ကျောက်မဲမြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးနှစ်လုံးကြဲ

တအာင်းတပ် TNLA ထိန်းချုပ်ထားရာ ကျောက်မဲမြို့ကို စစ်ကောင်စီက ဒီကနေ့ နေ့လယ် ၁၁ နာရီ ၂၀ မိနစ်ခန့်မှာ လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ ဗုံး နှစ်လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ PSLF/TNLA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဗုံးကြဲမှုအခြေအနေနဲ့ ပတ်သတ်ပြီး ထိခိုက်ပျက်စီးမှုအခြေအနေတွေကို မသိရှိရသေးဘဲ CJ Platform အနေနဲ့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
စစ်ကောင်စီဟာ TNLA နဲ့ ဆွေးနွေးပွဲ မအောင်မြင်တဲ့ နောက်ပိုင်း TNLA ထိန်းချုပ်ရာနေရာတွေကို လေကြောင်းကနေ ပိုမိုတိုက်ခိုက်လာတယ်လို့ PSLF/TNLA သတင်းပြန်ကြားရေးအဖွဲ့ဝင် လွေးယေဦးက ယမန်နေ့ မေလ ၅ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။
မေလအတွင်းမှာလည်း စစ်ကောင်စီတပ်က ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ထိန်းချုပ်ရာ မိုးကုတ်နှင့် နောင်ချိုမြို့နယ်အတွင်း လေကြောင်းကနေ နေ့စဥ်ရက်ဆက်ဆိုသလို ဗုံးကြဲချနေတာကြောင့် ဒေသခံ တစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ PSLF/TNLA ကထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – MALNgean