နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ အယ်ကာထရက်ဇ် ထောင်ကို ပြန်ဖွင့်ဖို့ ထရမ့်ညွှန်ကြား

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဆန်ဖရန်စစ္စကို ပင်လယ်အော်မှာ တည်ရှိပြီး နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အယ်ကာထရက်ဇ် (Alcatraz) ထောင်ကို ပြန်လည်ဖွင့်လှစ်ဖို့ ဖက်ဒရယ်အကျဉ်းထောင်များ ဌာန (BOP) ကို ယမန်နေ့ မေလ လေးရက်နေ့မှာပဲ ညွှန်ကြားခဲ့တယ်လို့ နိုင်ငံတကာ သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
လက်ရှိမှာ ဆန်ဖရန်စစ္စကိုရဲ့ အထင်ကရ ခရီးသွားဆွဲဆောင်ရာဖြစ်နေတဲ့ အကျဉ်းထောင်ကို ပြန်တည်ဆောက်ပြီး ပြန်လည်ဖွင့်လှစ်ဖို့ ညွှန်ကြားခဲ့ကြောင်းကို ထရမ့်က သူ့ကိုယ်ပိုင် လူမှုကွန်ရက်ဖြစ်တဲ့ Truth Social မှာ ရေးသားဖော်ပြခဲ့ပါတယ်။
“အယ်ကာထရက်ဇ်ကို ပြန်တည်ဆောက်ပြီး ဖွင့်လှစ်ကြပါစို့” လို့ ထရမ့်က ရေးသားခဲ့သလို “အရင်ကာလတွေတုန်းက ကျွန်တော်တို့နိုင်ငံ ပိုပြီးတင်းတင်းကျပ်ကျပ်ရှိခဲ့စဉ်တုန်းက အန္တရာယ် အရှိဆုံး ရာဇဝတ်သားတွေကို လူသူကင်းမဲ့တဲ့ နေရာတွေမှာ ချုပ်နှောင်ထားဖို့ မတွန့်ဆုတ်ခဲ့ပါဘူး” လို့လည်း သူကဆက်ပြီး ရေးသားခဲ့ပါတယ်။
၁၉၆၃ ခုနှစ်မှာ ပိတ်သိမ်းခဲ့တဲ့ အယ်ကာထရက်ဇ်ထောင်မှာ အယ်လ်ကပုန်း (Al Capone) လိုမျိုး နာမည်ကြီး အမေရိကန် ရာဇဝတ်သားတွေကို ချုပ်နှောင်ထားခဲ့ဖူးပြီး လက်ရှိမှာတော့ အထင်ကရ ခရီးသွားဆွဲဆောင်ရာနေရာ တစ်ခုဖြစ်နေပါပြီ။
“ဒီကနေ့မှာ အကျဉ်းထောင်များဌာန၊ တရားရေးဌာန၊ ဖက်ဒရယ်စုံစမ်းစစ်ဆေးရေးဌာန (FBI)နဲ့ ပြည်တွင်းလုံခြုံရေး အဖွဲ့တွေကို အယ်ကာထရက်ဇ်ထောင်ကို ပိုပြီးတောင့်တင်းခိုင်မာလာအောင် တိုးချဲ့တည်ဆောက်ပြီး ပြန်လည်ဖွင့်လှစ်ဖို့ ညွှန်ကြားခဲ့ပါတယ်။”လို့ ထရမ့်က ရေးသားပါတယ်။
ဖလော်ရီဒါကနေ အိမ်ဖြူတော်ကို ပြန်လာတဲ့ ခရီးစဉ်မှာလည်း ထရမ့်က ဒီထောင်ကို ပြန်လည်ဖွင့်လှစ်ဖို့ ကိစ္စဟာ အရင်ကတည်းကရှိခဲ့တဲ့ သူ့ရဲ့စိတ်ကူးတစ်ခုဖြစ်ပြီး အခု လက်တွေ့အကောင်အထည်ဖော်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
အယ်ကာထရက်ထောင်ဟာ ထောင်ကိုတည်ဆောက်ထားတဲ့ ကျွန်းရဲ့ တည်ရှိနေပုံ၊ အေးခဲမတတ် အေးမြနေတဲ့ ရေပြင်နဲ့ ပြင်းထန်တဲ့ ရေစီးကြောင်းတွေကြောင့် အမေရိကန်ရဲ့ အလုံခြုံဆုံးထောင်အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ တရားဝင်မှတ်တမ်းတွေအရ ထောင်ဖောက်ပြေးနိုင်သူ လုံးဝမရှိပေမယ့် ထောင်ဖောက်ပြေးတဲ့ အကျဉ်းသားငါးဦးကိုတော့ “ပျောက်ဆုံးပြီး ရေနစ်သေဆုံးသည်ဟု ယူဆရသည်” လို့ စာရင်းသွင်းထားပါတယ်။
BOP ရဲ့ အဆိုအရ အယ်ကာထရက်ထောင်ကို လည်ဖတ်ဖို့အတွက် ကုန်ကျစရိတ် များပြားလွန်းတာကြောင့် ပိတ်သိမ်းခဲ့ရတာဖြစ်တယ်လို့ သိရပြီး အဓိကကတော့ ကျွန်းရဲ့ တည်ရှိနေပုံနဲ့ ဆက်စပ်နေပါတယ်။ BOP ရဲ့ ဝက်ဘ်ဆိုက်မှာတော့ အယ်ကာထရက်ဇ်ထောင်ရဲ့ လည်ပတ်ကုန်ကျငွေဟာ အခြားထောင်တွေထက် သုံးဆနီးပါးကုန်ကျတယ်လို့ ဖော်ပြထားပါတယ်။
အခုလိုမျိုး ကုန်ကျစရိတ်ကြီးမာလွန်းတဲ့ ထောင်ကို ပြန်လည်ပြုပြင်ပြီး ဖွင့်လှစ်မယ့် ကိစ္စဟာ တရားဥပဒေ စိုးမိုးရေးရဲ့ သင်္ကေတတစ်ခုဖြစ်တယ်လို့ ထရမ့်က ဆိုပေမဲ့ အောက်လွှတ်တော် ဥက္ကဋ္ဌဟောင်းနဲ့ ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ ဒီမိုကရက်တစ်ပါတီအမတ်ဟောင်းဖြစ်တဲ့ နန်စီပလော့စီကတော့ ဒီအစီအစဉ်ဟာ အရေးမပါဘူးလို့ ဝေဖန်ပြောဆိုခဲ့ပါတယ်။
ကိုးကား- Reuters
ဓာတ်ပုံ – Reuters