အကယ်ဒမီရွှေစင်ရုပ်ကို အပြိုင်အဆိုင်မျှော်လင့်နေချိန် စစ်ရှောင်တွေအတွက် အကယ်ဒမီရုပ်တုကို လှူဒါန်းတဲ့ ပိုင်ဖြိုးသု

Author လဂွန်းအိမ်
Categories
Published on Feb 05, 2025

စစ်ကောင်စီရဲ့ ၂၀၂၄ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ ကျင်းပဖို့ ရက်ပိုင်းအလိုမှာပဲ အကယ်ဒမီ ပိုင်ဖြိုးသုက စစ်ဘေးရှောင်တွေနဲ့ ခက်ခဲနေတဲ့ နေရာတွေကို ပြန်လှူဒါန်းနိုင်ဖို့ အကယ်ဒမီရုပ် ကမ်ပိန်းကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့အထိ ပြုလုပ်သွားမယ်လို့ သူမရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ တဆင့်သိရပါတယ်။

 

မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲက ရရှိမယ့် အကယ်ဒမီရုပ်ထုကို အနုပညာရှင်တော်တော်များများက မျှော်လင့်ချက်များစွာနဲ့ ပြိုင်ဆိုင်နေချိန်မှာပဲ အကယ်ဒမီ ပိုင်ဖြိုးသုက သူမ တန်ဖိုးထားမြတ်နိုးရတဲ့ အကယ်ဒမီရွှေစင်ရုပ်ထုက ရွှေတစ်ကျပ်သားရှိကြယ်ကို ကမ်ပိန်းရဲ့ ပထဆုရရှိသူကို ပေးအပ်မယ်လို့ ဆိုပါတယ်။

 

“ဒီအရုပ်လေးဟာ သုသုအတွက် ဘယ်လောက်ပဲ တန်ဖိုးကြီးကြီး သုသုတို့ ပြည်သူတွေရဲ့ အသက် တွေ၊ သွေး၊ ချွေး တွေရဲ့ တန်ဖိုးနဲ့ နှိုင်းယှဥ်လို့ မရပါဘူး” လို့ သူက လူမှုကွန်ရက်မှာ ပြောထားပါတယ်။

 

ဒါ့အပြင် သူမရဲ့ အမှတ်တရ ရွှေဆုတွေလည်း ဒုတိယဆုနဲ့ တတိယဆုအနေနဲ့ ပါဝင်မှာဖြစ်ပြီး အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်ရှိ မိတ်ဆွေဇနီးမောင်နှံက ရွှေချိန်တစ်ကျပ်သားရှိတဲ့ ရွှေကြယ်ကို ထည့်ဝင်လှူဒါန်းပေးထားတာ ဖြစ်တယ်လို့ သိရပါတယ်။

 

ဒါပေမဲ့ စစ်ကောင်စီရဲ့ ၂၀၂၄ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ နီးကပ်လာချိန်မှာပဲ (၁၆)ကြိမ်မြောက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဆန်ဆီစားသောက်ကုန်လှူဒါန်းမှု ခေါင်းစဉ်နဲ့ အနုပညာရှင် အများစုကတော့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကို အသီးသီးအပြိုင်အဆိုင် လှူဒါန်းနေကြပါတယ်။

 

ဒီလိုလှူဒါန်းမှုတွေကို အကယ်ဒမီအတွက် သူ့ထက်ငါ လှူဒါန်းနေကြတယ်လို့ အများက ဝေဖန်နေကြပြီး ရုပ်ရှင်အစည်းအရုံးဘက်ကတော့ ရုပ်ရှင်လောကသားတွေအတွက် ဆန်၊ဆီ၊ကြက်သွန်နီ၊ပဲ၊ငါးသေတ္တာ စတဲ့ စားသောက်ကုန်တွေအတွက်သာ လှူဒါန်းတာလို့ ထုတ်ပြန်ထားပါတယ်။

 

ဒါ့အပြင် သတင်းမီဒီယာတွေကို ရုပ်ရှင်ထူးချွန်ဆုပေးကာနီးတွင် ရုပ်ရှင်သရုပ်ဆောင်များ ရုပ်ရှင်အစည်းအရုံးကို အပြိုင်အဆိုင်လှူဒါန်းကြတဲ့ ခေါင်းစဉ်နဲ့ ရေးသားနေတာတွေကို ဖော်ပြခြင်းမလုပ်ဖို့လည်း တောင်းဆိုထားပါတယ်။

 

အကယ်ဒမီပိုင်ဖြိုးသုရဲ့ ရွှေစင်ရုပ်ထုမှာ ပါဝင်တဲ့ ရွှေချိန် ငါးကျပ်သားပါ မူလရွှေကြယ်ကတော့ အကယ်ဒမီဆုရပြီး ရက်ပိုင်းအတွင်းမှာပဲ သူမရဲ့ လုပ်ဖော်ကိုင်ဖက် စက်အဖွဲ့ တွေနဲ့ ကိုလူချောတို့အတွက် ဆန်တွေ၊ ဆီတွေ ပေးဝေခဲ့ပြီးဖြစ်လို့  ဒီကမ်ပိန်းအတွက် အလှူရှင်က ပံ့ပိုးပေးခဲ့လို့ ကျေးဇူးတင်ကြောင်းလည်း သူမကပြောထားပါတယ်။

 

စစ်ကောင်စီဟာ အခုအချိန်ထိ လေကြောင်းက နေ အရပ်သား ပြည်သူတွေရှိတဲ့ နေအိမ်တွေ၊ ကျေးရွာတွေက စလို့ ဆေးရုံတွေ၊ စာသင်ကျောင်းတွေပါမချန် ဗုံးကြဲတိုက်ခိုက် နေတာကြောင့် ဆင်းရဲဒုက္ခမျိုးစုံနဲ့ စစ်ဘေး ရှောင်နေရတဲ့ ပြည်သူ တွေအတွက် သူမတန်ဖိုးထားရတဲ့ အကယ်ဒမီအရုပ်ကို အသုံးပြုပြီး ပြန်ကူညီ ပေးချင်တာလို့လည်း ဆိုပါတယ်။

 

၂၀၂၄ ခုနှစ် ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို အခု ဖေဖော်ဝါရီလအတွင်းမှာပဲ ကျင်းပမှာဖြစ်ပြီး အခမ်းအနားတက်ရောက်သူတွေအနေနဲ့ လူဦးရေ၊ ယာဉ်အမျိုးအစား၊ တည်းခိုမယ့်နေရာတွေကို စာရင်းပေးရမှာဖြစ်ပြီး စာရင်းမပေးပါက အစစ်အဆေးခံရမှာဖြစ်တယ်လို့ ရုပ်ရှင်အစည်းအရုံးက ထုတ်ပြန်ထားပါတယ်။

 

ဒါ့အပြင် လုံခြုံရေးရင်ထိုးပါမှသာ ပွဲတက်လို့ရမှာဖြစ်ပြီး လုံခြုံရေးရင်ထိုးမပါပါက အကယ်ဒမီပေးပွဲ တက်ခွင့် မပေးဘူးလို့ သိရတဲ့အပြင် လုံခြုံရေးရင်ထိုးထုတ်ယူရာမှာလည်း ဖိတ်စာရှိမှသာ ထုတ်ယူခွင့်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။

 

လက်ရှိမှာ လုံခြုံရေးအဆင့်ဆင့်နဲ့ ကျင်းပမယ့် စစ်ကောင်စီရဲ့ အကယ်ဒမီပေးပွဲကရရှိမယ့် ရွှေစင်ရုပ်ထုကို ရရှိနိုင်ဖို့ သူ့ထက်ငါ ပြိုင်ဆိုင်လှူဒါန်းနေချိန် အကယ်ဒမီ ပိုင်ဖြိုးသုက ဒုက္ခရောက်နေတဲ့ ပြည်သူတွေအတွက် သူမပိုင်ဆိုင်တဲ့ အကယ်ဒမီရွှေစင်ရုပ်ထုကို ရောင်းချလှူဒါန်းမယ်ဆိုတာက မွန်မြတ်တဲ့အလုပ်ဖြစ်တယ်လို့ လူမှုကွန်ရက် အသုံးပြုသူတွေက ပြောဆိုနေကြပါတယ်။

 

ဓာတ်ပုံ – Artists’ Shelter

 

ပုံစာ-အကယ်ဒမီပိုင်ဖြိုးသုရဲ့ ကမ်ပိန်းပိုစတာကိုတွေ့ရစဉ်