စစ်တပ်ပိုင် ကျောက်စွယ်ကျိုး သံမဏိစက်ရုံအတွက် မြေထပ်သိမ်းမယ်

Author CJ Platform
Categories
Published on Jul 26, 2025

မကွေးတိုင်း အောင်လံမြို့ ကျောက်စွယ်ကျိုးကျေးရွာအနီးမှာရှိတဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း MEC ပိုင် အမှတ်(၁) သံမဏိစက်ရုံ တိုးချဲ့ရေးအတွက် ပြည်သူပိုင်မြေတွေကို ထပ်မံသိမ်းဆည်းသွားမယ်လို့ စစ်ကောင်စီက အမိန့်ကြော်ငြာစာ (၅၀၄/၂၀၂၅) ကို ထုတ်ပြန်လာပါတယ်။

 

မြေသိမ်းအက်ဥပဒေပုဒ်မ ၄၊ ပုဒ်မခွဲ (၂)အရဆိုကာ အောင်လံမြို့နယ် ကွမ်းလောင်းကျေးရွာအုပ်စုက  ဦးမြဆင့်၊ ဦးလှကျန်၊ ဦးသန်းမြင့်၊ ဦးအောင်သောင်း၊ ဦးလှရှိန်၊ ဒေါ်တင်ရွှေတို့ပိုင် မြေယာတွေနဲ့ မြင်းကပိုင်ကျေးရွာအုပ်စုက ဦးလှထွန်း၊ ဦးဘိုတာ၊ ဦးတင်ဆင့်၊ ဦးကျော်မြ၊ ဦးမြသန်း၊ဦးမြင့်ရွှေတို့ပိုင် မြေဧက ၉ဒသမ၉၆ ဧကကို စစ်ကောင်စီက ထပ်မံသိမ်းယူဖို့ ပြင်ဆင်နေတာပဲ ဖြစ်ပါတယ်။

 

စစ်ကောင်စီလက်အောက်ခံ အောင်လံခရိုင်အုပ်ချုပ်ရေးမှူးက ပြည်သူတွေပိုင် မြေကိုသိမ်းဆည်းပြီးနောက်မှာ ကာကွယ်ရေးဝန်ကြီးဌာနဆီကို လွှဲပြောင်းပေးရမယ်လို့ စစ်ကောင်စီရဲ့ အမိန့်ကြော်ငြာစာအရ သိရပါတယ်။

 

အမှတ်(၁) သံမဏိစက်ရုံ (ကျောက်စွယ်ကျိုး)ကို ၁၉၉၇ခုနှစ်မှာ စတင်တည်ဆောက်ခဲ့ပြီး အဲဒီအချိန်က စက်ရုံမြေနေရာနဲ့ ကားလမ်း၊ မီးရထားလမ်းဖောက်လုပ်ရေးအတွက် ပြည်သူတွေရဲ့ မြေယာတွေကို လျော်ကြေးမပေးဘဲ သိမ်းဆည်းခဲ့ဖူးပါတယ်။

 

မြေသိမ်းခံရမှုအတွက် ဦးသိန်းစိန်အစိုးရလက်ထက်မှာ ဒေသခံတွေက လျော်ကြေးရရှိရေး တိုင်ကြားခဲ့မှုတွေရှိခဲ့ပြီး၊ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်မှာ ဒေသခံတွေ လျော်ကြေးအချို့ရရှိခဲ့ပါတယ်။

 

စစ်အာဏာသိမ်းပြီးနောက် ၂၀၂၂ခုနှစ်မှာ ကျောက်စွယ်ကျိုး သံမဏိစက်ရုံတိုးချဲ့ရေးအတွက် စစ်ကောင်စီက ပြည်သူပိုင်မြေ ၇၈ဒသမ၇၄ဧကကို ထပ်မံသိမ်းဆည်းခဲ့ဖူးပါတယ်။

 

 

Related News

Depend on news