နွားထိုးကြီးမှာ လေးရက်ဆက် လေကြောင်းနဲ့ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်လို့ ဒေသခံ ၁၀ ဦးခန့်သေဆုံး

Author မင်းထက်
Categories
Published on Dec 05, 2024

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်မှာ ဒီဇင်ဘာ ၂ ရက်ကနေ ဒီကနေ့ ဒီဇင်ဘာ ၅ ရက်နေ့အထိ လေးရက်ဆက်တိုက် လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုတွေ စစ်ကောင်စီတပ်က ပြုလုပ်နေတဲ့အတွက် ဒေသခံ ၁၀ ဦးခန့်အထိသေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

 

အဲဒီဒေသက ကျေးရွာတွေမှာ တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီတပ်က လေကြောင်းကနေဗုံးကြဲတာအပြင် လက်နက်ကြီးနဲ့ပါပစ်ခတ်တိုက်ခိုက်နေတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

 

“တိုက်ပွဲတွေ မရှိပါဘူး။ ပြည်သူကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တာပါ” လို့ နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၀င် အသက် ၂၆ နှစ်အရွယ် ရဲဘော်တစ်ဦးက ပြောပါတယ်။

 

ဒီကနေ့ မနက် ၅ နာရီခန့်က အောင်သာနဲ့ အောင်ပန်းကုန်ရွာကြားကို လေကြောင်းကနေ ဗုံးအလုံး ၂၀ ခန့်ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အောင်ပန်းကုန်းရွာက မိသားစု၀င် သုံးဦးသေဆုံးခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

 

သေဆုံးသူတွေဟာ ဦးကျော်သူမိုး (၄၈) နှစ်၊ ဒေါ်ခင်အေးကျင် (၄၆) နှစ်၊ မောင်အောင်ပြည့်သျှံ (၁၃)နှစ် တို့ဖြစ်ပြီး မိသားစု၀င်တစ်ဦးသာ ကျန်ရစ်ခဲ့တယ်လို့ သိရပါတယ်။

 

ဒါ့အပြင် ဒီကနေ့ မနက် ၈ နာရီခန့်က စစ်ကောင်စီတပ်ကပစ်ခတ်ခဲ့တဲ့ ဟောင်ဝှစ်ဇာလက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် လက်ဝဲရွာက အသက် ၇၀ ခန့် အဘိုးတစ်ယောက် သေဆုံးသွားတယ်လို့ သိရပါတယ်။

 

ယမန်နေ့ ဒီဇင်ဘာလ ၄ ရက် မွန်းလွဲ ၁ နာရီခန့်ကလည်း သမန်းတောနဲ့ လုံးတောရွာကြားကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် လုံးတောရွာဘုန်းကြီးကျောင်းနေ အမျိုးသားတစ်ဦး(ကပ္ပိယ) သေဆုံးပြီး ဒေသခံ ကိုးဦး ဒဏ်ရာရတယ်လို့ နွားထိုးကြီးပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။

 

ဒီဇင်ဘာလ ၂ ရက်နဲ့ ၃ ရက်နေ့တွေမှာတော့ ကွမ်းအုံနဲ့ နဘဲမြစ်ရွာတို့ ဗုံးကြဲခံရတာကြောင့် ဒေသခံလေးဦး သေဆုံးတယ်လို့ နွားထိုးကြီး ပကဖနဲ့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။

 

လက်ရှိ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်ခံရတဲ့ ကျေးရွာတွေက ဒေသခံ ထောင်နဲ့ချီဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။

 

ဒီနှစ် ၂၀၂၄၊ ဇန်နဝါရီလကနေ နိုဝင်ဘာလကုန်အထိ ၁၁ လတာအတွင်း နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၅၈၁ ဦးအထိ ရှိလာပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)ရဲ့ စာရင်းတွေအရ သိရပါတယ်။

 

ဓာတ်ပုံ – CJ

 

ပုံစာ- သြဂုတ်လအတွင်းက လက်၀ဲနဲ့ မြင်းနီကျေးရွာတွေမှာ စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်လို့ ပျက်ဆီးသွားတဲ့ နေအိမ်တစ်လုံးကိုတွေ့ရစဥ်(ပုံဟောင်း)

 

Related News

Depend on news