ဒီတစ်ပတ် ကမ္ဘာကြီး ဘာထူးလဲ? (ဒီဇင်ဘာ ၂၉ ရက်နေ့မှ ဇန်နဝါရီ ၄ ရက်အထိ)

Published on Jan 05, 2025

ဒီတစ်ပတ် (ဒီဇင်ဘာ ၂၉ ရက်နေ့မှ ဇန်နဝါရီ ၄ ရက်နေ့အထိ) အမေရိကန် တရားသူကြီးတွေက ထရမ့်ကို ပြစ်ဒဏ်ချမဲ့ သတင်းအပါအဝင် တရုတ်မှာ ကူးစက်မြန် ဗိုင်းရပ်စ်အသစ် ပေါ်နေတဲ့ သတင်းတွေဟာ ကမ္ဘာ့ထိပ်တန်းသတင်းတွေ ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် တောင်ကိုရီးယား ဆိုင်းငံ့သမ္မတ ယွန်ကို ဖမ်းဖို့ မအောင်မြင်တဲ့ သတင်း၊ ဂါဇာမှာ ကလေးငယ်တွေ အဟာရ ချို့တဲ့မှု ပြင်းပြင်းထန်ထန် ရင်ဆိုင်နေရတဲ့ သတင်းနဲ့ ဆီးရီးယား ခေါင်းဆောင်ကို ပြင်သစ်နဲ့ ဂျာမနီ နိုင်ငံခြားရေးဝန်ကြီးတွေ သွားတွေ့တဲ့ သတင်းအကြောင်းအရာတွေဟာ ဒီတစ်ပတ်အတွင်းမှာ ဟော့ဖြစ်ခဲ့ပါတယ်။ ဒီသတင်းအကြောင်းအရာတွေကို အနှစ်ချုပ်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

 

“ထရမ့်ကို ပြစ်ဒဏ်ချမယ်”

 

အမေရိကန် ရွေးကောက်ခံ သမ္မတ ထရမ့်ကို တရားသူကြီးတွေက ပြစ်ဒဏ်ချမှတ်ဖို့ ဆုံးဖြတ်လာပါတယ်။ ဒါကတော့ အပြာမယ်တစ်ဦးကို ထရမ့်က နှုတ်ပိတ်ခတွေ ပေးမှုနဲ့ ပတ်သက်ပြီး ပြစ်ဒဏ်ချမှတ်ခံရတာလို့ နိုင်ငံတကာသတင်းတွေက ဖော်ပြပါတယ်။

 

အမေရိကန်သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုဖို့ နှစ်ပတ်အလို ဇန်နဝါရီ ၁၀ ရက်နေ့မှာ ထရမ့်ကို ဒီလျှို့ဝှက်ငွေကြေးပေးမှုနဲ့ ပတ်သက်လို့  စီရင်ချက် ချသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

 

နယူးယောက်မြို့က တရားသူကြီးတွေကတော့ ဒီစီရင်ချက်ကို ထရမ့်အနေနဲ့ လူကိုယ်တိုင်ဖြစ်စေ၊ အွန်လိုင်းက ဖြစ်စေ တက်ရောက်နိုင်တယ်လို့ အသိပေးထားပါတယ်။ ဒါ့အပြင် တရားသူကြီး ဂျူအန်မာချမ်က ထရမ့်ကို ထောင်ချမှာမဟုတ်သလို ခံဝန် ဒါမှမဟုတ် ပြစ်ဒဏ်ချမှတ်မှာလည်း မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

 

ထရမ့်ရဲ့ အခု ကိစ္စဟာ အပြာမယ်ကို ဒေါ်လာ ၁၃၀,၀၀၀ ပေးချေမှုနဲ့ ပတ်သက်ပြီး စီးပွားရေး မှတ်တမ်းတွေကို အတုပြုလုပ်ခဲ့တာဖြစ်တယ်လို့ နိုင်ငံတကာသတင်းတွေက ရေးသားထားပါတယ်။  ထရမ့်ကတော့ သူ့မှာ အပြစ်မရှိကြောင်း ငြင်းဆိုထားပြီး ရွေးကောက်ပွဲကာလတွေတုန်းက သမ္မတ ဝင်ရွေးခံမယ့် သူ့ကို တိုက်ခိုက်ဖို့ ကြိုးစားတာ သပ်သပ်ဖြစ်တယ်လို့ အသိပေးထားပါတယ်။

 

“တရုတ် ဗိုင်းရပ်စ်အသစ်”

 

တရုတ်နိုင်ငံမှာ ကူးစက်မှုအလွန်မြန်တဲ့ Human Metapneumovirus (HMPV) ဗိုင်းရပ်စ် အသစ်တစ်မျိုး ပျံ့နှံ့နေတယ်လို့ နိုင်ငံတကာသတင်းဌာနတွေက ဖော်ပြနေပါတယ်။ အွန်လိုင်းမှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုဖိုင်တွေနဲ့ ပို့စ်တချို့ရဲ့ ရေးသားဖော်ပြချက်တွေအရ ဆေးရုံတွေမှာ ဒီဗိုင်းရပ်စ် ကူးစက်ခံရသူတွေ ပြည့်နှက်နေတာကို တွေ့ရပါတယ်။

 

HMPV ဗိုင်းရပ်စ်ဟာ တုပ်ကွေးနဲ့ ကိုဗစ်-၁၉ ရောဂါနဲ့ ဆင်တူတဲ့ လက္ခဏာရှိတယ်လို့လည်း ဖော်ပြကြပါတယ်။  အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ အခုပျံ့နှံ့နေတဲ့ ဗိုင်းရပ်စ်သစ်ကို စောင့်ကြည့်နေတယ်လို့ အသိပေးထားပါတယ်။

 

NDTV World သတင်းဌာနရဲ့ ဖော်ပြချက်အရ ကလေးဆေးရုံတွေမှာလည်း အဆုတ်ရောင်ရောဂါနဲ့ တခြားအဆုတ်ထိခိုက်စေတဲ့ ရောဂါဖြစ်ပွားမှုတွေ မြင့်တက်နေတယ်လို့လည်း သိရပါတယ်။

 

ထူးခြားချက်တစ်ခုက ဒီသတင်းအကြောင်းအရာနဲ့ ပတ်သက်လို့ တရုတ်ဘက်က အသေးစိတ် အတည်ပြုထားတာမျိုး မရှိသေးပါဘူး။ အရေးပေါ်ကျန်းမာရေး အခြေအနေတစ်ခုအဖြစ် ကြေညာထားတယ်လို့သာ ဆိုပါတယ်။

 

“ယွန်ကို ဖမ်းဖို့ မအောင်မြင်”

 

ဖမ်းဝရမ်းထုတ်ပြီး သမ္မတ နေအိမ်အထိသွားပြီး ယွန်ကို ဖမ်းဖို့လုပ်ခဲ့ပေမဲ့ စုံစမ်းစစ်ဆေးရေးမှူးတွေဟာ နာရီပေါင်းများစွာ ကြာပြီးနောက် လက်လျှော့လိုက်ရပါတယ်။ ဆိုင်းငံ့တောင်ကိုရီးယားသမ္မတ ယွန်ဆွတ်ယိုလ်ကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃ ရက်နေ့ မနက်အစောပိုင်းမှာ ဖမ်းဆီးဖို့ လုပ်ဆောင်ခဲ့ကြပါတယ်။

 

ဒါပေမဲ့ သမ္မတရဲ့ လုံခြုံရေးအဖွဲ့တွေနဲ့ ထိပ်တိုက်တွေ့ဆုံပြီးနောက် ထိခိုက်မှုတွေဖြစ်လာမှာ စိုးရိမ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စုံစမ်းရေးမှူးတွေဟာ ဖမ်းဆီးတဲ့ လုပ်ငန်းစဉ်ကို ရပ်တန့်လိုက်တာပါ။

 

ယွန်ကို ထောက်ခံတဲ့ တောင်ကိုရီးယားပြည်သူတွေကလည်း မတရားသဖြင့် ဖမ်းဝရမ်းထုတ်တာကို လက်မခံဘူးဆိုတဲ့ ကြွေးကြော်မှုတွေနဲ့ ဆန္ဒတွေလည်း ပြခဲ့ကြပါတယ်။

 

တစ်ဘက်မှာလည်း ဖမ်းဝရမ်းထုတ်တာကို တားမြစ်တဲ့ သမ္မတ လုံခြုံရေး အကြီးအကဲတွေနဲ့ လုံခြုံရေးရေး ဗျူရို အကြီးအကဲတွေဟာ အာဏာအလွဲသုံးစားလုပ်သူဘက်မှာ ကြံရာပါတွေအဖြစ်နဲ့ ပါဝင်ပတ်သက်နေကြတယ်လို့ ပြစ်တင်ဝေဖန်မှုတွေလည်း ရှိပါတယ်။

 

စုံစမ်းစစ်ဆေးရေး အရာရှိတွေကတော့ အဲဒီနေ့မှာ ယွန်ကို ဖမ်းဆီးရေးအတွက် တပ်ပြန်ခေါက်လိုက်ရပေမဲ့ သုံးသပ်မှုတွေ ပြန်လည်လုပ်ဆောင်ပြီး ဆုံးဖြတ်ချက်တွေ ချမှတ်သွားမယ်လို့ အသိပေးထားပါတယ်။

 

ယွန်ဟာ စုံစမ်းစစ်ဆေးမှုအတွက် ဆင့်ခေါ်မှုတွေကို ပျက်ကွက်တာ‌ကြောင့် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၁ ရက်နေ့မှာ ယွန်အတွက် ဖမ်းဝရမ်းကို အတည်ပြုလိုက်ပြီး ယွန်ကို ဖမ်းဆီးဖို့ အကောင်အထည်ဖော်ခဲ့ကြတာပါ။

 

“အဟာရချို့တဲ့မှုကို ရင်ဆိုင်နေရတဲ့ ဂါဇာက ကလေးငယ်တွေ”

 

ဂါဇာမှာ ရှိတဲ့ လူဦးရေရဲ့ ၂၂ ရာခိုင်နှုန်းဟာ စားနပ်ရိက္ခာလိုအပ်ချက်တွေနဲ့ ရင်ဆိုင်နေပြီး အငတ်ဘေးကို ဦးတည်နေပါတယ်။ ဒီလိုအခြေအနေတွေဟာ ဂါဇာက ကလေးငယ်တွေအပေါ်မှာလည်း သက်ရောက်မှုရှိပြီး လက်ရှိမှာဆိုရင် ကလေးငယ်တွေဟာ အဟာရချို့တဲ့မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

 

ဒါ့အပြင် ဂါဇာဒေသဟာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်ခဲ့မှုတွေကို ခံနေရပြီး လူသေဆုံးမှုတွေကလည်း နှစ်ရက်တာ ကာလအတွင်းမှာတင် ရာချီပြီးသေဆုံးနေပါတယ်။ အစ္စရေးနဲ့ ဟားမက်စ်တို့အကြား အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုတွေပြန်လုပ်နေသလို တစ်ဘက်မှာလည်း အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှုတွေက မရပ်တန့်ခဲ့ပါဘူး။

 

အာဟာရချို့တဲ့မှုတွေနဲ့ ပြင်းပြင်းထန်ထန် ကြုံတွေ့နေရတာကြောင့် ကလေးငယ် ၃,၅၀၀ လောက်အထိ သေဆုံးနိုင်ခြေ ရှိနေတယ်လို့ ပါလက်စတိုင်း အာဏာပိုင်တွေက သတိပေးထားပြီး စားနပ်ရိက္ခာရှားပါးနေတဲ့ ပြဿနာကို မီးမောင်းထိုး ပြောထားပါတယ်။

 

ဂါဇာမှာရှိတဲ့ မိသားစုဝင်တွေဟာ အစ္စရေးရဲ့ ပြင်းထန်တဲ့ ထိုးစစ်တွေအပြင် အခုနှစ် ဆောင်းရာသီ အအေးဒဏ်နဲ့ စားနပ်ရိက္ခာတွေ ပြတ်လပ်နေတဲ့ အခြေအနေတွေကို ဘက်စုံ ရင်ဆိုင်နေပြီး အဝတ်အထည်မရှိဘဲ အအေးဒဏ်ကို ရင်ဆိုင်နေရတာကြောင့် သေဆုံးသွားတဲ့ မွေးကင်းစ ကလေးငယ်တွေလည်း ရှိနေတယ်လို့ နိုင်ငံတကာသတင်းတွေက ဖော်ပြထားပါတယ်။

 

”ကမ္ဘာနိုင်ငံရေး ဇာတ်ခုံမှာ အသုံးတော်ခံနေတဲ့ ဆီးရီးယားခေါင်းဆောင်”

 

ပြင်သစ်နဲ့ ဂျာမနီက နိုင်ငံခြားရေး ဝန်ကြီးတွေဟာ လက်ရှိ ဆီးရီးယား ယာယီအစိုးရရဲ့ ခေါင်းဆောင် Ahmad al-Sharaa နဲ့ အခုရက်ပိုင်းလေးမှာပဲ တွေ့ဆုံခဲ့ကြပါတယ်။ အာဆတ်အစိုးကို ဖြုတ်ချနိုင်ခဲ့တဲ့ ခေါင်းဆောင် Ahmad al-Sharaa ဟာ ဆီးရီးယားနိုင်ငံ အပြောင်းအလဲကာလမှာ ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ မျက်စိကျမှုကို ခံနေရပါတယ်။

 

သူကိုယ်တိုင်ကလည်း ဆီးရီးယားနိုင်ငံရဲ့ အနာဂတ် ပြန်လည် တည်ဆောက်ရေးအတွက် လမ်းဖွင့်ပေးထားပြီး နောက်လေးနှစ်အကြာမှာ ရွေးကောက်ပွဲကျင်းပဖို့အထိတောင် ရည်ရွယ်ထားတာပါ။

 

ပြင်သစ်နဲ့ ဂျာမနီက နိုင်ငံခြားရေး ဝန်ကြီးတွေဟာ ဒမက်စကတ် မြို့တော်မှာရှိတဲ့ သမ္မတအိမ်တော်မှာ ခေါင်းဆောင် Ahmad al-Sharaa နဲ့ တွေ့ဆုံစကားပြောခဲ့ပြီး အနာဂတ် ဆီးရီးယားနိုင်ငံကို ကူညီရေးအတွက်လည်း ပြောဆိုခဲ့ကြတယ်လို့ နိုင်ငံတကာသတင်းတွေက ဖော်ပြပါတယ်။

 

ပြင်သစ်နဲ့ ဂျာမနီဟာ  ဆီးရီးယားပြည်သူတွေနဲ့အတူ မတူကွဲပြားမှုတွေကို ရပ်တည်သလို ငြိမ်းချမ်းတဲ့ အသွင်ကူးပြောင်းရေးတွေအတွက်လည်း ထောက်ခံကြောင်း ကြွေးကြော်ထားပေမဲ့ အစ္စလမ္မစ်ဖွဲ့စည်းပုံတွေအတွက်တော့ ငွေကြေးထောက်ပံ့တာတွေ လုပ်သွားမှာမဟုတ်ဘူးလို့ အသိပေးထားပါတယ်။