ဒီတစ်ပတ် ငါတို့နိုင်ငံ ဘာထူးလဲ? (၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်ကနေ ၂၀၂၅ ဇန်နဝါရီ ၄ ရက်နေ့အထိ)

Author ကိုထားဝယ်
Categories
Published on Jan 05, 2025

ဒီတစ်ပတ်အတွက် အထူးခြားဆုံးကတော့ ၂၀၂၄ ကနေ ၂၀၂၅ ခုနှစ်ဆီကို ကူးပြောင်းသွားခဲ့တာပဲ ဖြစ်ပါတယ်။ နှစ်သစ်ပထမဆုံးနေ့မှာ NUG က ပထမဆုံးအကြိမ်အဖြစ် အကျဉ်းသား/သူတွေ လွတ်ငြိမ်းခွင့်ပြုခဲ့ပါတယ်။ စစ်ကောင်စီကတော့ လွတ်လပ်ရေးနေ့မှာ အကျဉ်းသား/သူ ခြောက်ထောင်နီးပါး လွတ်ငြိမ်းခွင့်ပြုလိုက်ပါတယ်။ နောက်ပြီး စစ်ကောင်စီစိတ်ကြိုက်ရေးဆွဲထားတဲ့ ဆိုက်ဘာဥပဒေကိုလည်း အတည်ပြုလိုက်တဲ့အကြောင်းလည်းရှိနေပါတယ်။ ဒါ့အပြင် စစ်ကောင်စီကို တော်လှန်သူတွေကလွဲပြီး ကျန်သူတွေ နေရပ်ပြန်လာကြဖို့ ဖိတ်ခေါ်တာလည်း စစ်ကောင်စီက လုပ်ခဲ့ပါတယ်။ အချိန်ကိုက်ဆိုသလိုပဲ ငွေဆောင်နိုင်ငံရေးသဘောတူညီချက်ခုနစ်ချက်ထွက်ပေါ်လာတဲ့သတင်းကလည်း ဒီတစ်ပတ်ထဲ Hot ဖြစ်ခဲ့ပါတယ်။ ထုံးစံအတိုင်း စစ်ခေါင်းဆောင်အပြင် NUG ယာယီသမ္မတနဲ့ ဝန်ကြီးချုပ်တို့ကတော့ နှစ်သစ်ကူးမိန့်ခွန်းတွေ ထွက်ပြောထားတာတွေ့ရပါတယ်။ ဒီလိုသတင်းတွေနဲ့အတူ ထိပ်တန်းရောက်ခဲ့တဲ့သတင်းတွေကို အနှစ်ချုပ်ဖော်ပြထားပါတယ်။

 

အကျဉ်းသားတွေ အပြိုင်အဆိုင်လွှတ်ကျတဲ့ NUG နဲ့ စစ်ကောင်စီ”

 

၂၀၂၅ ကနဦးလွတ်ငြိမ်းခွင့်အနေနဲ့ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)နဲ့ စစ်ကောင်စီတို့က စုစုပေါင်း အကျဉ်းသား/သူ ၆၀၃၃ ဦး လွတ်ငြိမ်းခွင့်နဲ့ ပြန်လွှတ်ပေးလိုက်ပါတယ်။

 

NUG က ပထမဆုံးအနေနဲ့ နှစ်သစ်နေ့ ၂၀၂၅ ဇန်နဝါရီ ၁ ရက်နေ့မှာ သူတို့ထိန်းချုပ်နယ်မြေတွေထဲက အကျဉ်းထောင်အသီးသီးမှာ ရာဇဝတ်မှုတွေနဲ့ ဖမ်းထားတဲ့ အကျဉ်းသား၊ အကျဉ်းသူ ၁၆၉ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တာဖြစ်ပါတယ်။

 

ဒါ့အပြင် NUG က ကျန်အကျဉ်းသားတွေရဲ့ ထောင်ဒဏ် ၃ ပုံ ၁ ပုံ လျှော့ပေါ့ပြစ်ဒဏ်သက်သာခွင့်ပေးထားပါသေးတယ်။

 

စစ်ကောင်စီကတော့ ဇန်နဝါရီ ၄ ရက် စနေနေ့မှာကျရောက်ခဲ့တဲ့ ၇၇ နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အနေနဲ့ တစ်နိုင်ငံလုံးမှာရှိတဲ့ အကျဉ်းထောင်၊ အချုပ်ထောင်တွေမှာ ပြစ်ဒဏ်ကျခံနေရသူ ၅၈၆၄ ဦးကို လွတ်ငြိမ်းခွင့်ပေးလိုက်ပါတယ်။

 

ဒါ့အပြင် နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူ ၁၈၀ ကို လွတ်ငြိမ်းခွင့်နဲ့ ပြည်နှင်ဒဏ်ပေးခဲ့သလို ထောင်ဒဏ်တစ်သက်ကျခံနေရသူ ၁၄၄ ဦးကိုတော့ ‌၁၅ နှစ်ကို လျှော့ချပေးလိုက်ပါတယ်။

 

ဒါပေမဲ့ ဒီလွတ်ငြိမ်းတွေအနေနဲ့ ပြစ်မှုပြန်ကျူးလွန်ရင် လက်ကျန်နှစ်တွေနဲ့ ထပ်ပေါင်းပြစ်ဒဏ်ကျခံရမှာဖြစ်တယ်လို့ စစ်ကောင်စီဘက်က ပြောထားပါတယ်။

 

နောက်ပြီး တစ်နိုင်ငံလုံးက အကျဉ်းထောင်တွေမှာ တည်ဆဲဥပဒေတစ်ခုခုကျူးလွန်လို့ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား/သူအားလုံးကိုလည်း ပြစ်ဒဏ် ၆ ပုံ ၁ ပုံ လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့ပါတယ်။

 

ဒီအထဲ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်သူတွေ ပြစ်ဒဏ်ချခံရတာများတဲ့ ပေါက်ကွဲစေတတ်သောပစ္စည်းအက်ဥပဒေ၊ မတရားအသင်းအက်ဥပဒေ၊ လက်နက်ဥပဒေတွေ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဥပဒေ၊ အကြမ်းဖက်ဥပဒေနဲ့ အဂတိဥပဒေပုဒ်မတို့လို ပြစ်ဒဏ်တွေကိုတော့ လူသတ်မှု၊ မုဒိန်းမှု၊ မူးယစ်ဆေးဝါးအမှုတို့နဲ့ တစ်တန်းတည်းထားပြီး ပြစ်ဒဏ် ၆ ပုံ ၁ ပုံ သက်သာခွင့်မပေးထားပါဘူး။

 

ဒီနှစ် ၂၀၂၅ လွတ်လပ်ရေးနေ့လွတ်ငြိမ်းထဲ ၂၀၂၁ ကတည်းက ထောင်ဒဏ် ၁၂ နှစ်ချမှတ်ခံထားရတဲ့ NLD ရဲ့ ကချင်ပြည်၊ ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်နဲ့ ၂၀၂၂ ခုနှစ်က ထောင်ဒဏ် ၅ နှစ်ချခံထားရတဲ့ သရုပ်ဆောင် သင်ဇာဝင့်ကျော်တို့ ပါဝင်လာပါတယ်။

 

ဒါ့အပြင် စစ်ကောင်စီလွတ်ငြိမ်းထဲ နိုင်ငံရေးအကျဉ်းသား/သူ ၁၀ ရာခိုင်နှုန်းအောက် ပြန်လွတ်လာတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ရဲ့ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောပါတယ်။

 

ကနဦးအနေနဲ့ ပေါင်းတည်၊ ဒိုက်ဦး၊ ပြည်၊ မိတ္ထီလာနဲ့ မအူပင်အကျဉ်းထောင်တွေကနေ နိုင်/ကျဉ်း စုစုပေါင်း ၃၇ ဦးပြန်လွတ်ထားပြီလို့ PPNM က စနေနေ့မနက်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

 

ပြည်သူတွေကိုရစ်ဖို့ ကြိုးတစ်ချောင်းထပ်တိုးလာတဲ့ ဆိုက်ဘာဥပဒေ”  

 

၂၀၂၁ အာဏာသိမ်းပြီး ရက်ပိုင်းအတွင်းမှာပဲ စစ်ကောင်စီစိတ်ကြိုက်ရေးဆွဲထားတဲ့ ဆိုက်ဘာလုံခြုံရေးဥပဒေမူကြိမ်းဆိုပြီး စစ်ကောင်စီက ထုတ်ပြန်ခဲ့ပါတယ်။

 

လေးနှစ်နီးပါးအကြာ ဒီတစ်ပတ် ဇန်နဝါရီ ၁ ရက် ရက်စွဲနဲ့ ပြဌာန်းလိုက်ပြီဖြစ်ကြောင်း ဇန်နဝါရီ ၂ ရက်၊ ကြာသပတေးနေ့မှာ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

 

ဒီဥပဒေဟာ အကြမ်းအဆင့်ကတည်းက ဝေဖန်မှုတွေမြင့်တက်ခဲ့ပြီး ဥပဒေကြမ်းထဲကအချက်တွေ အတော်များများ ပြန်လည်ပါဝင်လာတာတွေ့ရတယ်လို့ စောင့်ကြည့်နေသူတွေက ဆိုပါတယ်။

 

ဒီဥပဒေအရ စစ်ကောင်စီခွင့်ပြုချက်မရှိဘဲ VPN ထူထောင်တာ ဒါမှမဟုတ် ဝန်ဆောင်မှုပေးရင် ထောင်ဒဏ် တစ်လကနေ ခြောက်လအထိ၊ ငွေဒဏ် ကျပ် ဆယ်သိန်းကနေ သိန်း ၁၀၀ အထိ ဒါမှမဟုတ် ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမယ့်အပြင် အမှုနဲ့ပတ်သက်တဲ့ပစ္စည်းတွေ အားလုံးသိမ်းဆည်းခံရမှာဖြစ်ပါတယ်။

 

ဒါကြောင့် ဥပဒေနဲ့ အိုင်တီပညာရှင်တွေဘက်က ပြည်တွင်းမှာနေထိုင်သူတွေအနေနဲ့ ကိုယ့်မိုလ်ဘိုင်းဖုန်းထဲ VPN ထည့်သွင်းထားမှုကို အထူးသတိပြုဖို့ လိုအပ်တယ်လို့ သတိပေးပြောကြားကြပါတယ်။

 

နောက်ပြီး Kpay, Wave Money တို့လို ပြည်တွင်းမှာလူသုံးများတဲ့ အွန်လိုင်းငွေကြေးတစ်ရပ်ရပ်ကနေ ခိုးယူတာမျိုးတွေကိုလည်း ထောင်ဒဏ်၊ ငွေဒဏ်တွေနဲ့ အရေးယူမယ်လို့ ဆိုထားပါတယ်။

 

လတ်တလောမှာတော့ Kpay အကောင့်တွေကနေ OTP Code မပို့ဘဲနဲ့ ငွေထုတ်ယူခံရမှုတွေ အများအပြားပြုလုပ်ခံနေရပါတယ်။ ဒါဟာ မိုဘိုင်းလ်ဆင်းကတ်ဝန်ဆောင်မှုပေးသူတွေကနေ တစ်ဆင့်ခံဝန်ဆောင်မှုပေးနေသူတွေရဲ့ စနစ်ကို နည်းပညာနဲ့ဖောက်ထွင်းပြီး သုံးစွဲသူတွေရဲ့ ငွေတွေကို လိမ်လည်ယူဆောင်သွားတာဖြစ်တယ်လို့ KBZpay ဘက်က ဇန်နဝါရီ ၃ ရက်၊ သောကြာနေ့က ထုတ်ပြန်ထားပါတယ်။

 

Kpay အကောင့်ကတစ်ဆင့် ငွေခိုးယူခံထားရသူ ၃၁ ဦးကို ဒီဇင်ဘာ ၃၁ ရက်နေ့ကစတင်ပြီး အစားထိုးစိုက်ထုတ်ပေးမှုတွေလုပ်ဆောင်ပေးနေတယ်လို့လည်း ဆိုထားပါသေးတယ်။

 

အခု ဆိုက်ဘာဥပဒေအရ အွန်လိုင်းကနေလောင်းကစားလုပ်မယ်ဆိုပါက ထောင်ဒဏ် ခြောက်လကနေ တစ်နှစ်အထိ၊ ကျပ်သိန်း ၅၀ ကနေ ၂၀၀ အထိ ဒါမှမဟုတ် ဒဏ်နှစ်ခုလုံးကို ချမှတ်ခံရနိုင်ပါတယ်။

 

ဒါ့အပြင် အများပြည်သူကြည့်ရှုဖို့ မသင့်လျော်တဲ့ သတင်းအချက်အလက်တွေကို အီလက်ထရောနစ်နည်းပညာနဲ့ ဖြန့်ဝေရေးသားရင် ထောင်တစ်လကနေ ခြောက်လအထိ၊ ကျပ် ဆယ်သိန်းကနေ သိန်း ၁၀၀ အထိ ဒါမှမဟုတ် ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရနိုင်ပါတယ်။

 

စစ်ကောင်စီရဲ့ ဆိုက်ဘာဥပဒေအရ ဖော်လိုဝါ တစ်သိန်းနဲ့ အထက်ရှိတဲ့ ပလက်ဖောင်းတွေအားလုံး တရားဝင်လိုင်စင်လျှောက်ထားရတော့မှာဖြစ်ပါတယ်။

 

ဒါပေမဲ့ ဒီဥပဒေကို ဥပဒေပညာရှင်တွေ၊ လေ့လာစောင့်ကြည့်သူတွေ၊ နည်းပညာရှင်တွေနဲ့ သတင်းမီဒီယာအသိုင်းအဝိုင်းကတော့ စစ်ကောင်စီလိုသလို ကြိုးစွဲမယ့်ဥပဒေလို့ဆိုသလို သတင်းအမှောင်ချဖို့သတ်သတ်ပဲလို့ ဝေဖန်ပြောဆိုနေကြပါတယ်။

 

စစ်ကောင်စီရဲ့ဆိုက်ဘာဥပဒေကြမ်းကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်နေ့ကတည်းက အရပ်ဘက်အဖွဲ့အစည်း ၁၆၀ နီးပါးက ကန့်ကွက်ရှုတ်ချကြောင်း အသီးသီးထုတ်ဖော်ပြောဆိုထားပါတယ်။

 

ငွေဆောင်နိုင်ငံရေးသဘောတူညီချက်ခုနစ်ချက်ထွက်ပေါ်”

 

လက်ရှိမြန်မာ့နိုင်ငံရေးအကျပ်အတည်းဖြေရှင်းရေးဆိုင်ရာသုံးသပ်ဆွေးနွေးပွဲ(ငွေဆောင်)လို့ ခေါင်းစဉ်တပ်ထားတဲ့ ပြည်တွင်းကနိုင်ငံရေးအင်အားစုတွေရဲ့ဆွေးနွေးပွဲကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့မှာ ကျင်းပခဲ့တာပါ။

 

သိုသိုသိပ်သိပ်လုပ်ခဲ့ကြတဲ့ အဲဒီအစည်းအဝေးဟာ မဇ္ဈိမသတင်းဌာနနဲ့ ၈၈ မျိုးဆက် နိုင်ငံရေးလေ့လာစောင့်ကြည့်သူ ကိုမြအေးတို့ရဲ့ ဒီတစ်ပတ်ဇန်နဝါရီပထမပတ်ထဲပြုလုပ်ခဲ့တဲ့ အင်တာဗျူးကနေတစ်ဆင့် လူထုအကြားကျယ်ကျယ်ပြန့်ပြန့်သတင်းထွက်ပေါ်လာခဲ့ပါတယ်။

 

နောက်ပိုင်းရက်တွေမှာတော့ အဲဒီအစည်းအဝေးရဲ့ Agenda လည်း လူမှုကွန်ရက်ပျံ့နှံ့လာခဲ့ပြီး ငွေဆောင်သဘောတူညီချက်ခုနစ်ရပ်လို့ အများခေါ်ဆိုနေကြပါတယ်။

 

ပထမဆုံးအချက်ကတော့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ထောင်ရေးဖြစ်ပါတယ်။ ဒီလိုဖြစ်လာရေး အများလက်ခံတဲ့ နိုင်ငံရေးဘုံသဘောတူညီချက်တစ်ရပ်ပေါ်ပေါက်ရေးက ဒုတိယနေရာမှာရှိနေပါတယ်။ နိုင်ငံရေးဆွေးနွေးပွဲတွေ အမြန်ဆုံးဖြစ်ပေါ်လာစေဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးဖို့၊ ရောက်တဲ့နေရာမှာ စစ်ပွဲတွေရပ်တန့်ထားဖို့ဆိုတာကို တတိယအဖြစ် ထည့်သွင်းထားပါတယ်။

 

နောက်အချက်တွေကတော့ နိုင်ငံရေးဆွေးနွေးပွဲတွေဖြစ်လာဖို့ နိုင်ငံတကာအကူအညီရရှိရေး၊ Time Frame သတ်မှတ်ထားရေး၊ အဲဒီကာလအတွင်း အသွင်ကူးပြောင်းရေးဆိုင်ရာ စီမံခန့်ခွဲမှုယန္တယားတစ်ရပ်ကို ပဋိပက္ခနဲ့သက်ဆိုင်တဲ့အစုအဖွဲ့များ(Key Stakeholders)နဲ့ဖွဲ့စည်းရေး၊ ပြန်လည်ထူထောင်ရေးနဲ့ ကုစားရေးတို့အတွက် နိုင်ငံတကာနဲ့ပူးပေါင်းဆောင်ရွက်ရေး စတဲ့ အချက်ခုနစ်ချက်ပါဝင်တာကိုတွေ့ရပါတယ်။

 

ဒီအချက်တွေအားလုံးဟာ စစ်ကောင်စီအာဘော်လို့ ဝေဖန်နေသူတွေလည်း ရှိနေပါတယ်။

 

“Ex လိုပဲ စစ်ကောင်စီနဲ့ ပြန်မပတ်သက်လို”

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း အေးချမ်းစွာဆန္ဒထုတ်ဖော်ခဲ့တဲ့ ပြည်သူတွေကို လက်နက်နဲ့အကြမ်းဖက်ခဲ့လို့ တန်ပြန်ပြီး လက်နက်ကိုင်တော်လှန်မှုပြုလုပ်နေတာ သုံးနှစ်ကျော်လွန်လာခဲ့ပြီဖြစ်ပါတယ်။

 

အဲဒီနောက်မှာလည်း စစ်မှုထမ်းဥပဒေအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ အပေါင်းအပါတွေရဲ့ အမျိုးမျိုးသော ဖိနှိပ်မှုတွေကြောင့် မခံမရပ်နိုင်တဲ့ ပြည်သူတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။

 

ဒါပေမဲ့ စစ်ကောင်စီကတော့ သူတို့စစ်အုပ်စုကို နည်းအမျိုးမျိုးနဲ့ ဆန့်ကျင်နေသူတွေမှအပ တိမ်းရှောင်နေသူတွေ သူတို့လက်အောက် ပြန်လာဖို့ ဇန်နဝါရီ ၃ ရက်၊ သောကြာနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

 

ပြန်လာသူတွေကို စစ်ကောင်စီအနေနဲ့ အထူးသက်ညှာစွာ ဖြေလျှော့ပေးမယ်လို့လည်း ပြောထားပါသေးတယ်။

 

CRPH နဲ့ NUG တို့အပါအဝင် နိုင်ငံမတည်ငြိမ်လိုသူတွေရဲ့ သွေးထိုးလှုံ့ဆော်မှု၊ ခြိမ်းခြောက်မှုတွေကြောင့် ကျောင်းသားလူငယ်တွေ၊ အစိုးရဝန်ထမ်းတွေဟာ EAO နယ်မြေတွေနဲ့ ပြည်ပနိုင်ငံတွေကို တိမ်းရှောင်နေရတာကို စစ်ကောင်စီက သိရှိထားတယ်လို့ ဆိုပါတယ်။

 

စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်ထဲ နေရပ်စွန့်ခွာသူတွေကလည်း မြန်မာနိုင်ငံသားတွေပဲမလို့ ရောက်နေတဲ့နေရာကနေ နေရပ်ပြန်လည်ဝင်ရောက်ရေး စီမံဆောင်ရွက်သွားမယ်လို့ ပြောထားပါတယ်။

 

ဒါကြောင့် စိုးရိမ်စိတ်ကြောင့် ပြည်တွင်းမှာ တိမ်းရှောင်သူတွေအနေနဲ့ နီးစပ်ရာစစ်ကောင်စီလက်အောက်ခံတွေကို ဆက်သွယ်နိုင်သလို ပြည်ပရောက်နေသူတွေအနေနဲ့ သက်ဆိုင်ရာသံရုံး၊ စစ်သံရုံး၊ ကောင်စစ်ဝန်ရုံးတွေကို ဆက်သွယ်ဝင်ရောက်နိုင်တယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

 

ဒါပေမဲ့ စစ်ကောင်စီလက်အောက်က ရုန်းထွက်လာသူတွေကတော့ Ex လို့ခေါ်ကြတဲ့ ရည်းစားဟောင်းတွေလိုပဲ စစ်ကောင်စီကို ပြန်မပတ်သက်ချင်တော့တာကို သူတို့ဖိတ်ခေါ်တဲ့သတင်းအောက်မှာ ပြောဆိုထားသူတွေရဲ့ မှတ်ချက်တွေအရ သိရပါတယ်။

 

“NUG ဝန်ကြီးဌာနတွေနဲ့ ပသုံးလုံးပြုပြင်ပြောင်းလဲတော့မယ်”

 

၂၀၂၅ နှစ်သစ်အတွက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ NUG ယာယီသမ္မတနဲ့ ဝန်ကြီးချုပ်တို့က နှစ်သစ်ကူးမိန့်ခွန်းတွေအသီးသီးပြောကြားခဲ့ကြပါတယ်။

 

အဲဒီထဲ နွေဦးတော်လှန်ရေးအတွက် အထူးခြားဆုံးအနေနဲ့ ယာယီသမ္မတ ဒူဝါလရှီးလက အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)က ဖွဲ့စည်းထားတဲ့ ဝန်ကြီးဌာနတွေ ပြန်လည်ဖွဲ့စည်းမယ်လို့ ပြောကြားလိုက်ပါတယ်။

 

လက်ရှိ NUG ဝန်ကြီးဌာနတွေကို ဦးဆောင်မယ့်သူတွေလိုအပ်နေပြီး လက်ရှိအခြေအနေထက်ပိုမိုကောင်းမွန်အောင် တာဝန်ယူဆောင်ရွက်နိုင်သူတွေရှိရင်လည်း ဖိတ်ခေါ်တယ်လို့ သူ့ရဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

 

ဝန်ကြီးဌာနအလိုက် ပြည်တွင်း/ပြည်ပမှာ ရှိနေသင့်တဲ့ခေါင်းဆောင်တွေကို ဆက်ရှိနေစေဖို့လည်း လုပ်ဆောင်နေတယ်လို့လည်း ယာယီသမ္မတ ဒူဝါလရှီးလက ဆိုပါတယ်။

 

ယာယီသမ္မတက ပြည်ပရောက် NUG ဝန်ကြီးတွေကို ပြည်သူတွေနဲ့ဝေးကွာနေလို့မရဘဲ ပြည်တွင်းပြန်ဝင်ကြဖို့ ပြောကြားထားပါသေးတယ်။

 

ဒါ့အပြင် ပြည်သူ့ကာကွယ်ရေးအတွက်ဖွဲ့စည်းထားတဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)နဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ) စတဲ့ ပ,သုံးလုံးယန္တယားကိုလည်း ပြန်လည်ပြုပြင်ပြောင်းလဲမယ်လို့ သူ့ရဲ့ နိုင်ငံတော်အခြေပြမိန့်ခွန်းမှာ ပြောကြားလိုက်ပါတယ်။

 

တော်လှန်ရေးကာလအတွင်း ဦးဆောင်မှုလိုအပ်ချက်တွေနဲ့ စနစ်၊ စရိုက်ဆိုးတွေရဲ့ ဘေးထွက်ဆိုးကျိုးကြောင့် ပြည်သူတွေအပေါ် ထိခိုက်နစ်နာစေခဲ့တာကို တွေ့ရှိခဲ့ကြောင်းနဲ့ ပသုံးလုံးယန္တရားတွေ ခိုင်မာအားကောင်းအောင် ဆက်လုပ်နေတယ်လို့ ပြောခဲ့တာပါ။

 

လက်ရှိမှာလည်း အညာဒေသတခွင်နဲ့ တနင်္သာရီဒေသတွေက ပ,သုံးလုံးအဖွဲ့တချို့ရဲ့လုပ်ရပ်တွေကြောင့် ဒေသခံတွေထိခိုက်နစ်နာမှုရှိခဲ့တဲ့အတွက် ဝေဖန်မှုတွေခံနေရပါတယ်။

 

တစ်ဖက်မှာလည်း လေးနှစ်နီးပါးကာလအတွင်း NUG ဝန်ကြီးဌာနတွေရဲ့ လုပ်ပုံကိုင်ပုံတွေကို ပြည်သူတွေက မချင့်မရဲဖြစ်နေပြီး ဝေဖန်မှုတွေ ခံနေရပါတယ်။