“ဒီတစ်ပတ် စက်သုံးဆီအခြေအနေ” (၂၀၂၄ ဒီဇင်ဘာ ၃၀ ရက်ကနေ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့အထိ)
“စက်သုံးဆီဈေးတွေ ဆက်ကျ”
စက်သုံးဆီဈေးနှုန်းတွေဟာ ဒီဇင်ဘာ လဆန်းပိုင်းကနေ ဇန်နဝါရီ ပထမပတ်အထိ ငါးပတ်ဆက်အပြောင်းအလဲတွေဖြစ်ပေါ်ခဲ့ပါတယ်။ နှစ်ကြိမ်တက်ပြီး သုံးကြိမ် ကျဆင်းခဲ့တာတွေ့ရပါတယ်။
ဒီတစ်ပတ်ကလည်း ပြီးခဲ့တဲ့ ဒီဇင်ဘာ နောက်ဆုံးပတ်ကလို ကျဆင်းခဲ့ပါတယ်။ ဒီတစ်ပတ်ထဲ ရိုးရိုးဒီဇယ်တစ်လီတာကို ၂၀ ကျပ်၊ အဆင့်မြင့်ဒီဇယ်တစ်လီတာကို ၃၅ ကျပ်၊ အောက်တိန်း 92 တစ်လီတာကို ၂၅ ကျပ်နဲ့ အောက်တိန်း 95 တစ်လီတာကို ၂၅ ကျပ် ကျဆင်းသွားတာကိုတွေ့ရပါတယ်။
ဒီတစ်ပတ်ထဲ စစ်ကောင်စီဗဟိုဘဏ်က ဒီဇင်ဘာနောက်ဆုံးပတ်ကလိုပဲ သွင်းကုန်လုပ်ငန်းရှင်တွေကို နိုင်ငံခြားငွေထုတ်ရောင်းပေးမယ်လို့ ကြေညာထားတာမတွေ့ရပါဘူး။
ပြည်တွင်းမှာ စက်သုံးဆီအရောင်းအဝယ်တွေ ပုံမှန်ရှိနေပြီး စက်သုံးဆီရရှိမှုအခက်အခဲမရှိဘူးလို့ ယာဉ်မောင်းတွေဆီကနေ သိရပါတယ်။
စနေနေ့ စက်သုံးဆီဈေးနှုန်းတွေကတော့ ဒီဇယ်တစ်လီတာ ၂၆၁၅ ကျပ်၊ အဆင့်မြင့်ဒီဇယ်တစ်လီတာ ၃၂၂၅ ကျပ်၊ အောက်တိန်း 92 တစ်လီတာ ၂၉၈၅ ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာ ၃၀၉၅ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။
Source – Myanmar Market Price