တောင်ကုတ်ကို တစ်ရက်အတွင်း နှစ်ကြိမ်ဗုံးကြဲ၊ အမျိုးသမီးငယ်တစ်ဦး သေဆုံးပြီး ၁၂ဦး ဒဏ်ရာရ

Author သုတ
Categories
Published on Oct 05, 2024

ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်၊ ကင်းတောင်ရွာကို စစ်ကောင်စီက အောက်တိုဘာ ၄ရက်နေ့မှာ နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အသက်(၁၅)နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦး အသက်ဆုံးပါးခဲ့ပြီး ပြည်သူ ၁၂ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံတွေထံက သိရပါတယ်။

 

ကင်းတောင်ရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာတွေနဲ့ မနက်အစောပိုင်း ၂ နာရီခန့်မှာ ဗုံးကြဲခဲ့ပြီးနောက် မွန်းလွဲ ၃ နာရီ ၄၇ မိနစ်ခန့် ကျေးရွာ မီးသတ်ရုံးအနီးကို ဒုတိယအကြိမ် ထပ်မံတိုက်ခိုက်ခဲ့တာပါ။

 

“နှစ်ကြိမ်လုံးက တစ်နေရာထဲကိုပဲ လာကြဲသွားတာ။ တိုက်ပွဲဖြစ်နေတာမျိုး မရှိဘူး။ ဘာသတင်းကြားလို့ ခုလို နှစ်ကြိမ်တောင် လာကြဲလဲ မသိပါဘူး။ ထိခိုက်သေဆုံးတာတွေကလည်း အကုန် အရပ်သားတွေပါ။ သေဆုံးတဲ့အထဲ ကလေးတွေပါတာကို မြင်ကြမှာပါ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် ကင်းတောင် စံပြကျေးရွာမှာ နေထိုင်တဲ့ မအိခိုင်ဖြိုး အသက် (၁၅)နှစ်ဟာ ဦးခေါင်းကို ကျည်စထိမှန်ပြီး သေဆုံးခဲ့ရတာပါ။ မအိခိုင်ဖြိုးရဲ့ဖခင် ဦးမောင်မြင့်ခင်(ညာဘက်ခြေထောက်)၊ ဦးသာဟန်၊ ဦးတင်ဝင်း၊ ဦးမောင်ကြီးအောင်၊ ဦးတက်ထွန်း၊ ဒေါ်သိန်းတင်၊ ဒေါ်နွယ်နွယ်(ဘယ်ခြေထောက်)၊ ဒေါ်ကြွေရုပ်(မျက်နှာဒဏ်ရာရ)၊ ဒေါ်မေကြန်၊  ဒေါ် မခင်ချိုဇင်၊ ဒေါ်စမ်းမြင့်နဲ့ မနေဇင်ထွဋ်(ညာလက် နဲ့ မျက်နှာ) တို့ ဒဏ်ရာ အသီးသီးရရှိခဲ့တယ်လို့ သိရပါတယ်။

 

“မနက်ပိုင်း တိုက်ခိုက်ခံရတာကို ရှင်းလင်းလို့မှ မပြီးသေးဘူး နေ့လယ်ဘက်ကြီး ပြန်လာကြဲတာ တော်တော်စိတ်ထိခိုက်မိတယ်။ ဘယ်သူမှမထင်ထားတော့ ပြေးချိန်လည်းမရကြဘူး။ ကလေးတွေ ၊ အမျိုးသမီးတွေဗျာ။ တစ်ရွာလုံးမှာလည်း သွေးသံတရဲရဲ။ တော်တော်စိတ်ထိခိုက်မိပါတယ်” လို့ ကင်းတောင်ကျေးရွာက ရွာလူကြီးတစ်ဦးက ပြောပါတယ်။

ဒုတိယအကြိမ် လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း သေဆုံးသူ အမျိုးသမီးငယ်ရဲ့ အဖွားဖြစ်သူ အိမ်လည်း ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ- ပေးပို့

 

ပုံစာ- စစ်ကောင်စီတပ်ရဲ့ ဒုတိယအကြိမ် ဗုံးကြဲခံရပြီးနောက် တောင်ကုတ်၊ ကင်းတောင်ရွာကို တွေ့မြင်ရစဉ်