ကြာသပတေးနေ့အတွက် CJ Platform ရဲ့ အားကစားသတင်းတိုများစုစည်းမှု

Author CJ Platform
Categories
Published on Dec 05, 2024

“မန်ယူကို အနိုင်ယူပြီး မှတ်တမ်းကောင်းရေးထိုးနိုင်ခဲ့တဲ့ အာဆင်နယ်”

 

ပရီးမီးယားလိဂ်ပွဲစဉ် -၁၄ မှာတော့ အာဆင်နယ်အသင်းဟာ အိမ်ကွင်း အမ်းမရိတ်မှာ မန်ယူအသင်းကို နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီနိုင်ပွဲဟာ အာဆင်နယ်အသင်းသမိုင်းမှာ မန်ယူကို ပထမဆုံးအကြိမ်အဖြစ် လေးပွဲဆက်တိုက် အနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။

 

ဒီပွဲဟာ အာဆင်နယ်အတွက် အိမ်ကွင်း အမ်းမရိတ်မှာ ပွဲပေါင်း ၅၀၀ ပြည့်မြောက်ခဲ့တာဖြစ်ပြီး ပေါ်တူဂီလူမျိုးနည်းပြ အမော်ရင်အတွက်တော့ မန်ယူနည်းပြဘ၀ ပထမဆုံး ရှုံးပွဲကို ကြုံဆုံလိုက်ရတာဖြစ်ပါတယ်။

 

အာဆင်နယ်အတွက် ဂိုးတွေကိုတော့ ထောင့်ကန်ဘောတွေကနေ တင်ဘားနဲ့ ဆလီဘာတို့က သွင်းယူပေးခဲ့ကြတာဖြစ်ပါတယ်။

****************************************


“ခုနစ်ပွဲဆက် နိုင်ပွဲပျောက်ဆုံးမှုကို ရပ်တန့်နိုင်ခဲ့တဲ့ ဂွာဒီယိုလာ”

 

မန်စီးတီးနည်းပြ ဂွာဒီယိုလာဟာ သူ့နည်းပြဘ၀မှာ အဆိုးဆုံးအခြေအနေနဲ့ ရင်ဆိုင်နေရတာဖြစ်ပြီး ပြိုင်ပွဲစုံနောက်ဆုံးကစားခဲ့တဲ့ ခုနစ်ပွဲမှာ ခြောက်ပွဲရှုံးကာ တစ်ပွဲသရေကျပြီး နိုင်ပွဲပျောက်ဆုံးနေခဲ့တာပါ။

 

အိမ်ကွင်း အီတီဟတ်မှာ နော်တင်ဟမ်ဖောရက်စ်ကို သုံးဂိုး ဂိုးမရှိနဲ့ အနိုင်ယူပြီး ဖိအားတွေအောက်ကနေ ရုန်းထွက်နိုင်ခဲ့ပါတယ်။ မန်စီးတီးရဲ့ အားထားရတဲ့ကွင်းလယ်လူ ဒီဘရိုင်းဟာလည်း စက်တင်ဘာ ၁၄ ရက် နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ်မှာ ပွဲဦးထွက်ပါဝင်ခွင့်ရခဲ့ပြီး သွင်ဂိုး တစ်ဂိုးနဲ့ ဖန်တီးမှု တစ်ကြိမ် ရရှိကာ ပွဲစဉ်အလိုက် အကောင်းဆုံးကစားသမားဆုကိုလည်း ရရှိခဲ့ပါတယ်။

 

မန်စီးတီးအတွက် သွင်းဂိုးတွေကိုတော့ ဘာနာဒို၊ ဒီဘရိုင်းနဲ့ ဒိုကူတို့က သွင်းယူပေးခဲ့ကြတာဖြစ်ပါတယ်။

 

****************************************

“အမှတ်ပေးဇယား ဒုတိယနေရာကို တက်လှမ်းလာတဲ့ ချဲလ်ဆီး”

 

အီတလီလူမျိုးနည်းပြ မာရက်စ်ကာရဲ့လက်ထက်မှာ တည်ငြိမ်တဲ့ ပုံစံကောင်းတစ်ခုကို ပြသထားနိုင်ပြီဖြစ်တဲ့ ချဲလ်ဆီးအသင်းကတော့ ဆောက်သမ်တန်ကို အဝေးကွင်းမှာ တစ်ဂိုး ငါးဂိုးနဲ့ အပြတ်အသတ် အနိုင်ယူပြီး အာဆင်နယ်ထက် ဂိုးကွာခြားချက်အသာနဲ့ အမှတ်ပေးဇယား ဒုတိယနေရာကို တက်လှမ်းလာခဲ့ပါတယ်။

 

ကစားသမားအင်အား စုဖွဲ့မှု သာလွန်တဲ့ ချဲလ်ဆီးဟာ ဒီပွဲမှာ တိုက်စစ်အစွမ်းပြခဲ့ပြီး ဒီဆာဆီ၊ အန်ကွန်ကူ၊ မာဒူကီ၊ ပါမားနဲ့ ဆန်ချိုတို့လို မတူညီတဲ့ ကစားသမား ငါးဦးက တစ်ဂိုးစီ သွင်းခဲ့ကြတာပါ။ ဒီပွဲအနိုင်ကြောင့် ချဲလ်ဆီးဟာ ဇယားထိပ်က လီဗာပူးလ်နဲ့ ခုနစ်မှတ်အကွာ ဒုတိယနေရာမှာ ရပ်တည်နေခဲ့ပါတယ်။

****************************************

 

“ စိန့်ဂျိမ်းပတ်ခ်မှာ ခြေချော်ခဲ့တဲ့ လီဗာပူးလ်”

 

လီဗာပူးလ်ဟာ ဆာလားရဲ့ အထူးခြေစွမ်းပြမှုနဲ့အတူ အနိုင်ရဖို့ နီးစပ်ခဲ့ပေမဲ့ အဝေးကွင်းမှာ သရေတစ်မှတ်နဲ့ ကျေနပ်လိုက်ရပါတယ်။ အိမ်ရှင် နယူးကာဆယ်ဟာ ၃၅ မိနစ်မှာ အိုင်ဆက်ခ်ရဲ့ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမဲ့ ဒုတိယပိုင်းအစ မိနစ် ၅၀ မှာ ကာတစ်ဂျုံးစ်က လီဗာပူးလ်အတွက် ချေပဂိုးသွင်းယူပေးခဲ့ပါတယ်။

 

၆၂ မိနစ်မှာ ဂေါ်ဒွန်က နယူးကာဆယ်အတွက် ဦးဆောင်ဂိုး ထပ်မံသွင်းယူသွားခဲ့တာကြောင့် လီဗာပူးလ်တို့ နောက်ကလိုက်ကစားခဲ့ရပြန်ပြီး ဆာလားက ၆၈ မိနစ်နဲ့ ၈၃ မိနစ်မှာ နှစ် ဂိုးဆက်သွင်းယူပေးခဲ့တာကြောင့် အနိုင်ရလုနီးဖြစ်ခဲ့ပေမဲ့ မိနစ် ၉၀ အရောက်မှာတော့ ဖာဘီယန်ရှားရဲ့ ချေပဂိုးကြောင့် သရေတစ်မှတ်နဲ့ ကျေနပ်လိုက်ရပါတယ်။

 

ဒီပွဲသရေကျခဲ့လို့ လီဗာပူးလ်တို့ ခုနစ်ပွဲဆက် နိုင်ပွဲရပ်တန့်သွားခဲ့ပေမဲ့ ဇယားထိပ်ကနေ ခုနစ်မှတ်ဖြတ်ကာ ဦးဆောင်ထားနိုင်ဆဲ ဖြစ်ပါတယ်။

 

****************************************

“အမ်ဘတ်ပေ ပင်နယ်တီလွဲပြီး ရီးရဲလ်မက်ဒရစ် ရှုံးပွဲကြုံ”

 

လာလီဂါချန်ပီယံ ရီးရဲလ်မက်ဒရစ်ကတော့ ဘီလ်ဘာအိုအသင်းကို အဝေးကွင်းမှာ နှစ်ဂိုး တစ်ဂိုးနဲ့ အရေးနိမ့်သွားခဲ့ရပါတယ်။ ဗင်နီရှပ် မပါဝင်နိုင်တာကြောင့် ဂိုးရဖို့ ရုန်းကန်နေရတဲ့ ရီးရဲလ်ဟာ ၅၃ မိနစ်အရောက်မှာ ပြိုင်ဘက်ရဲ့ ဦးဆောင်ဂိုးကို ခွင့်ပြုခဲ့ရပြီး နောက်ကလိုက်ကစားခဲ့ရပါတယ်။

 

၆၇ မိနစ်မှာတော့ ရူဒီဂါကြောင့် ရရှိခဲ့တဲ့ ပင်နယ်တီကို အမ်ဘတ်ပေ ကန်သွင်းခဲ့ပေမဲ့ ပြိုင်ဘက်ဂိုးသမားက ပုတ်ထုတ်ကာကွယ်သွားခဲ့ပါတယ်။

 

ဒါဟာ အမ်ဘတ်ပေအတွက်တော့ ရက်သတ္တပတ်တစ်ခုအတွင်းမှာ ပင်နယ်တီ နှစ်လုံး လွဲခဲ့တာပါ။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၈ ရက်နေ့က လီဗာပူးလ်ကို အန်ဖီးလ်မှာ နှစ်ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့တဲ့ပွဲမှာလည်း အမ်ဘတ်ပေဟာ ပင်နယ်တီလွဲချော်ထားခဲ့ပါတယ်။

 

၇၈ မိနစ်အရောက်မှာ ဘယ်လင်ဟမ်က ချေပဂိုးသွင်းပေးနိုင်ခဲ့ပေမဲ့ နောက်ထပ် နှစ်မိနစ်အကြာမှာပဲ ဗယ်ဗာဒီရဲ့အမှားကနေ ပြိုင်ဘက်က အနိုင်ဂိုးရသွားခဲ့လို့ အဝေးကွင်းကနေ အမှတ်ဗလာနဲ့ အိမ်ပြန်ခဲ့ရပါတယ်။

 

ရီးရဲလ်မက်ဒရစ်ဟာ ပြီးခဲ့တဲ့ဘောလုံးရာသီ တစ်ရာသီလုံးမှာ လာလီဂါရှုံးပွဲ တစ်ပွဲတည်းသာရှိခဲ့ပေမဲ့ ဒီရာသီမှာတော့ ၁၅ ပွဲကစားပြီးချိန်မှာပဲ ရှုံးပွဲ နှစ်ပွဲအထိ ရှိလာခဲ့ပြီပဲဖြစ်ပါတယ်။

 

ဓာတ်ပုံ – premier league, Real Madrid