စစ်တွေနဲ့ ကျောက်ဖြူမှာ လျှပ်စစ်မီးမရလို့ ဒေသခံတွေ အခက်အခဲဖြစ်နေ
ရခိုင်ပြည်အတွင်း စစ်ကောင်စီထိန်းချုပ်ထားဆဲ စစ်တွေနဲ့ကျောက်ဖြူမြို့တို့ကို စစ်ကောင်စီက လျှပ်စစ်မီး ဖြတ်တောက်ထားတာကြောင့် ဒီကနေ့ ဒီဇင်ဘာလ ၅ ရက်နေ့အထိ လျှပ်စစ်မီးနဲ့ သောက်သုံးရေမရတဲ့ အခက်အခဲကို ပြည်သူတွေ ရင်ဆိုင်နေကြရတယ်လို့ စုံစမ်းသိရှိရပါတယ်။
ဒေသခံတွေအနေနဲ့ လျှပ်မီးမရရှိတာ ခုနစ်လခန့် ကြာပြီဖြစ်တာကြောင့် ရေတင်ရခက်ခဲပြီး မသန့်ရှင်းတဲ့ အဝီစိတွင်းရေကိုသာ အဆင်ပြေသလို သုံးစွဲနေရတယ်လို့ စစ်တွေဒေသခံတွေက ပြောပါတယ်။
“အစိုးရရုံးနားကတွင်းနားမှာ ရေချိုးသူချိုး၊ ခပ်တဲ့သူကခပ်နဲ့ ညစ်ပတ်နေတာပဲ။ မီးမရ၊ ရေမရနဲ့ တော်တော်ကိုအဆင်မပြေတာ။ နေဖို့ထိုင်ဖို့ လုံးဝမကောင်းတော့ဘူး”လို့ စစ်တွေမြို့ဒေသခံ အသက် ၄၂ နှစ်အရွယ် ဦးစိုးနိုင်က ပြောပါတယ်။
အလားတူ ကျောက်ဖြူမြို့မှာလည်း လျှပ်စစ်မီးမရရှိတာ လေး လခန့်ကြာပြီဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“မီးမရတော့ ရေလည်း အဆင်မပြေဖြစ်တာပေါ့။ တွန်းလှည်းတွေနဲ့ ဝယ်သုံးရတယ်။ အခုလို အဆင်မပြေတဲ့ကာလမှာ မလိုအပ်ဘဲ ငွေပိုကုန်တာပေါ့လေ။ လျှပ်စစ်မီးမရတော့ ကျန်းမာရေးအတွက်လည်း သက်ရောက်လာတယ်”လို့ အသက် ၃၃ နှစ်အရွယ် ကျောက်ဖြူဒေသခံ မအေးညိုက ပြောပါတယ်။
သောက်သုံးရေမသန့်ရှင်းမှုကြောင့် ဝမ်းပျက်ဝမ်းလျှောနဲ့ အရေပြားရောဂါ ဖြစ်ပွားမှုတွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လျှပ်စစ်မီးဖြတ်တောက် ခံထားရတာကြောင့် ဒေသခံတွေအနေနဲ့ မီးစက်နဲ့ ဆိုလာကို အားထားအသုံးပြုနေရတယ်လို့ စုံစမ်းသိရှိရပါတယ်။
စစ်တွေမြို့အတွင်း မီးစက်အသုံးပြုဖို့အတွက် ဒီဇယ်ဆီ ဝယ်ယူရာမှာ တစ်လီတာကို ၁၈,၀၀၀ ကျပ်ထိ ပေးဝယ်ရပြီး ကျောက်ဖြူမြို့မှာတော့ ၁၅,၀၀၀ ကျပ်အထိ ပေးဝယ်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာတော့ အဲဒီမြို့တွေဟာ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြို့တွေဖြစ်ပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ဒေသခံတွေကို ရည်ရွယ်ချက်ရှိရှိ တမင်ဖိနှိပ်ထားတာဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။
အလားတူ အာရက္ခတပ်တော် (AA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့တွေမှာလည်း စစ်ကောင်စီက လျှပ်စစ်မီးကို ဖြတ်တောက်ထားပါတယ်။
လျှပ်စစ်မီးရရှိစဉ်ကာလက စစ်တွေမြို့ကို ကန်တော်ကြီးရေကန်ကနေ အဓိက ရေပေးဝေခဲ့ပြီး ရေလုံလောက်မှုမရှိတာကြောင့် အဲဒီကန်ရဲ့ အနီးအနားမှာရှိတဲ့ ကန်တော်လေး၊ မထသကန်၊ တိုးချဲ့ကန်၊ တြိဂံကန်နဲ့ အဓိဋ္ဌာန်ကန်စတဲ့ အရန်ကန် ငါးကန်ကနေပါ ရပ်ကွက်အများစုကို ရေပေးဝေခဲ့တာဖြစ်ပါတယ်။
ဓာတ်ပုံ- Pro-SAC
ပုံစာ- လက်နှိပ်ရေတုံကင် အသုံးပြုနေတဲ့ ပြည်သူတွေကို တွေ့ရစဉ် (ပုံဟောင်း)