ရက် ၂၀ ကျော်အထိ နေရပ်မပြန်ရသေးတဲ့ ပုလဲစစ်ရှောင်တွေ အညာဆောင်းဒဏ်ခံနေရလို့ ဖျားနာတာတွေဖြစ်ပေါ်နေ

Author မင်းထက်
Categories
Published on Dec 05, 2024

စစ်ကိုင်းတိုင်း ၊ ပုလဲမြို့သိမ်းတိုက်ပွဲတွေကြောင့် မြို့ခံတွေအပါအ၀င် ကျေးရွာတွေက တိမ်းရှောင်လာကြသူတွေဟာ ဒီကနေ့ ဒီဇင်ဘာ ၅ ရက်နေ့အထိ ရက် ၂၀ ကျော်ကြာ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ရာသီဥတုဒဏ်ခံစားနေရလို့ ဖျားနာမှုတွေဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

ပုလဲမြို့ကို ဗိုလ်နဂါးဦးဆောင်တဲ့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BNRA)နဲ့ မဟာမိတ်တွေက နိုဝင်ဘာ ၁၁ ရက်က တိုက်ခိုက်ခဲ့ပြီးနောက် နိုဝင်ဘာ ၁၄ ရက်နေ့မှာ ဆုတ်ခွာခဲ့ကြပါတယ်။

အဲဒီတိုက်ပွဲအရှိန်ကြောင့် ပုလဲနယ်တဝိုက် စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးရန်၊ စစ်ရေးအခြေအနေတင်းမာမှုအခြေအနေတွေကြောင့် ဒေသခံ နှစ်သောင်းခန့်ဟာ အခုထိ နေရပ်မပြန်ရဲကြသေးတာဖြစ်တယ်လို့ သိရပါတယ်။

 

“အညာဆောင်းကသိတဲ့အတိုင်း အရိုးထဲစိမ့်နေအောင်အေးတော့ ဆောင်းရာသီရောက်လာတော့ နှာစေးချောင်းဆိုတာတွေ၊ ဖျားနာတာတွေ အတော်များများဖြစ်တယ်” လို့ ပုလဲမြို့နယ် အမျိုးသမီးလူငယ်နဲ့ ကလေးသူငယ်ရေးရာတာ၀န်ခံက ပြောပါတယ်။

 

စစ်ရှောင်တွေအတွက် ဆီးချို၊ သွေးတိုးဝေဒနာအတွက် ဆေး၀ါး၊ အညောင်းအညာပျောက်ဆေးတွေ၊ ပါရာစီတမော့ စတဲ့ဆေးတွေနဲ့ သက်ကြီးရွယ်အိုတွေပါ၀င်တာကြောင့် အာရုံကြောဆေး၊ အားဆေး စတဲ့အရာတွေ တောင်းဆိုတာတွေရှိနေတယ်လို့ သူက ဆက်ပြောပါတယ်။

 

နာတာရှည်ရောဂါတွေနဲ့ ကျန်းမာရေးဆိုင်ရာစောင့်ရှောက်ရေးအတွက် တချို့နေရာတွေမှာ စေတနာရှင်တွက အကူအညီပေးနေတာတွေရှိသလို မြို့နယ်၊ ရပ်ကျေး ပအဖ ၊ ပကဖ၊ ပလဖအပြင် တာ၀န်ရှိသူတွေကလည်း ကူညီစောင့်ရှောက်မှုပေးနေတယ်လို့ သိရပါတယ်။

 

ပုလဲစစ်ဘေးရှောင်တွေရာ ဘေးလွတ်ရာကျေးရွာတွေအပြင် နီးစပ်ရာဒေသတွေဖြစ်တဲ့ ဆားလင်းကြီးမြို့နယ်၊ ယင်းမာပင်မြို့နယ်တွေနဲ့ မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းထိ တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

 

“မြို့နဲ့အနီးတ၀ိုက်မပြန်နိုင်သေးဘူး။ တချို့တွေက ရိတ်သိမ်းဖို့ရှိနေတော့ ရိတ်သိမ်းဖို့ နေ့ပိုင်းသွက်သွက်သွား၊ သွက်သွက်ပြန်ရတာမျိုးရှိတယ်။ လေကြောင်းရန်လည်းကြောက်ရသေးတယ်” လို့ အသက် ၄၀ ခန့် ပုလဲဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

 

ပုလဲမြို့သိမ်းတိုက်ပွဲကနေ ကာကွယ်ရေးပူးပေါင်းတပ်တွေ ပြန်လည်ဆုတ်ခွာခဲ့တဲ့ နိုဝင်ဘာလ ၁၄ ရက်နေ့ကစလို့  မြို့ပေါ်ကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်ပြီး ဒေသခံတွေရဲ့ နေအိမ်တွေမီးရှို့ဖျက်ဆီးခဲ့သလို ရမ်းသမ်းပစ်ခတ်တာတွေလည်းရှိနေတယ်လို့ စုံစမ်းသိရှိရပါတယ်။

 

လက်ရှိအချိန်ထိ ပုလဲမြို့နယ်အတွင်း စစ်ရေးအခြေအနေ ဆက်လက်တင်းမာနေဆဲဖြစ်တယ်လို့ သိရပါတယ်။

 

အဲဒီပုလဲမြို့ပေါ် တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်က လေကြောင်းတိုက်ခိုက်မှု အကြိမ် ၅၀ ကျော်ပြုလုပ်ခဲ့တဲ့အပြင် လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ပုလဲမြို့ပေါ်က ပြည်သူလေးဦး သေဆုံးခဲ့ပြီး အရပ်သား ၁၀ ဦးထိခိုက်ခဲ့တယ်လို့ စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

 

ဓာတ်ပုံ – ပုလဲမြို့နယ် အမျိုးသမီးလူငယ်နှင့်ကလေးသူငယ်ရေးရာ (လူမှုကွန်ရက် )

 

ပုံစာ – ပုလဲမြို့နယ်စစ်ရှောင်များအတွက် MOWYCA မြို့နယ်တာဝန်ခံက ရိက္ခာဖိုးနဲ့ ကုန်စိမ်းများလှူဒါန်းခဲ့စဥ်

 

 

Related News

Depend on news