်ဖို့အတွက် လူတစ်ဦး ၈ သိန်းမှ ၁၀ ကျပ်ထိ ပွဲစားဆီ ပေးဆောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီရဲ့ မြို့အဝင်အထွက် ပိတ်ဆို့ထားမှုနဲ့ အလုပ်အကိုင်ရှားပါးပြီး ကုန်စျေးနှုန်းတွေမြင့်တက်တဲ့အတွက် စားဝတ်နေရေးကြပ်တည်းလာတာကြောင့် စစ်တွေမြို့ခံတွေဟာ ပွဲစားတွေကနေတဆင့် AA ထိန်းချုပ်နယ်မြေကို သွားရောက်ကြတာဖြစ်ပါတယ်။
“စစ်တွေမြို့မှာ ရှိနေတဲ့ လူတွေက ပိတ်မိနေတဲ့သဘောပါ။ မြို့အပြင်လည်း ထွက်မရဘူး။ မြို့ထဲမှာလည်း အလုပ်အကိုင်မရှိဘူး။ ကုန်စျေးနှုန်းတွေ မြင့်တက်နေတယ်။ နေ့စဥ်ပုံမှန်ဝင်ငွေမရှိတော့ စားဝတ်နေရေး ပိုကြပ်တည်းလာတယ်။ ဒါကြောင့် AA ထိန်းချုပ်နယ်မြေကို ခိုလှုံဖို့ သွားကြတယ်။ အဲဘက်မှာဆို စားစရာမရှိရင်တောင် လွတ်လပ်သွားလာလို့ အလုပ်လုပ်လို့ရသေးတယ်ဆိုတဲ့ အတွေးနဲ့သွားကြတာပါ” လို့ စစ်တွေမြို့၊ မင်းဂံရပ်ကွက်မှ အသက် (၄၅) နှစ်အရွယ်အမျိုးသမီးတစ်ဦးက CJ Platform ကို ပြောပါတယ်။
စစ်ကောင်စီတပ်က စစ်တွေမြို့မှ တခြားနေရာဒေသကို ပြည်သူတွေ ထွက်ခွာလို့မရအောင် ပိတ်ဆို့ တားဆီးဖမ်းဆီးမှုတွေ ပြုလုပ်နေပြီး ဧပြီလ ၂၂ ရက်နေ့ ညကလည်း လွတ်မြောက်နယ်သို့ သွားရောက်ဖို စစ်တွေဒေသခံ ၃၀ ကျော်ဟာ မိဇံရပ်ကွက်က ဆိပ်ကမ်းတစ်ခုမှာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးတာ ခံခဲ့ရပါတယ်။
အဲဒါကြောင့် ပြည်သူတွေဟာ စစ်တွေမြို့မှ လွတ်မြောက်နယ်မြေသို့ ထွက်ခွာဖို့ မြို့ထဲက ပွဲစားတွေနဲ့ချိတ်ဆက်ပြီး ခိုးလမ်းကနေ အဆင့်ဆင့် သွားရတာဖြစ်တာကြောင့် လမ်းစရိတ် ကုန်ကျစရိတ်တွေ အရင်ကထက် အဆပေါင်းများစွာ ပိုမိုများပြားလာတာဖြစ်တယ်လို့ သိရပါတယ်။
“အခုအတိုင်းတာနဲ့ဆို စစ်တွေမြို့ကနေ ထွက်ခွာဖို့ဆိုတာ လုံးဝ မလွယ်ကူတဲ့ အခြေအနေမျိုးမှာရှိပါတယ်။ ရေလမ်း၊ ကုန်းလမ်း အဝင်အထွက်လုပ်လို့ရတဲ့နေရာအားလုံးကို စစ်သားတွေ၊ ရဲတွေက တပ်စွဲထားပြီး လမ်းကြောင်းတွေပိတ်ထားပါတယ်။ ဒီလိုအခြေအနေမှာ ပွဲစားတွေကလည်း စွန့်စွန့်စားစားနဲ့ အသက်ရင်းပြီး ပို့ဆောင်နေတာဖြစ်တယ်။ တကယ်လို စစ်ကောင်စီက မိသွားရင် ပွဲစားတွေကို ဖမ်းဆီး ငွေညှစ်တာတွေလုပ်တယ်။ အခုလည်း အဲလိုပို့ဆောင်နေတဲ့ ပွဲစားတွေဖမ်းမိဖို့ စစ်ကောင်စီတပ်က လိုက်ရှာနေကြပါတယ်။”လို့ အသက် ၃၀ နှစ်အရွယ် စစ်တွေမြို့ခံအမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။
ယခင်က စစ်တွေမြို့ကနေ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ပေါက်တော၊ ကျောက်တော် စတဲ့မြို့နယ်တွေကို သွားရောက်ဖို့ လူတစ်ဦးကို တစ်သောင်းကျပ်ကနေ တစ်သောင်းခွဲကျပ်ခန့်သာ ကုန်ကျလေ့ရှိပါတယ်။
လက်ရှိမှာ စစ်ကောင်စီတပ်က စစ်တွေမြို့ ရေလမ်းနဲ့ ကုန်းလမ်း မြို့ အဝင်အထွက်အားလုံးကို ပိတ်ဆို့ထားပြီး လေကြောင်းလမ်းတစ်ခုနဲ့သာ စစ်အင်အားနဲ့ ရိက္ခာတွေ ဖြည့်တင်းမှုတွေ လုပ်နေခဲ့ပါတယ်။
ငွေကြေးတက်နိုင်တဲ့ စစ်တွေဒေသခံတွေဟာ လေကြောင်းနဲ့ ရန်ကုန်၊ မန္တလေး စတဲ့မြို့ကြီးတွေမှာ သွားရောက်နေထိုင်ကြပြီး ငွေကြေးမတက်နိုင်သူတွေကတော့ AA ထိန်းချုပ်နယ်မြေတွေကို သွားရောက်ကြတာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်က စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင် စတဲ့မြို့တွေကို ထိန်းချုပ်ထားပြီး ကျန်တဲ့ မြို့ ၁၄ မြို့ကို AA က ထိန်းချုပ်ထားပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်
ပုံစာ – ပုံစာ-စစ်တွေဆိပ်ကမ်းတခုကို တွေ့ရစဥ်