လားရှိုးအဆုံးအဖြတ်နဲ့ တရုတ်ဖိအား

တိုင်းရင်းသားလက်နက်ကိုင်သုံးဖွဲ့ဖြစ်တဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် – MNDAA၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် – TNLA နဲ့ အာရက္ခတပ်တော် AA တို့ မဟာမိတ် ညီနောင်သုံးဖွဲ့ဟာ နွေဦးတော်လှန်ရေး ၂ နှစ်ကျော်ကာလ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့မှာ 1027 Operation လို့ နာမည်ကြီးတဲ့ ၁၀၂၇ စစ်ဆင်ရေးကို စတင်ခဲ့ကြပါတယ်။
အဲဒီစစ်ဆင်ရေးစတင်ချိန်မှာ ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ တော်လှန်ရေးတပ်တွေက ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်၊ ကျောက်မဲ၊ မူဆယ်၊ နမ့်ခမ်း၊ နောင်ချို၊ လားရှိးနဲ့ ချင်းရွှေဟော်မြို့တွေက စစ်ကောင်စီတပ်စခန်းတွေကို တပြိုက်နက်တည်း တိုက်ခိုက်ခဲ့ရာ စစ်ရေးအရ အကောင်းဆုံး ခြိမ်းခြောက်နိုင်ခဲ့ပြီး နိုင်ငံတဝှမ်းက စစ်ကောင်စီတပ်စခန်းတွေကို အိပ်မက်ဆိုးတွေ မက်စေခဲ့ပါတယ်။
အောင်မြင်မှုအလီလီရခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးစတင်ပြီး ရက်သတ္တပတ် နှစ်ပတ်ကျော် အကြာမှာပဲ ၁၀၂၇ စစ်ဆင်ရေးကို အားပေးတဲ့အနေဖြင့် ကရင်နီပြည်အတွင်းက တော်လှန်ရေးတပ်ပေါင်းစုတွေက ၁၁၀၇ စစ်ဆင်ရေးနဲ့ ၁၁၁၁ စစ်ဆင်ရေးတို့ကို ဆက်လက်ဆင်နွှဲခဲ့ကြပြီး မြို ၄ မြိုနဲ့ စခန်းပေါင်းများစွာကို ရရှိခဲ့ပါတယ်။
၁၀၂၇စစ်ဆင်ရေး ရက်ပေါင်း ၇၀ ကျော်အကြာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နဲ့ ၁၁ ရက်တို့မှာ တရုတ်အစိုးရရဲ့ ကြားဝင်မှုနဲ့ စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိင်းရေးကော်မတီ (NSPNC) နဲ့ ညီနောင်သုံးဖွဲ့တို့ဟာ တရုတ်နိုင်ငံမှာ တတိယအကြိမ် ဆွေးနွေးခဲ့ကြပြီး ဟိုင်ဂင်သဘောတူညီချက်ဆိုကာ (Haigeng Agreement ) ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၁ ရက် ည၉ နာရီ က စတင်ကာပြီး နှစ်ဖက်တပ်တွေ အပစ်အခတ် ချက်ချင်းရပ်စဲဖို့ သဘောတူညီခဲ့ကြပါတယ်။
တရုတ်အစိုးရဖိအား ၉၀ရာခိုင်နှုန်းပါဝင်နေတဲ့ ဟိုဂင်သဘောတူညီချက်ဟာ အနည်းဆုံး ၁၇ မြို့ကို (ရခိုင်ဒေသနှင့် အောက်တိုဘာ ၂၇ မတိုင်ခင် သိမ်းပိုက်ထားသောမြိုများနဲ့ UWSA ‘ဝ’ကိုလွှဲပြောင်းပေးခဲ့သော ၂ မြိုမပါဝင်) သိမ်းပိုက်နိုင်ခဲ့ပြီး တခန်းရပ်သွားရပြန်ပါတယ်။
စစ်ကောင်စီဟာ တရုတ်နိုင်ငံနဲ့ အကျိုးစီးပွားအတွက်သာ ဟိုဂင်သဘောတူညီချက်အရ အပစ်အခတ် ရပ်စဲလိုက်ရပေမဲ့ အမှန်တကယ် အပစ်ရပ်လိုသော ဆန္ဒမရှိကြောင်း ပြသနေသော ပြယုပ်တခုဖြစ်တဲ့ လေကြောင်းတိုက်ခိုက်မှုကို အပစ်အခတ် ရပ်ထားစဉ်အတွင်း ယခင်ထပ် ပိုမိုကျူးလွန်လာခဲ့ပါတယ်။
ငြိမ်းချမ်းရေးကို လိုလားဟန်မတူသော စစ်ကောင်စီတပ်ဟာ အပစ်အခတ်ရပ်စဲရေး တွင်တွင်ဖိတ်ခေါ်ခဲ့ပေမဲ့ လေကြောင်းတိုက်ခိုက်မှုကို လုံးဝမရပ်တန့်ခဲ့တာကြောင့် ရဟန်းရှင်လူပြည်သူအပေါင်း အနည်းဆုံး ၁၀၀ ကျော်(၁၀၂၇ စစ်ဆင်ရေးပထမပိုင်းအတွင်း) သေဆုံးခဲ့ရပြီး အပစ်အခတ်ရပ်စဲပြီး ၅ လကျော်အကြာ ၂၀၂၄ ဇွန်လ ၂၅ ရက်နေ့မှာတော့ ညီနောင်မဟာမိတ်သုံးဖွဲ့ထဲက တအာင်းတပ် TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြိုနဲ့ နောင်ချိုမြို့တို့ကို စစ်ကောင်စီက ထိုးစစ်စတင်ခဲ့တာကြောင့် အိပ်နေသောကျား နိုးထလာသကဲ့သို ၁၀၂၇ စစ်ဆင်ရေးအဆက် (၁၀၂၇ ဒုတိယလှိုင်း)ဟာ ထပ်မံအသက်ဝင် လာပါခဲ့ပါတော့တယ်။
၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းမှာတော့ တကျော့ပြန်ထိုးစစ်လှိုင်းတွေနဲ့အတူ ဒုတိယလှိုင်းစတင်ပြီး တစ်လကျော်အကြာ ၂၀၂၄ ခုနှစ် သြဂုတ် ၃ ရက်မှာတော့ စစ်ကောင်စီတပ်ရဲ့ လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် – ရမခနဲ့ မြို့၅ မြို့ကို ညီနောင်မဟာမိတ်သုံးဖွဲ့က သိမ်းပိုက်လိုက်ပြီး နွေဉီးတော်လှန်ရေးကာလအတွင်း စစ်ကောင်စီရဲ့ ပထမဦးဆုံး တိုင်းစစ်ဌာနချုပ်အဆင့် ကျရှုံးမှုကို ညီနောင်သုံးဖွဲနဲ့ တော်လှန်ရေးတပ်တွေက ပြသပေးလိုက်ပါတယ်။
လားရှိုးမြို့ကို သိမ်းပိုက်ရရှိစဉ် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဟောင်း ဗိုလ်ချုပ်စိုးတင့်၊အမှတ် (၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးချုပ်မျိုးမင်းထွေးနဲ့ တိုင်းဦးစီးမှူး ဗိုလ်မှူးချုပ်သန့်ထင်စိုးတို့ကို သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့ပြီး ဒီအောင်မြင်မှုဟာ ၁၉၄၉ ခုနှစ် မေမြို့(ပြင်ဦးလွင်) အခြေစိုက် ယခင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) က တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားပြီး (၇၅) နှစ်တာ ကာလအတွင်း စစ်ကောင်စီတပ်ရဲ့ ပထမဦးဆုံးကျရှုံးရတဲ့ တိုင်းစစ်ဌာနချုပ်တစ်ခု အဖြစ် မှတ်တမ်း ဝင်ခဲ့ပါတော့တယ်။
စစ်ကောင်စီဟာ ရမခတိုင်းစစ်ဌာနချုပ်ကို ပြန်လည်တိုက်ယူဖို့ စစ်တိုင်းမှူးသုံးဦးအထိ ပြောင်းလဲကာ စုဖွဲ့မှုတွေပြုလုပ်ခဲ့ပြီး တော်လှန်ရေးတပ်တွေရဲ့ ထိုးစစ်ကို မကျော်လွန်နိုင်တာကြောင့် လားရှိုးမြို့ကို တရုတ်အကူအညီနဲ့ ထိန်းချုပ်နိုင်ရေး ကြိုတင်ကြံစည်ခဲ့ကြောင်း အထောက်အထားတစ်ခုကတော့ ၂၀၂၄ ဒီဇင်ဘာလထဲမှာ လားရှိုးကို ပြန်တိုက်ဖို့စုဖွဲထားတဲ့ တန့်ယန်း ၊မန်ကတ်၊ မိုင်းဆတ် တကြောက စစ်ကောင်စီအရာရှိစစ်သည် အင်အား ၂၀၀၀ ကျော်ခန့်ကို Mi 35,MiATR တွေနဲ့ အခြားစစ်မျက်နှာတွေကို စစ်အင်အားခွဲပို့တာတွေ ပြုလုပ်ခဲ့တာပါ။
အဲဒီ အခြေအနေတွေနောက်မှာ အိမ်နီချင်းတရုတ်နိုင်ငံက နယ်စည်ကုန်စည်စီးဆင်းရာ ဂိတ်တွေကို ပိတ်ချခဲ့တာကြောင့် ကွတ်ခိုင်၊ တန့်ယန်း၊ နောင်ချိုနဲ့ ရှမ်းမြောက်တကြောမှာ ကုန်ပစ္စည်း ပြတ်လပ်မှုတွေ ရင်ဆိုင်ခဲ့ကြရပါတယ်။
ရှုံးပွဲအလီလီနဲ့ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီတပ်ဟာ ရမခ ကျဆုံးမှုကြောင့် နိုင်ငံတကာအလယ် စစ်ရှုံးခေါင်းဆောင်အဖြစ် အရှက်ရခဲ့ပြီး တရုတ်ဘက်ကလဲ ကုန်စည်စီးဆင်းနိုင်ရေးကြောင့် ကိုးကန့်တပ်ကို အပစ်အခတ်ရပ်စဲရေး ထပ်မံဖိအားပေးခဲ့ပါတယ်။
လားရှိုးမြို့ သိမ်းပိုက်ပြီး ၅လခန့် အကြာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ တတိယအပတ်ထဲမှာ ကိုးကန့်ခေါင်းဆောင်တွေနဲ့ စစ်ကောင်စီ ကိုယ်စားလှယ်တို့ဟာ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့မှာ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ချုပ်ဆိုခဲ့ပြီး ဇန်နဝါရီလ ၁၈ ရက်နေ့မှာ စတင် အသက်ဝင်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။
သမိုင်းဝင်အောင်ပွဲရ တိုင်းစစ်ဌာနချုပ်အောင်ပွဲ တည်ရှိရာ လားရှိုးမြို့ကိုတော့ ကိုးကန့်တပ် MNDAA က အထူးဒေသ (၁) အဖြစ် အုပ်ချုပ်လည်ပတ်ခဲ့ပြီး ကျန်းမာရေးနဲ့ ပြည်သူ့ရေးရာကဏ္ဍတွေ လည်ပတ်နိုင်ရေး လားရှိးထောင်က နိုင်ငံရေးအကျဉ်းသားတွေ CDM ဝန်ထမ်းတွေကို စုစည်းကာ လားရှိုးမြို့ ပြန်လည်ထူထောင်ရေးအဖွဲ့ကို ဖွဲ့စည်းလိုက်ပါတယ်။
အဲ့အချိန်က အခြေအနေကို လားရှိုးမြို့ပြန်လည်ထူထောင်ရေး တာဝန်ရှိသူက”အပစ်အခတ်ပဲရပ်တာပါ၊ ပြန်လည်ဆုတ်ခွာမှာ မဟုတ်ပါဘူး”လို့ ငြင်းဆိုခဲ့ဖူးပါတယ်။
လားရှိုးမြို့ ပြန်လည်ထူထောင်ရေးကို ၇၅ ရာခိုင်နှုန်းခန့် ပြီးစီးသည်အထိ MNDAA နဲ့ ထူထောင်ရေးအဖွဲ့က ဆောင်ရွက်ခဲ့ပြီး ဒုတိယအကြိမ် အပစ်အခတ်ရပ်စဲပြီး ၁၀ ရက်ခန့်အကြာ ၂၀၂၅ ဇန်နဝါရီလ ၃၀ ရက်နေ့မှာတော့ ”လားရှိုးမြို့မှ MNDAA တပ်များ ပြန်လည်ဆုတ်ခွာရမည်”လို့ MNDAA ဝတ်စုံဝတ်ဆင်ထားသော ပုဂ္ဂိုလ်တစ်ဦးဟာ စင်မြင့်တစ်ခုပေါ်ကနေ တရုတ်ဘာသာစကားနဲ့ ပြောကြားနေတဲ့ဗွီဒီယိုဟာ ပျံ့နှံလာခဲ့ပြီး ဒေသခံတွေနဲ့ တော်လှန်ရေးတပ်တွေအပေါ် ရိုက်ခတ်လာပါတော့တယ်။
ဒုတိယအကြိမ် အပစ်အခတ်ရပ်စဲကြောင်း ကြေညာပြီး ၂ လကျော်အထိ စစ်ကောင်စီရောMNDAA တို့ကပါ တပ်ဆုတ်ခွာမည့်ကိစ္စကို နှုတ်ဆိတ်နေခဲ့ကြပြီး ဧပြီလ ပထမရက်သတ္တပတ်အထဲမှာတော့ MNDAA တပ်တွေ လားရှိုးမြို့ပေါ်ကနေ ဆုတ်ခွာမယ်လို့ လားရှိုးမြို့ ပြန်လည်ထူထောင်ရေး အဖွဲတာဝန်ခံက ပြောဆိုလာပြန်ပါတယ်။
ဧပြီလ ၁၈ ရက်နေ့မှာ မိုင်းရယ်၊နမ့်ပေါင်ဘက်က စစ်ကောင်စီရဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ လားရှိုးမြို့ထဲ စတင်ဝင်ရောက်လာခဲ့ပြီး ဆင်နှစ်ကောင်ဟိုတယ်မှာ တည်းခိုကြရာ ကိုးကန့်ရဲတပ်ဖွဲတွေက လုံခြုံရေးယူပေးခဲ့ရပါတယ်။
အဲဒီရက်မတိုင်ခင်ရက်ပိုင်းမှာပဲ လားရှိုးမြို့ ပြန်လည်ထူထောင်ရေးအဖွဲဝင်တွေနဲ့ MNDAA တပ်ဖွဲဝင်တွေဟာ လားရှိုးမြို့ပေါ်မှာ တပ်ခေါက်ခဲ့ကြပြီး မန်ဟန်၊ နောင်လှိုင် အထွက်အထိ ဆုတ်ခွာခဲ့ကြပါတယ်။
MNDAA စစ်ဘေးသတင်းရင်းမြစ်ရဲ့ အတည်ပြုချက်အရ လားရှိးမြိုပေါ် ၁၂ ရပ်ကွက်ကို စစ်ကောင်စီတပ်မှ ပြန်လည်ထိန်းချုပ်မှာ ဖြစ်ကြောင်း သိရပါတယ်။
ဧပြီ ၂၁ ရက်မှာတော့ လားရှိုးမြို့က စစ်ကောင်စီ ဌာနဆိုင်ရာ ဝန်ထမ်းများ တည်းခိုရာ ဆင်နှစ်ကောင်ဟိုတယ်မှာ တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီကျွင်း၊ ကိုးကန့်တပ်ဖွဲ့ ပြင်ပဆက်ဆံရေးဌာနက တာဝန်ရှိသူတွေနဲ့ စစ်ကောင်စီကိုယ်စားလှယ်တွေ ဆွေးနွေးခဲ့ကြပြီးနောက် လားရှိုးမြို့တဝှမ်းက ကိုးကန့်တပ်အလံကို ဖြုတ်ချခဲ့ကြကာ ညီနောင်သုံးဖော်နဲ့ တော်လှန်ရေးတပ်တွေ အသက်သွေးချွေးများစွာ ပေးဆပ်ပြီး သိမ်းပိုက်ခဲ့ရတဲ့ သမိုင်းဝင်အောင်ပွဲရဒေသဟာ ကျည်ဆန်တစ်ချက်ပေါက်ခြင်းမရှိပဲ စစ်ကောင်စီတပ်ဘက်က ပြန်လည် ရရှိခဲ့သွားခဲ့ပါတယ်။
စစ်ကောင်စီတပ်တွေ လားရှိုးမြို့ကို ဝင်ရောက်လာချိန်မှာ UWSA ဝ တပ်က လုံခြုံရေးယူပေးခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်တွေက ပြောဆိုခဲ့ပေမဲ့ ‘ဝ’ဘက်ကတော့ ဒါကို ငြင်းဆန်ထားပါတယ်။
လားရှိုးမြို့ပေါ်မှာ စစ်ကောင်စီတပ်တွေက နေရာယူထားပေမဲ့ မြို့ပတ်လည်မှာ MNDAA တပ်တွေရှိနေတဲ့အတွက် နယ်မြေအငြင်းပွားမှုများရှိလာရင်တော့ တရုတ်စောင့်ကြည့်ရေးအဖွဲတွေနဲ့ အင်အားကြီး ‘ဝ’ တပ်တွေက ဝင်ပါလာနိုင်ဖွယ် ရှိနေပါတယ်။
မကြာသေးခင်အချိန်ကမှ အပစ်ရပ်စောင့်ကြည့်ရေးအဖွဲကို လားရှိုးမြို့ကို စေလွှတ်ခဲ့ပြီး စစ်ကောင်စီတပ်နဲ့ MNDAA အကြား အပစ်အခတ်ရပ်စဲရေးကို ကြီးကြပ်နေကာ လားရှိုးမြို့ လွှဲပြောင်းပေးအပ်ခြင်းကို ကြည့်ရှုနေကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဆိုထားပါတယ်။
တရုတ်နိုင်ငံဟာ တရားဝင် နယ်စပ်ဖြတ်ကျော် ကုန်သွယ်တာကို အသိမှတ်ပြုပေးနိုင်တဲ့ စစ်ကောင်စီရဲ့ အခန်းကဏ္ဍကို ပြန်လည် အသက်သွင်းလိုက်ပြီး တိုင်းရင်းသားလက်နက်တပ်ဖွဲ့တွေနဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ နိုင်ငံချင်း ကူးလူးဆက်သွယ်မှု တရားဝင်ခြင်းကို မီးမောင်းထိုးပြလိုက်တာပဲ ဖြစ်ပါတယ်။
စစ်ကောင်စီခေါင်းဆောင်အနေနဲ့ နယ်မြေချဲ့ထွင်ခြင်းကို ထပ်မံကြိုးစားခြင်းမပြုတော့ပဲ တရုတ်အစိုးရ အားကိုးနဲ့ မူဆယ်-မန္တလေး ကုန်သွယ်ရေးလမ်းကို ပြန်လည်ဖွင့်လှစ်နိုင်ဖွယ်ရှိနေတယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။
စစ်ကောင်စီတပ်ဖွဲတွေ လားရှိုးမြို့ ပြန်ရရေးအတွက် တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီကျွင်းကိုယ်တိုင် ပါဝင်ဆောင်ရွက်နေပေမဲ့ တရုတ်နိုင်ငံအနေနဲ့ မြန်မာ့အရေးမှာ ဝင်ရောက်စွတ်ဖက်မှု မရှိကြောင်း အဓိပ္ပါယ်သက်ရောက်တဲ့ စကားလုံးကို တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားထားပါတယ်။
အတည်မပြုနိုင်သေးတဲ့ သတင်းစကားတွေအရ စစ်ကောင်စီတပ်တွေနဲ့ MNDAA တပ်တွေ ဆင်နှစ်ကောင်ဟိုတယ်မှာ ဆွေးနွေးမှုပြုလုပ်စဉ် စစ်ကောင်စီဘက်က သိန္ဒီမြိုကို ထပ်မံတောင်းခံခဲ့ပြီး ကျောက်မဲမြို့က TNLA ဆုတ်ခွာရေး ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
စစ်ဒဏ်အပြင်းအထန်သင့်ခဲ့ရတဲ့ လားရှိုးမြိုခံတွေကတော့ လွတ်လပ်မှုကို ၈ လကျော်ကြာ လေကြောင်းတိုက်ခိုက်မှုတွေကြားကနေ ခံစားခဲ့ရပြီး နောက်မှာတော့ စစ်အုပ်ချုပ်ရေးအောက် ပြန်လည်ရောက်ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။
နွေဦးတော်လှန်ရေးအရွေ့နဲ့ အပြိုင်အဆိုင် ပေါ်ပေါက်လာနေတဲ့ နိုင်ငံရေး အစုအဖွဲ့တွေကြားမှာတော့ လားရှိုးမြို့ လက်လွှတ်လိုက်ရခြင်းက တရုတ်ရဲ့ အရေးပါမှုကို မီးမောင်းထိုးပြသလို ဖြစ်နေပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ ၊ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ကိုနေဘုန်းလတ်ကတော့ “စစ်အာဏာရှင်ဆန့်ကျင်ရေး တိုက်ပွဲကာလတွေက တိုင်းရင်းသားလက်နက်ကိုင်တွေ ထုတ်ပြန်ချက်တွေက အာဏာရှင်စနစ် အမြစ်ပြတ်ရေးကို ရည်မှန်းထားတာမို့ ဆက်သွားနေမယ်ဆိုတာ ယုံကြည်ပါတယ်။ အဲ့တာကြောင့်မို့ တော်လှန်ရေးဘက်ကို အများကြီး သက်ရောက်မယ်တော့မထင်ဘူး။ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေ အကုန်လုံးက အာဏာရှင်စနစ်ကို မြန်မာ့မြေပေါ်က ပျောက်သွားအောင် ကြိုးစားနေကြတာမို့ပါ”လို့ လာရှိုးမြို့ စစ်ကောင်စီလက်အောက် ပြန်ရောက်မှုအပေါ်ကို သုံးသပ်ပါတယ်။
စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက်မှာ တရုတ်နိုင်ငံနဲ့ ရုရှားနိုင်ငံကို မဟာမိတ်အဖြစ် ရရှိရေး ပေးဆပ် ဆက်ဆံခဲ့ပြီးတော့ အားကိုးရယူထားခဲ့ပေမဲ့။ တော်လှန်ရေးအစိုးရပိုင်းကတော့ ထောက်ခံသူ မဟာမိတ်နိုင်ငံတွေ ထုတ်ပြနိုင်လာတာ နည်းပါးနေခဲ့ပါတယ်။ ဒါ့အပြင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ စုစည်းမှုရှိတဲ့ မဟာမိတ်အင်အားကိုလည်း မပြနိုင်သေးပါဘူး။
ကျည်တစ်ချက် မဖောက်ရဘဲ တရုတ်ဖိအားနဲ့ လားရှိုးမြို့ကို စစ်ကောင်စီလက်ဝယ် ပြန်လည်အပ်နှံရခြင်းဟာ တရုတ်အစိုးရဲ့ မြန်မာနိုင်ငံရေးပေါ် အုပ်စိုးထားနိုင်မှုဟာ သိသာထင်ရှားခဲ့ပါတယ်။ လားရှိုးမြို့တိုက်ပွဲအတွင်းမှာ ကျဆုံးခဲ့ရတဲ့ နွေဦးသူရဲကောင်းတွေကတော့ ဒီအပေါ်မှာ နှစ်သိမ့်နိုင်လိမ့်မယ်လို့ မထင်ပါဘူး။