တအာင်းတပ် TNLA ထိန်းချုပ်ရာ နောင်ချိုမြို့နဲ့ မိုးကုတ်မြို့တို့ကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်မှုကြောင့် တစ်ဦးသေ တစ်ဦးဒဏ်ရာရ ဒီနေ့ နေ့လယ်မှာလည်း ကျောက်မဲမြို့ကို ဗုံးထပ်ကြဲ

တအာင်းတပ် TNLA ထိန်းချုပ်ထားရာ နောင်ချိုမြို့ကို စစ်ကောင်စီက ယမန်နေ့ မေလ ၄ ရက်နေ့ ညနေပိုင်းမှာ ဗုံးနှစ်လုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့တဲ့အပြင် မေလ ၃ ရက်နေ့ကလည်း မိုးကုတ်မြို့ကို ဗုံးကြဲခဲ့လို့ ဒေသခံ တစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ PSLF/TNLA ရဲ့ ထုတ်ပြန်ချက်တွေ အရ သိရပါတယ်။
နောင်ချိုမြို့နယ်က သုံးဆယ်ကျေးရွာနဲ့ နောင်ချိုမြို့ပေါ်က အမှတ် ၇ ရပ်ကွက်ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ညနေ ၅ နာရီ ၂၀ မိနစ် ဝန်းကျင်မှာ တစ်ကြိမ်၊ ၅ နာရီ ခွဲ ဝန်းကျင်မှာ တစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဧပြီလ ၃ ရက်နေ့ကလည်း မိုးကုတ်မြို့ အနောက်ပိုင်း ကသဲရပ်ကွက်နဲ ဆင်ခွာကျေးရွာတို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံတစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရရှိကာ ဘုန်းကြီးကျောင်း နှစ်ကျောင်း၊ ဓမ္မရုံနဲ့ နေအိမ် (၁၆) လုံး ထိမှန်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မေလ ၂ ရက်နေ့ကလည်း စစ်ကောင်စီက နောင်ချိုမြို့နယ် လုံဝယ်ကျေးရွာကို လေကြောင်းကနေ ပေါင် ၃၀၀ ဗုံးနဲ့ လာရောက်ကြဲချတိုက်ခိုက်ခဲ့ပါတယ်။
တရုတ်နိုင်ငံဖိအားကြောင့် တအာင်းတပ် TNLA နဲ့ စစ်ကောင်စီတို့ဟာ တရုတ်နိုင်ငံ ကူမင်းမြို့မှာ ဧပြီလ ၂၈ နဲ့ ၂၉ ရက်တို့မှာ တွေ့ဆုံဆွေးနွေးခဲ့ပေမဲ့ သဘောတူညီချက် တစ်စုံတစ်ရာ မရခဲ့ဘဲ ဆွေးနွေးပွဲမအောင်မြင်တဲ့ နောက်ပိုင်း စစ်ကောင်စီက TNLA ထိန်းချုပ်ရာနေရာတွေကို လေကြောင်းကနေ ပိုမိုတိုက်ခိုက်လာတယ်လို့ PSLF/TNLA သတင်းပြန်ကြားရေးအဖွဲ့ဝင် လွေးယေဦးက ယမန်နေ့မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာပြောဆိုခဲ့ပါတယ်။
စစ်ကောင်စီက TNLA ထိန်းချုပ်ရာဒေသတွေကို ပြီးခဲ့တဲ့ ဧပြီလ တစ်လလုံးမှာ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နောင်ချိုမြို့နဲ့ မိုးကုတ်မြို့တို့က ဗုံးကြဲတိုက်ခိုက်ခံရမှု အများဆုံး ဖြစ်တယ်လို့လည်း ဆိုပါတယ်။ စစ်ကောင်စီတောင်းဆိုတဲ့ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ် စတဲ့ မြို့တွေကို ပြန်ပေးဖို့ မရှိဘူးလို့ TNLA ဘက်က တုံ့ပြန်ပြီးနောက်မှာ TNLA ထိန်းချုပ်ရာမြို့တွေကို စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေ တိုးမြှင့်လုပ်ဆောင်လာတာကိုလည်း တွေ့ရပါတယ်။
စစ်ကောင်စီဟာ ဒီကနေ့ မေလ ၅ ရက်နေ့ နေ့လယ် ၁၁ နာရီ ၂၀ မိနစ်ဝန်းကျင်မှာလည်း TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေပြောဆိုချက်အရ သိရပြီး ထိခိုက်မှုအသေးစိတ်ကိုတော့ CJ Platform အနေနဲ့ စုံစမ်းနေဆဲဖြစ်ပါတယ်။
လက်ရှိမှာ စစ်ကောင်စီတပ်သည် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်တဲ့မြို့နယ်တွေကို စစ်အင်အား ဖြည့်တင်းခြင်း၊ ထိုးစစ်ဆင်ခြင်းနဲ့ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ပြည်သူလူထုနေထိုင်ရာ နေရာတွေကို လေကြောင်းကနေ ရည်ရွယ်ချက်ရှိရှိ ဦးတည်ပြီး ဗုံးကြဲချတဲ့ လုပ်ရပ်တွေပြုလုပ်နေတယ်လို့လည်း ထုတ်ပြန်ချက်ထဲဖော်ပြထားပါတယ်။
ဒါကြောင့် စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ရှောင်ရှားနိုင်ဖို့ စစ်ရေးသတိအမြဲရှိဖို့လိုအပ်ပြီး လေကြောင်းရန်ကာကွယ် ရေးဆိုင်ရာနည်းလမ်းတွေကို လိုက်နားဆောင် ရွက်ဖို့ လိုအပ်တယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – TNLA