ပလက်ဝမှာ ဆရာဝန်တစ်ဦးအပါအဝင် အရပ်သား ၁၇ ဦးကို AA ဖမ်းဆီး

Author ဆလိုင်း
Categories
Published on Oct 05, 2024

ချင်းပြည်၊ ပလက်ဝမြို့နယ်မှာ စက်တင်ဘာ နှစ်ပတ်အတွင်း ဆရာဝန်တစ်ဦးအပါအဝင် အရပ်သား ၁၇ ဦးကို အာရက္ခတပ်တော်(AA)က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဖမ်းဆီးခံရတဲ့ မိသားစုဝင်တွေဆီကနေ သိရပါတယ်။

 

အောက်ဘလိုင်ကျေးရွာမှ သုံးဦး၊ ငရှားကျေးရွာမှ ငါးဦး၊ ရေချမ်းသာကျေးရွာမှ သုံးဦး၊ ချင်းဒေါက်ရွာမှ နှစ်ဦးနဲ့ ပလက်ဝမြို့မှ ဒေါက်တာ အေးကျော်အပါအဝင် သုံးဦး စတဲ့ဖမ်းဆီးခံရသူအားလုံးဟာ ချင်းအမျိုးသားတွေဖြစ်တယ်လို့ ဆိုပါတယ်။

 

AA ရဲ့ဖမ်းဆီးခံထားရသူတွေဟာ ချင်းကာကွယ်ရေးတပ်(CDF) ၊ ချင်းအမျိုးသားများတပ်(CNA/CNF)တို့ကို ထောက်ပံ့ကူညီမှုနဲ့ AA ရဲဘော်တစ်ဦးကို ရိုက်နှက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးခံရတာဖြစ်တယ်လို့ ပလက်ဝဒေသခံတစ်ဦးက CJ Platform သို့ ပြောပါတယ်။

 

“ဖမ်းသွားတုန်းက ဘာမှပြောဆိုတာမရှိပေမဲ့ နောက်မှ ကျွန်တော်တို့ကြားတာက CDF-Paletwa၊ CNA တို့ကို ထောက်ပံ့ကူညီလို့ စွပ်စွဲချက်နဲ့ ဖမ်းတယ်လို့ ကြားရပါတယ်။ ပြီးတော့ AA ရဲဘော်တစ်ဦး မူးလဲနေတာကို ရွာသားတွေက တွေ့ပြီး ဆေးခန်းလိုက်ပို့ပေးတယ်။ အဲဒါကို AA ရဲဘော်တွေက စူးစမ်းမေးမြန်းခြင်းမရှိဘဲ ဖမ်းဆီးခေါ်သွားတယ်” လို့ ၎င်းက ပြောပါတယ်။

 

ငရှား၊ ရေချမ်းသာ၊ ချင်းဒေါက် စတဲ့ကျေးရွာတွေက အရပ်သား ဆယ်ဦးကို AA က CDF-Paletwa၊ CNA ထောက်ပံ့ကူညီမှုနဲ့ စက်တင်ဘာလ ၁၇ ရက်နေ့က ဖမ်းဆီးထားတာဖြစ်ပြီး အောက်ဘလိုင်ကျေးရွာက အရပ်သား လေးဦးကိုတော့ စက်တင်ဘာ ၂၇ ရက်နေ့မှာ AA ရဲဘော်တစ်ဦးကို ရိုက်နှက်မှု စွပ်စွဲချက်နဲ့ ဖမ်းဆီးထားတာဖြစ်တယ်လို့ သိရပါတယ်။

 

တော်လှန်ရေးကာလမှာ တော်လှန်ရေးအဖွဲ့ကို ကူညီထောက်ပံ့မှု စွပ်စွဲချက်နဲ့ ဖမ်းဆီးတာဟာ စစ်ကောင်စီ လုပ်ရပ်နဲ့ တစ်ထပ်တည်းဖြစ်နေတဲ့အတွက် AA အနေနဲ့ ပြန်လည်သုံးသပ်သင့်တယ်လို့ ချင်းအရပ်ဘက်အဖွဲ့အစည်း ကမ္ဘာလုံးဆိုင်ရာ ခူမီးအဖွဲ့အစည်း(GKO)မှ တာဝန်ရှိသူတစ်ဦးက CJ Platform သို့ ပြောပါတယ်။

 

“CDF၊ CNA ကူညီထောက်ပံ့တဲ့ စွပ်စွဲချက်နဲ့ AA က ဖမ်းဆီးတယ်ဆိုတာ လုံးဝ မလုပ်သင့်တဲ့ ကိစ္စဖြစ်တယ်။ အခုက စစ်အာဏာရှင် တော်လှန်နေတဲ့ကာလမလို့ ပြည်သူတွေအနေနဲ့ တော်လှန်ရေးမှာ လုံးဝပူးပေါင်းပါဝင်သင့်တဲ့ကိစ္စဖြစ်ပါတယ်။ ပြီးတော့ ချင်းပြည်ဟာ စစ်ကောင်စီ ကင်းစင်သွားတဲ့ ပြည်နယ် မဟုတ်သေးဘူး။ AA အနေနဲ့ တော်လှန်ရေးမှာ ပါဝင်လို့ အရပ်သားတွေ ဖမ်းဆီးတယ်ဆိုတာ တော်လှန်ရေးအတွက် နှောင့်နှေးစေတယ်။ တစ်ဖက်မှာလည်း စစ်ကောင်စီရဲ့ လုပ်ရပ်နဲ့ တစ်ပုံစံတည်းဖြစ်နေတာကြောင့် စစ်အာဏာရှင် တော်လှန်နေတဲ့ တော်လှန်ရေးအဖွဲ့အချင်းချင်း AA အနေနဲ့ ပြန်လည်သုံးသပ်သင့်တယ်” လို့ ၎င်းက ပြောပါတယ်။

 

ဖမ်းဆီးခံရသူတွေဟာ သာမန်အရပ်သားတွေဖြစ်တဲ့အတွက် အမြန်ဆုံးပြန်လွှတ်ပေးဖို့လည်း GKO က တောင်းဆိုထားပါတယ်။

 

ဒါ့အပြင် AA ရဲ့ အုပ်ချုပ်ရေးမှူးအဖွဲ့ထဲမှာ ထည့်သွင်းခံရသလို ပလက်ဝမြို့ပြည်သူ့ဆေးရုံ တာဝန်ခံအဖြစ် ခန့်အပ်ခံရတဲ့ ဒေသခံချင်းအမျိုးသား ဒေါက်တာ အေးကျော်အပါအဝင် အမျိုးသား သုံးဦးကိုလည်း စက်တင်ဘာလ ၂၉ ရက်နေ့မှာ AA က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ၎င်းနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

 

“ဒေါက်တာအေးကျော်က အရင်ကတည်းက ပလက်ဝမှာ စီးပွားရေးပြေလည်တဲ့သူပါ။ သူက မီဇိုရမ်ဘက်က ကုန်ပစ္စည်းတွေ ဝယ်ပြီး ပလက်ဝမှာ ပြန်ဖြန့်တယ်။ ရောင်းချတယ်။ စီးပွားရေးနဲ့ပတ်သက်ပြီး မသင်္ကာလို့ AA က ဖမ်းဆီးသွားတာပါ” လို့ ၎င်းက ပြောပါတယ်။

 

ဒေါက်တာ အေးကျော်ဟာ ဒေသတွင်း လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးစတဲ့ ကဏ္ဍတွေမှာ တက်ကြွစွာ ပါဝင်ကူညီတဲ့အတွက် လူသိများသူတစ်ဦးလည်းဖြစ်ပါတယ်။

 

ပလက်ဝဒေသခံတွေ ဖမ်းဆီးမှုနဲ့ ပတ်သက်လို့ AA ပြောခွင့်ရ ဦးခိုင်သုခကို ဆက်သွယ်မေးမြန်းပေမဲ့ ပြန်လည်ဖြေကြားတာမရှိသေးပါဘူး။

 

ဒီနှစ် မေလ ၁၇ ရက်နေ့ကလည်း CDF-Paletwa အဖွဲ့ကို ထောက်ပံ့ကူညီမှု စွပ်စွဲချက်ကြောင့် ဘောင်ဝီးနဲ့ ဘောင်းကူးကျေးရွာတို့က ကျောင်းဆရာနှစ်ဦးအပါအဝင် အရပ်သား ကိုးဦးကို AA က ဖမ်းဆီးပြီး တချို့ကို စက်တင်ဘာလတုန်းက ပြန်လွှတ်ပေးတယ်လို့ သိရပါတယ်။

 

ပလက်ဝမြို့နယ်ကို AA က ယခုနှစ် ဇန်နဝါရီ ၁၄ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ရရှိထားပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်

 

ပုံစာ – AA ဖမ်းဆီးထားတဲ့ ဒေါက်တာ အေးကျော်ကို တွေ့ရစဥ်