“ဒီတစ်ပတ် ကျပ်ငွေ အပြောင်းအလဲ” (၂၀၂၄ ဒီဇင်ဘာ ၃၀ ရက်ကနေ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့အထိ)
“အတက်အကျသိပ်မရှိတဲ့ နိုင်ငံခြားငွေဈေးများ”
နိုင်ငံခြားငွေဈေးတွေ အတက်အကျသိပ်မဖြစ်ဘဲ ငြိမ်သက်နေတာ တစ်လလောက်အထိ ကြာမြင့်ပြီဖြစ်ပါတယ်။
ပြည်တွင်းမှာအသုံးများတဲ့ အမေရိကန်ဒေါ်လာ၊ ထိုင်းဘတ်နဲ့ တရုတ်ယွမ်တွေအပါအဝင် နိုင်ငံခြားငွေဈေးနှုန်းတွေ လက်ရှိဈေးနှုန်းဝန်းကျင်နဲ့ငြိမ်သက်နေတာ ဒီဇင်ဘာလဆန်းပိုင်းကတည်းက ဖြစ်ပါတယ်။
ဒီတစ်ပတ် ဇန်နဝါရီလဆန်းပိုင်းမှာလည်း ဒီဈေးနှုန်းတွေနားမှာပဲ ဖြစ်ပေါ်နေတာတွေ့ရပါတယ်။
တစ်ပတ်လုံးအတိုင်းအတာအနေနဲ့ နှိုင်းယှဉ်မယ်ဆိုရင်တော့ အမေရိကန်တစ်ဒေါ်လာကို ၁၀ ကျပ်၊ စင်ကာပူတစ်ဒေါ်လာ ၁၅ ကျပ်၊ ထိုင်းတစ်ဘတ် တစ်ကျပ်ခန့်ကျဆင်းပေမဲ့ မလေးရှားရင်းဂစ်၊ ဂျပန်ယမ်းနဲ့ ကိုရီးယားဝမ်ဈေးတွေကတော့ မဆိုစလောက်မြင့်တက်လာတာတွေ့ရပါတယ်။
စစ်ကောင်စီဗဟိုဘဏ်ရဲ့ အွန်လိုင်းနိုင်ငံခြားငွေဈေးကွက်(FX)ကနေ ဒီနှစ် ၂၀၂၅၊ ဇန်နဝါရီ ၂ ရက်၊ ကြာသပတေးနေ့မှာ အမေရိကန်ဒေါ်လာ ၂၅ သန်း၊ တရုတ်ယွမ် ခြောက်သိန်းရှစ်သောင်းနီးပါး၊ ထိုင်းဘတ် ၂ ဒသမ ၄၅ သန်းကျော်တို့ကို ရောင်းချပေးခဲ့ပြီး ဇန်နဝါရီ ၃ ရက်၊ သောကြာနေ့မှာတော့ တရုတ်ယွမ် ငါးသိန်းကျော် ရောင်းပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
စနေနေ့ နိုင်ငံခြားငွေကြေးဈေးနှုန်းတွေကတော့ အမေရိကန်တစ်ဒေါ်လာ ၄၄၄၀ ကျပ်၊ စင်ကာပူတစ်ဒေါ်လာ ၃၂၈၅ ကျပ်၊ ထိုင်းတစ်ဘတ် ၁၂၉ ကျပ်ကျော်၊ ဂျပန်တစ်ယမ်း ၂၈ ကျပ်ကျော်၊ မလေးရှားတစ်ရင်းဂစ် ၉၉၅ ကျပ်၊ တရုတ်တစ်ယွမ် ၆၁၁ ကျပ်နဲ့ ကိုရီးယားတစ်ဝမ် ၃ ကျပ်ကျော်ဈေးရှိတယ်လို့ သိရပါတယ်။
Source – Myanmar Market Price