အာဂျင်တီးနားသူကို ဒိုင်အဆုံးအဖြတ်နဲ့ အနိုင်ရခဲ့တဲ့ ဘရော်နီကာ

Author မောင်ရှမ်း
Categories
Published on Aug 04, 2024

ဒီနေ့ညနေ မြန်မာစံတော်ချိန် ၅ နာရီခွဲမှာ ယှဉ်ပြိုင်ထိုးသတ်ခဲ့တဲ့ Thai Fight 54 Kg တန်း မွေထိုင်းလက်ဝှေ့ပွဲစဉ်မှာ ကယန်းတိုင်းရင်းသူ ဘရော်နီကာက အာဂျင်တီးနားသူ ဖလော်ရန်ဆီယာကို အမှတ်ပေးဒိုင်တွေရဲ့ အဆုံးအဖြတ်နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

 

ဘရော်နီကာထက် အရပ်ပိုမြင့်တဲ့ အာဂျင်တီးနားသူဟာ ပထမအချီကတည်းက ဘယ်ညာလက်သီးတွဲလုံးတွေနဲ့ ဖွင့်ထိုးခဲ့ပြီး ဘရော်နီကာကို ညာတံတောင်ရိုက်ချထိအောင် လုပ်ပြနိုင်ခဲ့ပါတယ်။ ဘရော်နီကာကလည်း လျင်မြန်တဲ့လက်သီးချက်တွေနဲ့ ပြိုင်ဘက်ကို ဖိအားပေးခဲ့ပြီး ပထမအချီအပြီးမှာတော့ အာဂျင်တီးနားသူဟာ မျက်လုံးထိခိုက်သွားခဲ့တာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။

ဒုတိယအချီမှာတော့ သူတင်ကိုယ်တင် အနေအထားကို မြင်တွေ့ခဲ့ရပြီး ဘရော်နီကာရဲ့ တွဲလုံးတွေကြောင့် ပြိုင်ဘက်ဟာ ကြိုးဝိုင်းထောင့်ထိကပ်သွားတဲ့အထိဖြစ်စေခဲ့ပါတယ်။ ဒုတိယအချီပြီးဆုံးခါနီးမှာတော့ အာဂျင်တီးနားသူရဲ့ ကန်ချက်တစ်ကြိမ်ဟာ ဘရော်နီကာကို လဲကျစေခဲ့ပါတယ်။ တတိယအချီမှာတော့ ဘရော်နီကာဟာ အသာစီးကနေ ပွဲကိုထိန်းကစားသွားခဲ့ပြီး ပွဲချိန်ပြည့်သွားချိန်မှာတော့ အမှတ်ပေးဒိုင်တွေရဲ့ အဆုံးအဖြတ်နဲ့ အောင်ပွဲခံနိုင်ခဲ့ပါတယ်။

 

ဘရော်နီကာဟာ ၂၀၂၂ အကုန်ပိုင်းမှာ ထိုင်း မွေထိုင်းလောကရဲ့ နာမည်ကြီးတဲ့ Thai Fight ဆီကို ရောက်လာခဲ့တာဖြစ်ပြီး စာချုပ်သက်တမ်းလည်းကုန်ဆုံးတော့မှာဖြစ်လို့ ဒီထက်အဆင့်ပိုမြင့်တဲ့ ကိုယ်ခံပညာသိုင်းပေါင်းစုံ MMA ပြိုင်ပွဲဆီ တက်လှမ်းနိုင်ဖို့အတွက် အားဖြစ်စေခဲ့တဲ့ နိုင်ပွဲလို့လည်း ဆိုရမှာဖြစ်ပါတယ်။

 

ဓာတ်ပုံ – ThaiFight

 

နီကာ