ပေါလ်ပေါ့ဂ်ဘာရဲ့ လေးနှစ်ပွဲပယ်ပြစ်ဒဏ် အယူခံအောင်မြင်ခဲ့တဲ့အတွက် ၁၈ လအထိ လျော့ကျသွားပြီး လာမယ့်နှစ် မတ်လမှာ ဘောလုံးပြန်ကစားနိုင်မယ်

Author အဂ္ဂ
Categories
Published on Oct 05, 2024

ဂျူဗင်တပ်အသင်းနဲ့ ပြင်သစ်လက်ရွေးစင် ကွင်းလယ်ကစားသမား ပေါလ် ပေါ့ဂ်ဘာရဲ့ DHEA တားမြစ်ဆေး သုံးစွဲခဲ့မှုနဲ့ ပတ်သက်ပြီး လေးနှစ်ပွဲပယ်ပြစ်ဒဏ်ချမှတ်ထားမှုဟာ အယူခံအောင်မြင်ခဲ့တာကြောင့် ၁၈ လပဲ ပွဲပယ်ပြစ်ဒဏ်ကျခံရတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

 

ယမန်နှစ်က လေးနှစ်ပွဲပယ် ပြစ်ဒဏ်ချမှတ်ခံရပြီးတဲ့နောက်မှာ ပေါ့ဂ်ဘာဟာ အားကစားခုံရုံး (Court of Arbitration for Sport – CAS) မှာ အယူခံတက်ခဲ့ပြီးနောက် ပွဲပယ်ပြစ်ဒဏ်ကာလကို ၁၈ လအထိ လျှော့ပေးခြင်းခံရတာလည်း ဖြစ်ပါတယ်။ ဒါကြောင့် သူဟာ ၂၀၂၅ ခုနှစ် မတ်လမှာ ဘောလုံးကစားခွင့် ပြန်ရမှာ ဖြစ်ပါတယ်။

 

“နောက်ဆုံးတော့ အိပ်မက်ဆိုးကြီးက ပြီးဆုံးခဲ့ပါပြီ။ အားကစားခုံရုံးရဲ့ ဆုံးဖြတ်ချက်ကြောင့် ကျွန်တော့်ရဲ့ အိပ်မက်တွေနောက် ပြန်လိုက်ခွင့်ရတော့မယ့် နေ့ရက်တွေကို မျှော်လင့်နိုင်ပါပြီ” လို့ ပေါ့ဂ်ဘာက ပြောပါတယ်။

 

ပေါ့ဂ်ဘာဟာ ၂၀၂၃/၂၄ ရာသီ ပထမဆုံးပွဲစဉ်မှာ DHEA (dehydroepiandrosterone) ဓာတ်ပါဝင်မှု တွေ့ရှိခဲ့တာကြောင့် ၂၀၂၃ ခုနှစ် စက်တင်ဘာလမှာ ယာယီပွဲပယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ DHEA ဟာ ခန္ဓာကိုယ်အတွင်း ဟော်မုန်းထုတ်လုပ်မှု တိုးမြှင့်စေတဲ့ ဓာတ်ပစ္စည်းတစ်မျိုး ဖြစ်ပါတယ်။

 

သူကတော့ “ဆရာဝန်ညွှန်ကြားတဲ့ အားဆေးတစ်မျိုးကို သောက်မိတာသာ ဖြစ်ပြီး ယောက်ျားလေးတွေရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးတဲ့ဆေး မဟုတ်ဘူး”လို့ ဆိုပါတယ်။ “ကမ္ဘာ့တားမြစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ (WADA) ရဲ့ စည်းမျဉ်းတွေကို တမင်သက်သက် ချိုးဖောက်တာ မဟုတ်ဘူး” လို့လည်း ထပ်လောင်းဖြေရှင်းခဲ့ပါတယ်။

 

“ဒါဟာ ကျွန်တော့်ဘဝမှာ စိတ်ဓာတ်ကျစရာ အရမ်းကောင်းတဲ့ ကာလတစ်ခုပါပဲ။ ကျွန်တော် ကြိုးစားထားသမျှတွေ အကုန်လုံး ရပ်တန့်သွားသလိုပါပဲ။ ဒါပေမယ့် အခုတော့ ကွင်းထဲ ပြန်ဆင်းဖို့ စိတ်အားထက်သန်နေပါပြီ” လို့ ပေါ့ဂ်ဘာက ဖြည့်စွက်ပြောကြားပါတယ်။

 

အသက် ၃၁ နှစ်အရွယ် ပေါ့ဂ်ဘာဟာ နောက်နှစ် ဇန်နဝါရီလမှာ လေ့ကျင့်ခန်းဆင်းခွင့်ရမှာဖြစ်ပြီး မတ်လမှာတော့ ပွဲထွက်ကစားခွင့်ရမှာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ သူဟာ အိမ်မှာပဲ ကိုယ်ပိုင်လေ့ကျင့်ခန်း အစီအစဉ်တွေနဲ့ ကြံ့ခိုင်မှုကို ထိန်းသိမ်းနေတယ်လို့ သိရပါတယ်။

 

ဒီသတင်းကြောင့် ပေါ့ဂ်ဘာဟာ ကစားသမားတွေ၊ နည်းပြတွေဆီက အားပေးစကားတွေ အများကြီး ရရှိနေတယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် ပေါ့ဂ်ဘာအပေါ် ချမှတ်ခဲ့တဲ့ ဒဏ်ငွေ ယူရို ၅,၀၀၀ (ပေါင် ၄,၁၇၉) ကိုလည်း ပယ်ဖျက်ပေးခဲ့ပြီး CAS က ပိတ်ပင်ကာလ လျှော့ချပေးမှုကို တနင်္လာနေ့မှာ တရားဝင်ကြေညာသွားမယ်လို့ သိရပါတယ်။

 

 

ဓာတ်ပုံ- Sky Sports

ပုံစာ – ၂၀၂၃ ခုနှစ် စက်တင်ဘာလမှာ ဂျူဗင်တပ်အသင်းအတွက် ပေါ့ဂ်ဘာ နောက်ဆုံးပွဲထွက်ကစားပေးခဲ့စဉ်

ကိုးကား – Sky Sports

#CJPlatform # # #